Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၉.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မန်မိုဟန်ဆင်း၏ခရီးစဉ်အပေါ်မုဒိတာပွားပါသည်ဟု တရုတ်တို့ကပြော

(The Times of India မှ 28 May 2012 ရက်စွဲပါ “We are happy about Manmohan Singh’s Myanmar visit: China” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ အာရုံကြမှုများ

( 28 May 2012 ရက်စွဲပါ Bangkok Post တွင်ပါရှိသော Myanmar reaches out ကိုဘာသာပြန်ပါသည်)

  1. အိန္ဒိယ Ta Ta Motors နှင့် မြန်မာ AGI ဖြန့်ချီရေးစာချုပ် လက်မှတ်ထိုး

(The Hindu News မှ 29 May 2012  ရက်စွဲပါ Ta Ta Motors inks pack with AGI, Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

       ******************************

ဘာသာပြန်သတင်းများ

မန်မိုဟန်ဆင်း၏ခရီးစဉ်အပေါ်မုဒိတာပွားပါသည်ဟုတရုတ်တို့ကပြော

(The Times of India မှ 28 May 2012 ရက်စွဲပါ “We are happy about Manmohan Singh’s Myanmar visit: China” သတင်းကို ဘာသာပြန်ဆိုသည်)

ရေနံနှင့် အခြားသယံဇာတများ ထုတ်ယူခွင့်ရရှိရေးအတွက် ပြိုင်ဆိုင်ရာတွင် ဘီဂျင်းနှင့် နယူးဒေလီတို့ ရင်ဆိုင်တွေ့နေကြသော မြန်မာနိုင်ငံသို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း သွားရောက် လည်ပတ်သော ခရီးစဉ်အပေါ် အမှန်တကယ်ပင် မုဒီတာပွားပါသည်ဟု တရုတ်နိုင်ငံက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူမင်စေက သတင်းစာ ရှင်းလင်းပွဲတွင်“အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံလုံးဟာ တရုတ်နိုင်ငံရဲ့ ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ။ သူတို့ရဲ့ ဆက်ဆံရေးတိုးတက်မှုကိုမြင်ရတာ တရုတ်နိုင်ငံ ဝမ်းမြောက်ဝမ်းသာ ရှိပါတယ်။ ဒီလိုချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက်မှုဟာ ဒေသတစ်ခုလုံးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိုဟန်ဆင်း၏ နေပြည်တော်ခရီးစဉ် မတိုင်မီလေးတွင် မြန်မာအာဏာရ ပြည်ခိုင်ဖြိုးပါတီက ဘီဂျင်းသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ခြင်းကြောင့် ယခု မှတ်ချက်ပေးမှုမှာ အလွန်စိတ်ဝင်စားစရာ ကောင်းနေသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရှုဒေါင့်ကနေကြည့်ပြီး အမြဲတမ်း ကိုင်တွယ်ခဲ့ပါတယ်”ဟု တရုတ်ဒုသမ္မတ ဇီဂျင်ပင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ လူမင်းဝေက“တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာနိုင်ငံသို့သွားရန် လတ်တလောအစီအစဉ် မရှိသေးသော်လည်း မြန်မာနိုင်ငံနှင့် ထိပ်သီးပုဂ္ဂိုလ်ခြင်း အပြန်အလှန်ရင်းနှီးမှုကို တရုတ်နိုင်ငံက ဆက်လက် ထိန်းသိမ်းသွားမည်”ဟု ရှင်းလင်းပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ လူသိရှင်ကြား ဝမ်းမြောက်စကား ပြောကြားမှုသည် တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာတွင် မြန်မာနိုင်ငံအား အိန္ဒိယနှင့် မိတ်ဆွေဖြစ်လိုသည့်အပေါ် ဆန်းစစ်ရန် အကြံပြုထားသော မှတ်ချက်နှင့် ပေါ်ပေါ်ထင်ထင် ကွဲလွဲဆန့်ကျင်နေသည်။

“၂၀၁၅ မှာလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပနိုင်အောင် လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားရန် မြန်မာနိုင်ငံကို အားပေး တိုက်တွန်းခြင်းသည် အိန္ဒယနိုင်ငံ၏ ကိစ္စသာဖြစ်သည်။ သို့သော် အိန္ဒိယကို အဓိက မဟာမိတ်ဖွဲ့ရန် မြန်မာနိုင်ငံစိတ်ဝင်စားမှုရှိသလား ဆိုသည်ကိုမူ ပြန်လည်ဆန်းစစ်ရန် လိုအပ်နေသေးသည်”ဟု ကွန်မြူနစ်ပါတီအာဘော်သတင်းစာ Global Times က ဆိုသည်။

“အမေရိကန်ဦးဆောင်သော အနောက်အုပ်စုကို မြန်မာနိုင်ငံက တံခါးပြန်ဖွင့်ပေးခြင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်က သြဇာလွှမ်းမိုးထားခြင်းစသော အခြေအနေတွင် အမှန်စစ်စစ် အိန္ဒိယနိုင်ငံသည် ပင်မစင်မြင့်၏ ဘေးစွန်းသို့ ရောက်နေသည်။  အမေရိကန်နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံတွင် စီးပွားရေးအရ၊ မဟာဗျူဟာအရ မျက်နှာသာရစေရန်အတွက် သူတို့ လုပ်နိုင်သမျှ ဘာမဆို လုပ်နေကြသော အနေအထားကို အိန္ဒိယနိုင်ငံက မြင်တွေ့ချင်မည် မဟုတ်ပါ”ဟု တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာက ပြောင်ပြောင်တင်းတင်း ရေးသားထားသည်။

မကြာသေးမီက တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ် နေပြည်တော်သို့ ရောက်ရှိခဲ့သောနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းတာဝန်ရှိသူတစ်ဦး မန္တလေးမှ တဆင့် နေပြည်တော်သို့ ရောက်လာခဲ့ခြင်းသည်လည်း အကြောင်းမဲ့ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဟု မြန်မာအကဲခတ်ဆန်းစစ်သူများက ပြောကြားထားသည်။

“လက်ရှိအခြေအနေတွင် တရုတ်အစိုးရသည် အခြားနိုင်ငံတကာ ခေါင်းဆောင်များကဲ့သို့ မြန်မာနိုင်ငံသို့ အပြေးအလွှား လာရောက်လည်ပတ် ရမလား (သို့) မြန်မာနိုင်ငံအတွင်းမှ တရုတ်အကျိုးစီးပွားအချို့(မြစ်ဆုံတမံအပါအဝင်) ဟန့်တားခံရခြင်းကို စိတ်ဆိုးသည့် ပုံစံပြကာ ဆက်လက်ဟန်ရေးပြ ခြောက်လှန့်ထားရမလား ဆိုသည်ကို ရွေးချယ်ရခက်နေပြီး အကျပ်ရိုက်နေပုံရသည်”ဟု မြန်မာပြည်တွင်း အကဲခတ်သူများက မှတ်ချက်ပေးကြသည်။

တရုတ်နိုင်ငံက အမှန်တကယ် စိုးရိမ်ပူပန်နေသောကိစ္စမှာ ကျောက်ဖြူ-ရွှေလီ ရေနံဓါတ်ငွေ့ အမြွှာပိုက်လိုင်းနှင့် ကားလမ်းရထားလမ်းများ တွဲဖက်ထားသော စီမံကိန်းရပ်ဆိုင်းသွားမည့် အချက်သာဖြစ်သည်ဟု သိရှိရသည်။

*****************************

မြန်မာနိုင်ငံ၏ အာရုံကြမှုများ

( 28 May 2012 ရက်စွဲပါ Bangkok Post တွင်ပါရှိသော Myanmar reaches out ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် စက်မှုဆိုင်ရာဖွံဖြိုးတိုးတတ်မှု ပိုမိုရရှိရန် ပြင်ဆင်လျှက်ရှိရာ၊ မြန်မာနိုင်ငံသို့ ဝင်ရောက်လိုသော ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ တည်ထောင်ရန် ပြင်ဆင်လျှက်ရှိသည်။

“ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ ဘုတ်အဖွဲ့လိုမျိုး တည်ထောင်နိုင်ဖို့ နှစ်နှစ်သုံးနှစ်လောက် အချိန်ယူရပါမယ်”ဟု စက်မှုဝန်ကြီးဦးစိုးသိန်းက Asia Focus သို့ ပြောသည်။

ဦးစိုးသိန်းသည် လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံသူများအပေါ် အမြတ်အခွန် ကင်းလွတ်ခွင့်ပေးခြင်း ၊ အခြားအခွင့်အလမ်းများပေးခြင်း စသည်တို့ကို ခွင့်ပြုသည့် တရားဝင်ဖွဲ့စည်းခြင်း မပြုရသေးသောအဖွဲ့ကို ခေါင်းဆောင်လျှက်ရှိသည်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ရေးအတွက် အထောက်အကူပြုကြောင်း ၄င်းကပြောသည်။

“ကျွန်တော်တို့ဟာ ဒေသတွင်းက အခြားစီးပွားရေးအားကောင်းသော နိုင်ငံများရဲ့နောက်မှာ ကျန်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ နောက်ကျမှ ဝင်လာတယ်လို့ ပြောလို့ရပါတယ်”ဟု ၄င်းက ပြီးခဲ့သည့်အပတ်က တိုကျိုတွင် Nikkei Inc နှင့် Bangkok Post  တို့ကကျင်းပသော အာရှ၏အနာဂါတ်ကွန်ဖရင့်သို့ တက်ရောက်စဉ်က ပြောကြားခဲ့သည်။

ဝန်ကြီး၏ အဆိုပါအခမ်းအနားသို့ တက်ရောက်ခြင်းမှာ မြန်မာနိုင်ငံတွင် စီးပွါးရေးနှင့် နိုင်ငံရေးအရ ပြောင်းလဲမှုနှုန်း မြန်ဆန်လာခြင်းအတွက် နောက်ထပ် လက္ခဏာတစ်ခုပင် ဖြစ်သည်။ ယခုအပတ်တွင် သမ္မတဦးသိန်းစိန်သည် ဘန်ကောက်တွင်ကျင်းပမည့် အရှေ့အာရှအတွက် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တတ်ရောက်မည်ဖြစ်ပြီး၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်သည်။(သမ္မတကြီးဦးသိန်းစိန် မတက်ရောက်ဟု သိရသည်။ အယ်ဒီတာ)

အစိုးရသည် လောလောဆယ် အသေးစားနှင့် အလတ်စားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် အာရုံပြုလျက်ရှိပြီး၊ ကြီးမားသောစက်မှုလုပ်ငန်းများ ဖွံဖြိုးရေးအတွက် အခြေခံကောင်းများ လိုအပ်လျက် ရှိနေကြောင်း ဦးစိုးသိန်းက ပြောသည်။ ရေရှည်တွင် ပညာရေး တိုးတက်လာသည်နှင့်အမျှ တိုင်းပြည်တွင်လည်း ပညာအခြေခံသော စီးပွားရေး( Knowledge-based economy) သို့သွားရန် ၄င်းကမျှော်လင့်နေသည်။

“ကျွန်တော်တို့မှာ လုပ်သားတွေအများကြီး ရှိပါတယ်။ ဒါကြောင့် အထည်အလိပ်၊ အထည်ချုပ်၊ ကစားစရာနဲ့ ဖိနပ်စက်မှုလုပ်ငန်းတို့လို လုပ်သားအင်အားအများကြီးနဲ့ လုပ်ရတဲ့လုပ်ငန်းတွေကို လောလောဆယ် စိတ်ဝင်စားပါတယ်။”ဟု ၄င်းကပြောသည်။

ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့သည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်ထားပြီးဖြစ်ရာ နောက်ထပ်ဝင်လာဦးမည်ဟု မျှော်လင့်ရသည်။

အထူးစီးပွါးရေးဇုန်( SEZs )များတွင် ရင်းနှီးမြှုပ်နှံမည့်သူများသည် အခွန်ကင်းလွတ်ခွင့် ရှစ်နှစ်ရရှိမည်ဖြစ်ပြီး SEZs တွင်မဟုတ်ဘဲ အခြားတွင် ရင်းနှီးမြှုပ်နှံမည့်သူများသည် ငါးနှစ်ရရှိမည် ဖြစ်သည်။

လွှတ်တော်သည် မကြာမီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုတော့မည် ဖြစ်ရာ၊ SEZs မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် စာရင်းအင်း ရှင်းလင်းပြီးပါက အမြတ်ငွေ၏ 100% ကိုပြန်လည်သယ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။

အစိုးရသည် ပုသိမ်ဒေသတွင် စက်မှုဇုန်ထူထောင်ရန် စီစဉ်နေကြောင်း၊ သို့သော် ထားဝယ်မှ SEZs များကဲ့သို့ မဟုတ်ဘဲ ပြည်တွင်း စက်မှုလုပ်ငန်းများအတွက်ဖြစ်ကြာင်း ၄င်းက ပြောသည်။

“ထားဝယ်က အထူးစီးပွါးရေးဇုန်(SZE) ပါ။ ဇုန်အသစ်လုပ်တာက သူ့ကိုပြိုင်ဖို့ မဟုတ်ပါဘူး၊ ဇုန်အသစ်မှာလည်း ရေနက်ဆိပ်ကမ်းပါမှာပါ၊၊ ကျွန်တော်တို့မှာ ကီလိုမီတာ 1200 ရှည်တဲ့ကမ်းရိုးတန်းရှိတော့၊ ရေနက်ဆိပ်ကမ်းအများကြီး စဉ်းစားလို့ ရပါတယ်”ဟု ၄င်းက ဖြည့်စွက်ပြောသည်။

လက်ရှိအားဖြင့် သီလဝါတွင် ဂျပန်များနှင့် SZE အတွက် လေ့လာလျက်ရှိပြီး ယခုနှစ်ကုန်တွင် ဆုံးဖြတ်ချက်ချနိုင်မည် ဖြစ်သည်။

အစိုးရသည် ထားဝယ်နှင့် ပတ်သက်၍ ယုံကြည်မှုရှိဆဲဖြစ်သည်ဟု ဦးစိုးသိန်းက ပြောသည်။

“ဒီစီမံကိန်းက ထိုင်းနဲ့ မြန်မာကိုသာ အကျိုးအမြတ်ရစေမှာ မဟုတ်ပါဘူး ၊ အရှေ့တောင်အာရှအတွက် စင်္ကြံန်တစ်ခု ဖြစ်လာမှာဖြစ်လို့ အီတာလျံ-ထိုင်း အနေနဲ့ လုပ်သင့်ပါတယ်။ သူတို့ မလုပ်နိုင်ရင်တော့ ကျွန်တော်တို့ ပြန်လည်သုံးသပ်ရပါမယ်”ဟု ၄င်းကပြောသည်။

နှောင့်နှေး ကြန့်ကြာရသည့် အကြောင်းတစ်ရပ်မှာ အစိုးရက အီတာလျံ-ထိုင်း 75%  ပိုင်ဆိုင်သော မဂ္ဂါဝပ်(4000) ထုတ်လုပ်မည့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကို ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းပြချက်ဖြင့် တည်ဆောက်ခြင်းအား ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ အစိုးရသည် ၄င်း၏ ရပ်တည်ချက်ကို အနည်းငယ် လျော့ပေးဖွယ်ရှိပြီး၊ ထပ်မံဆောက်လုပ်မည့် ပါဝါစက်ရုံသည် သေးငယ်ရမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။

“ကျွန်တော်တို့က အပိုင်းလိုက်ခွဲပြီး လုပ်စေချင်တာ”ဟု ဦးစိုးသိန်းက ပြောသည်။

၎င်းက ဂျပန်တွင် တွေ့ခဲ့ရသော သန့်ရှင်းသည့် ကျောက်မီးသွေးစက်ရုံကို သဘောကျကြောင်း ဆိုသည်။

“ပထမစက်ရုံကို ဆန့်ကျင်ခဲ့တဲ့သူတွေကို သန့်ရှင်းတဲ့ နည်းပညာနဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံရှိတယ်ဆိုတာ ပြသဖို့လိုပါမယ်”ဟု ၄င်းက ပြောသည်။

“ကန့်ကွက်ခဲ့တဲ့ လူတွေက ရှမ်းပြည်နယ်မှာရှိတဲ့ တရုတ်က ဟောင်းနေပြီဖြစ်တဲ့ ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကိုကြည့်ပြီး ပတ်ဝန်းကျင်ထိခိုက်မယ်လို့ ယူဆနေကြလို့ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လျှပ်စစ်ဓါတ်အားပေးစက်ရုံများ ပိုမိုလိုအပ်မည် ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ရန်ကုန်နှင့် အခြားဒေသများတွင် အချိန်နှင့် မီးဖြတ်တောက်နေရခြင်းမှာ ပြဿနာတစ်ခု ဖြစ်နေသောကြောင့်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ရန်ကုန်နှင့် အနီးတဝိုက်မှာ အားခြင်းအလျင်အမြန် လိုပါတယ်။ မန္တလေးတဝိုက်မှာ စက်ရုံတစ်ရုံလောက် လိုပါတယ်။ စက်ရုံတွေဟာ မြစ်ကြီးနားမှာရှိဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျောက်မီးသွေး သယ်ရလွယ်အောင် ဖြစ်ပါတယ်။”ဟု ၄င်းက ပြောသည်။

“ဒီစက်ရုံတွေက ဖြစ်နိုင်သမျှ အမြန်ဆုံးလိုတာပါ။ ဘာလို့လဲဆိုတော့ လက်ရှိတိုင်းပြည်ရဲ့ ၂၅ ရာခိုင်နှုန်းကိုပဲ မီးပေးနိုင်လို့ပါ”ဟု ၄င်းကဆိုသည်။

“ပြောင်းလဲမှုနှုန်းက သိပ်မြန်တော့၊ အရာအားလုံး တပြိုင်နက်တည်း မျှော်လင့်လို့ မရနိုင်ပါဘူး ။ ဓါတ်ငွေ့တွေပိုမိုရရှိဖို့ စီစဉ်နေပေမယ့် အချိန်ယူရဦးမှာပါ”ဟု ဆိုသည်။

အဆိုးဆုံး အခြေအနေအဖြစ် ထိုင်းနိုင်ငံ PTTEP ရောင်းထားသော ဓါတ်ငွေ့ကို ပြန်လည် ဝယ်ရမည်ဖြစ်ကြောင်း သူကပြောသည်။ “၂၀၁၃-၂၀၁၄ မှာတော့ ခွင့်ပြုထားတဲ့ အသစ်တွေကနေ သဘာဝဓါတ်ငွေ့တွေ ပိုထွက်လာမှာပါ”ဟု  ၄င်းက ဆိုသည်။

လက်ရှိအားဖြင့်တော့ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု၊ တင်ပို့မှုနှင့် သုံးစွဲမှုပမာဏများတွင် ကိုက်ညီမျှတမှု မရှိသေးကြောင်း၊  မကြာတော့သည့် အနာဂါတ်တွင် ညှိပေးသွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းက ပြောသည်။

“ကျွန်တော်တို့ တိုးရစ်တွေ ဒီလောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်မှန်းမထားပါဘူး၊ ခုတော့ ဟော်တယ်အခန်းတွေ ပြည့်နေပါပြီ၊ မဖြေရှင်းနိုင်ခင်  လအနည်းငယ် ဒါမှမဟုတ် တစ်နှစ်လောက် ဒီအခြေအနေအတိုင်း ဆက်ဖြစ်နေနိုင်သေးတယ် ”ဟု ၄င်းကပြောသည်။

အိန္ဒိယ Ta Ta Motors နှင့် မြန်မာ AGI ဖြန့်ချီရေး စာချုပ်လက်မှတ်ထိုး

(The Hindu News မှ 29 May 2012  ရက်စွဲပါ Ta Ta Motors inks pack with AGI, Myanmar သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနာမည်ကြီးကားထုတ်လုပ်သူ Ta Ta Motors ကုမ္ပဏီက ၄င်း၏ ကုန်တင်ကားများနှင့် လူစီးကားများ မြန်မာနိုင်ငံတွင် ရောင်းချရန်အတွက် မြန်မာ Apex Greatest Industrial Co, ltd ( AGI)နှင့် ဖြန့်ဖြူးရေး သဘောတူညီချက်ရရှိသွားပြီဟု တနင်္လာနေ့က ပြောကြားသည်။

မြန်မာအစိုးရနှင့် Ta Ta Motors တို့ဖက်စပ်လုပ်ကိုင်နေသော မကွေးစက်ရုံတွင် တပ်ဆင်သည့်ထရပ်ကားများကို ယခုသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် AGI ကုမ္ပဏီက ဖြန့်ဖြူးရောင်းချပေးရမည်ဟု Ta Ta Motors ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေး Ta Ta စက်ရုံသည် တစ်နှစ်လျှင် မော်တော်ယာဉ်အစီး ၁၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိပြီး အစီးရေ ၅၀၀၀ အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

အဆိုပါ မကွေး Ta Ta ထရပ်ကားတပ်ဆင်ရေး စက်ရုံတည်ဆောက်ရေး သဘောတူ ကန်ထရိုက်စာချုပ်ကို ၂၀၁၀ မတ်လတွင် Ta Ta Motors နှင့် မြန်မာနိုင်ငံပိုင် မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်လုပ်ငန်းလီမိတက် MADI တို့ လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ ချေးငွေ ဒေါ်လာ သန်း၂၀ ထည့်ဝင်ထားသော ၄င်းစက်ရုံကို ၂၀၁၀ ဒီဇင်ဘာတွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ စတင်လည်ပတ်နေပြီ ဖြစ်သည်။

ကနဦးတွင် ၄င်းစက်ရုံ၌ အကြီးစားထရပ်ကားများတပ်ဆင်မည် ဖြစ်သော်လည်း နောင်ကာလတွင် အိန္ဒိယနိုင်ငံ၌ အပြီးအစီးတပ်ဆင် ထုတ်လုပ်သောကားများ တင်ပို့ရန် အစီအစဉ်ပါဝင်ပြီး အခြား Ta Ta မော်တော်ယာဉ် အမျိုးအစားများကိုလည်း ပြောင်းလဲ ထုတ်လုပ်နိုင်သည်ဟု Ta Ta Motors ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ယင်းက ဆက်လက်၍ “အလတ်စား LPT 813 နဲ့ LPT 1518၊ အကြီးစားလုပ်ငန်းသုံး M&HCVs မော်တော်ယာဉ်တွေ တပ်ဆင်ထုတ်လုပ်ပေးနေတဲ့ တောင်အာဖရိကနိုင်ငံက Ta Ta စက်ရုံနဲ့ မကွေး Ta Ta စက်ရုံနဲ့ အတူတူပါပဲ။ အိန္ဒိယမှာ အပြီးအစီးတပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းသုံးမော်တော်ယာဉ်တွေကိုလည်း ဖြန့်ဖြူးသွားမှာပါ”ဟု ရှင်းလင်းပြောဆိုသည်။

နှစ်နိုင်ငံကုမ္ပဏီများအကြား အရောင်းအဝယ်ဆိုင်ရာ သဘောတူညီချက်ကို မေလ ၂၆ ရက်တွင် မြန်မာနိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရှိရသည်။

                                         ************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment