Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရေတစ်ဝက် ဖန်ခွက်နဲ့ အဆိုးမြင်ဝါဒရှင်းတမ်း

*****************************************

ဆောင်းပါးကဏ္ဍ

ရေတစ်ဝက် ဖန်ခွက်နဲ့ အဆိုးမြင်ဝါဒရှင်းတမ်း

ကောင်းဆက်နိုင်

(ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၂) ၊ အမှတ် (၉၆)မှ ကူးယူဖော်ပြသည်)

မိုးကုတ်ဆရာတော်ကြီး မိန့်မှာဖူးတယ်။ သူများပါးစပ်မှာ လမ်းမဆုံးစေနဲ့တဲ့။ လောကမှာကြောက်စရာ အကောင်းဆုံးက အမှန်တရားတွေကို အလွဲသုံးစားပြုမှုပဲဗျ။ လူတစ်ယောက်ဟာ အပင်ပန်းအဆင်း အရဲခံပြီး နှစ်ပွေင်းများစွာ ကြိုးစားပမ်းစား တရားအားထုတ်လာလိုက်တာ အောင်မြင်ခါနီးမှာ တခြားလူတစ်ယောက်က ခင်ဗျားမှာ ပါရမီမပါဘူးပြောလို့ အားထုတ်မှုကို လုံးဝရပ်ပစ်လိုက်တယ်ဆိုပါတော့။ ဒါဟာ သူများပါးစပ်နဲ့ လမ်းဆုံးတာပါပဲ။ တစ်ဖက်လူကလည်း ပါရမီရှိဖို့ လိုအပ်တယ်ဆိုတဲ့ အမှန်တရားကို အလွဲသုံးစားပြုပြီး ဒုက္ခပေးသွားတာပါ။ တကယ်တမ်းဆိုရင် ဆုကြီးပန်မဟုတ်ဘဲ ရိုးရိုး နိဗ္ဗာန်ယူမယ့် သူအတွက် လုံလောက်တဲ့ ပါရမီရှိလို့သာ ရတနာသုံးပါးနဲ့တွေ့ပြီး အခုလို အားထုတ်နညတွေနဲ့ မျက်မှောက် ကြုံရတာပေါ့။

ဒေ၀ဒတ်ကလည်း အမှန်တရားတွေကို အလွဲသုံးစားမှုပြုပြီး သံဃာသင်းခွဲဖို့ လုပ်ခဲ့ဖူးပါတယ်။ ဘုရားရှင်ထံ သူတောင်းတဲ့ ၅ချက် စလုံးက ကောင်းတယ်မှန်တယ်လို့ လက်ခံထားတဲ့အမြင် ဗုဒ္ဓကိုယ်တိုင် ကျေးဇူးများတယ် မှန်တယ်လို့ ဟောလေ့ရှိတဲ့ အချက်တွေပဲ။ သူက သံဃာ အားလုံးကို တောကျောင်းမှာပဲ အမြဲနေဖို့၊ ဆွမ်းခံစားတဲ့ ဓူတင်အမြဲဆောင်တဲ့ ပံ့သကူသင်္ကန်းပဲ အမြဲဝတ်ဖို့၊ သစ်ပင်ရင်းမှာပဲနေဖို့ သတ်သတ်လွတ် စားဖို့ ဥပဒေ ထုတ်ပါလို့ ဘုရားကိုလျှောက်တာပါ။

သူတွက်ထားတဲ့အတိုင်းပဲ ဘုရားက လက်မခံပါဘူး။ ၀ိနည်းနဲ့အညီ နေထိုင်ပြီး တရားအားထုတ်ဖို့ပဲ ပဓာနဖြစ်ပါတယ်။ ဒီ၅ချက်ဟာ နိဗ္ဗာန် ရောက်ဖို့နဲ့ သံဃာပွားစည်းဖို့ အကျိုးများမှာ မဟုတ်တဲ့အတွက် လုပ်ချင်သူ လုပ်ခွင့်ပြုတယ်။ ဒါပေမယ့် သီးသန့်တော့ ဥပဒေမထုတ်ပေးပါဘူး။ ဒါပေမယ့် သံဃာထုကတော့ စိတ်ဝမ်းကွဲသွားပြီး ဥာဏ်နည်းသူတွေ ဒေ၀ ဒတ် နောက်ပါသွားပါတယ်။ ဒေ၀ဒတ်ပါးစပ်မှာ လမ်းဆုံးသွားတာပါပဲ။

 

ရေတစ်ဝက်ဖန်ခွက်

စာဖတ်သူအားလုံ နားအူလောက်အောင် ကိုကြားဖူးမှာပါ။ ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်နဲ့ လူနှစ်ယောက် အကြောင်း ရေတစ်ဝက်တောင် လျော့နေပါ လားလို့ မြင်တဲ့သူက အဆိုးမြင်ဝါဒီ၊ ရေတစ်ဝက်ကြီးများတောင် ရှိနေပါလားလို့ မြင်တဲ့သူက အကောင်းမြင်သမားလေး။ ဒါကဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ ငြင်းမယ့် သူကကျုပ်ပဲ။ ဘာလို့လဲဆိုတော့ အမှန်တရားဆိုတာ အခြေအနေ ပေါ်မှာမူတည်ပါတယ်။ အမှန်တရားဆိုတာ သစ္စာတရား အဆင့်မှ မဟုတ်တာ။ အခြေအနေတစ်ခုမှာ မှန်ပြီး အခြားအခြေအနေတစ်ခုမှာ တက်တက်စင်အောင် လွဲပြီး သွေးတိတ်အောင်မှာတတ်ကြလို့ပါပဲ။

 

အခြေအနေ ၁

အခြေအနေတစ်မှာ ဖန်ခွက်ထဲကရေ တစ်ဝက်ဟာ ဘယ်သူ့အတွက်မှ အသုံးမ၀င်ပဲ သွန်ပစ်မယ့်ရေ ၊ဖြစ်တယ်။ လူကလည်းနှစ်ယောက်ဖြစ်ပြီး ဖန်ခွက်ထဲကရေက သူတို့ ကံကြမ္မာနဲ့ ဆက်စပ်မှုမရှိဘူး။

 

အခြေအနေ ၂

အခြေအနေ၂မှာ မတူတော့ဘူး။ဖန်ခွက်ထဲကရေ တစ်ဝက်ဟာ မြန်မာလူမျိုးအားလုံးအတွက် အသက်ကယ်ဆေး ဖြစ်တယ်။ လူကလည်း သုံးယောက်ဖြစ်ပြီး တတိယ လူကဖန်ခွက်ကို ရေအပြည့်ဖြည့်ဖို့လည်း ဆန္ဒအလျောက် တာဝန်ယူထားတယ်။ ဒီလိုတာဝန်ယူရတဲ့အတွက်လည်း ထိုက်သင့် တဲ့ အခကြေးငွေ၊ ထိုက်သင့်တဲ့ အခွင့်အရေးတွေ ယူထားတယ်။

 

အဆိုးမြင်ဝါဒီ

ကဲ အခြေအနေ ၂ မှာ "ဖန်ခွက်ကလည်းရေ တစ်ဝက်တောင် လျော့နေပါလား၊ ဘာဖြစ်လို့ ပြည့်ရမယ့်အချိန်မှာ တစ်ဝက်လျော့နေတာလဲ၊ ဘယ်သူက တာဝန်ယူထားလဲ” မေးလာခဲ့ရင် မေးတဲ့လူကို အဆိုးမြင်ဝါဒီလို့ ပြောမလား ဒါမှမဟုတ် ကိုယ့်လူမျိုးအတွက် တတိယလူရဲ့ မုန်းတီးမှုကိုခံပြီး သတ္တိရှိရှိ ပြောဝံ့သူလို့ ချီးကျူးမလား စဉ်းစားကြည့်ပါ။

 

အကောင်းမြင်သမားလေး

အခြေအနေ ၂ မှာ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီး တောင်ရှိနေတာပဲ ပြောတဲ့သူကို အကောင်းမြင်သမားလို့ ဆိုလေမလား တတိယလူရဲ့ လက်ဝေခံ ဒလန်လေးလို့ဆိုရမလား လူမျိုးပျက်မယ့်အရေးကို မျက်စိစုံမှိတ်ပြီး ကျားကျားမီးယပ်လို့ ပြောရမလား ၊ ရိုးရိုးသားသား မသိလို့ပြောတာပါ ဆိုရင်လည်း သနားစရာကောင်းတဲ့ အတွေးအခေါ်ရှင်လေးပေပဲ။

 

တတိယလူ

တတိယလူဆို တာမျိုးကတော့ ဖန်ခွက်ရေပြည့် အောင်ဖြည့်ရမယ့် တာဝန်ယူထားပြီးမှ ပြည့်အောင် ဖြည့်ဖို့မှ ပြည့်အောင် ဖြည့်ဖို့ အရည်အချင်း မရှိဘူးဆိုရင် သူ့အပြစ်ကို ဖုံးကွယ်ဖို့အတွက် အကောင်းမြင်သမားကို မြှောက်ပေးမယ်။ အဆိုးမြင် ၀ါဒီကို နှိပ်ကွပ်မယ်။ အဆိုမြင် နဲ့ အကောင်းမြင်ကို ရန်တိုက်ပေးမယ်။ဒီနည်းပဲ သုံးမှာပဲ။

ဒီကောင်းမြင်၊ အဆိုးမြင် သီအိုရီဟာ ဖန်ခွက်ရေဖြည့်သူ မရှိတဲ့အချိန်မှာပဲ အကျုံးဝင်ပါတယ်။ တစ်ယောက် ယောက်က ဖန်ခွက်ရေ ဖြည့်ဖို့ တာဝန်ယူလိုက်တဲ့ အချိန်ကစပြီး ဒီသီအိုရီ အကျုံးမ၀င်တော့ပါဘူး။ ဖန်ခွက်ရေတစ်ဝက် ကိစ္စဟာ ရေဖြည့်ဖို့တာဝန်ယူထားသူ တာဝန်ကျေ၊ မကျေ သို့မဟုတ် အရည်အချင်းရှိရှိမရှိနဲ့သာဆိုင် ပါတယ်။

 

Talk တစ်ခုထဲမှာ

Talk တစ်ခုထဲမှာ အလွန်စံပြုထိုက်တဲ့ အကောင်းမြင်သီအိုရီိကို အမှတ်ထင်ထင်နဲ့ ရှုစားရဖူးတယ်။ နာမည်ကြီး ပုဂ္ဂိုလ်နှစ်ယောက် ဆွေးနွေးနေ ကြတာ။ ကျုပ်တို့ ပြည်သူတွေကို အာဏာရှင်တွေက နားတွေ၊ မျက်စိတွေ ပိတ်ဆို့ထားလိုက်တာ တစ်ကမ္ဘာလုံး ရုပ်မြင်သံကြားကို ရောင်စုံတီထွင်ပြီး  အတော်ကြာမှ ရုပ်မြင်လိုင်းတွေ မြန်မာပြည်ရောက်လာတာ မှတ်မိမှာပေါ့။

သူတို့နှစ်ယောက် ဆွေးနွေးနေကြတာ အဲဒါခပ်ကောင်းကောင်းပဲတဲ့။ အဖြူအမဲနဲ့ အစတည်းက လုပ်ထားခဲ့ရင် ရောင်စုံကျတော့ စက်တွေ ပြန်ပြောင်းရမှာတဲ့။ အခုတော့ တစ်ခါတည်းရောင်စုံ ရှုစားရတာပေါ့တဲ့။ ရောင်စုံကြည့်ရတာနဲ့ စက်ပြန်မလဲရတာပဲ သူတို့မြင်ရ ရှာတယ်ဗျ။ ပြည်သူတွေ ဗဟုသုတမှာ ဘယ်လောက်နောက်ကျခဲ့လဲ သူတို့နှစ်ယောက် ပြောဖို့မေ့နေကြလား။ တတိယလူအကြိုက် လိုက်ပြောနေကြတာလား။ ကိုယ့်ကိုယ်ကို လှည့်စားနေကြတာလား။ အရိုးစွဲ အကျင့်ပါနေတဲ့ စရိုက်ကြောင့်လား။ တော်တော်စိတ်ပျက်မိတယ်။ ဒီလိုTalk ကတော့ ပြည်သူအတွက် အကျိုးမရှိတဲ့ အပြင် အနှုတ်လက္ခဏာ ပြပါတယ်။

 

ပြောင်းနေတာ သိရဲ့လား

ခေတ်ပြောင်းနေပါပြီ။ ခေတ်ပြောင်းနေပါပြီ။ ခေတ်ပြောင်းနေပါပြီ။ သမ္မတကြီးကိုယ်တိုင် ပြောင်းလဲမှုတွေကို တက်တက်ကြွကြွ ဆောင်ရွက်နေ ပါတယ်။ စတုတ္ထမဏ္ဍိုင်ကို အလေးထားတဲ့ အကြောင်းပြောသွားတာ တစ်ကမ္ဘာလုံး ကြားပါတယ်။ ဒုတိယသမ္မတကြီးကလည်း လုပ်ငန်လုပ်ဆောင်ရာမှာ အဝေဖန်ခံနိုင်မှ အမှန်ကိုမြင်ရမှာဖြစ်လို့ အဝေဖန်ခံနိုင်ဖို့ လိုတယ်လို့ Reform Strategy အစည်းအဝေးမှာ တက်လာတဲ့ ပြည်ထောင်စု ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌတွေကို မှာကြားသွားတာလည်း တစ်ကမ္ဘာလုံး သိပါတယ်။

ဒီမိုကရေစီ စနစ်ထွန်းကားရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကလည်း ဂျပန် ၀န်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ကမ္ဘာသိ ပြောခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဦးသူရရွှေမန်းကလည်း ဥရောပ လွှတ်တော်ထိတောင် သွားလေ့လာနေပါပြီ။

ဒီမိုကရေစီခေတ်ပြောင်းချိန်မှာ ရေတစ်ဝက် ဖန်ခွက်၊ အဆိုးမြင်ဝါဒီ အကောင်းမြင်သမား သီအိုရီအကျုံး မ၀င်ပါဘူး။ အငြင်းပွားရမယ့်အချိန် မဟုတ်တော့ပါဘူး၊ ဒီမိုကရေစနစ်ကို ပြောင်းလဲဖို့ တာဝန်ယူထားတဲ့ အစိုးရရှိတယ်။ တာဝန်ယူထားတဲ့သူတွေ တာဝန်ကျေလား၊ မကျေဘူလား၊ ဘယ် နေရာမှာ ဘာတွေလိုအပ်နေလဲ၊ ဘယ်နေရာမှာ ဘယ်သူတွေ တာဝန်ပျက်ကွက်နေလဲ။ ဘယ်နေရာမှာ ပြည်သူတွေ ဘယ်လိုနစ်နာနေလဲ၊ အရှိအတိုင်း ထောက်ပြခြင်းဟာ အစိုးရနဲ့တကွ ပြည်သူကို သစ္စာရှိရှိ ကူညီခြင်းသာ ဖြစ်ပါကြောင်း။

*****************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment