Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ခွင့်သာခိုက်

*****************************************

ဆောင်းပါးကဏ္ဍ

ခွင့်သာခိုက်

ဇေယျသူ

(ဇွန်လ ၄ရက်နေ့ထုတ်The Voice ဂျာနယ် အတွဲ(၈) ၊အမှတ်(၂၄)မှ  ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြသည်)

မြန်မာပြည် စန်းထနေပြီ။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးများ အရှိန်ရစပြုနေပြီ။ အားလုံးကလည်း စိတ်ဝင်စားသည်။ စောင့်ကြည့် သည်။ လက်ခုပ်တီးကြသည်။ နှုတ်သာမက လက်ကလည်း ပါကြဦးမည်။ ယခင်ကတည်းက ရောက်နှင့်သူရော၊ ယခုမှဝင်မည့်သူတို့ရော အားလုံးက     ခါးတောင်းကျိုက်သူကျိုက်၊ အင်္ကျီလက်ကို လိပ်တင်သူကတင်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် အခွင့်သာနေပြီ။ လွန်ခဲ့သော တစ်နှစ်ကျော် ပြုပြင် ပြောင်းလဲ ရေး စတင်ကတည်းက မြန်မာနိုင်ငံသည် နိုင်ငံတကာတွင် ရေပန်းအစားဆုံး၊ နှုတ်ဖျားမှ တရွရွရွတ်ဆိုရသည့် နာမည်ဖြစ်လာသည်။ မြန်မာနိုင်ငံတွင်   ဖြစ် သမျှ နိုင်ငံတကာသတင်းတွင် ပါသည်။ နိုင်ငံရပ်ခြားမြို့ငယ်လေးတို့ရှိ သတင်းစာများတွင်ပင် မြန်မာအကြောင်းကို တွေ့ရသည်။ အများ အားဖြင့် နိုင်ငံ ရေးနှင့် စီးပွားရေး။ တဖြည်းဖြည်းနှင့် ယဉ်ကျေးမှု၊ လူမှုဘ၀ စသည်တို့ကိုပါ စိတ်ဝင်စားလာသည်၊ သတင်းဖြစ်လာသည်။ အချို့သတင်းများ ဆိုလျှင် မြန်မာ နိုင်ငံတွင်းတွင် မဖော်ပြသေးမီတွင်ပင် နိုင်ငံတကာတွင် ဖော်ပြနေပြီ။

လာလိုက်ကြသည့် နိုင်ငံတကာခေါင်းဆောင်များလည်း ၀င်လာမစဲတသဲသဲ။ နာမည်ကျော် ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်များချည်း။ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း။ တောင်ကိုရီးယားသမ္မတ။ အိန္ဒိယ၀န်ကြီးချုပ်။ မြန်မာပြည်နှင့် အဆက်အစပ်မရှိလှသည့် အီတလီ၊ ပိုလန် စသည့်နိုင်ငံတို့ပင် ပါသေးသည်။ သင်္ကြန်တွင်းတွင်ပင် လာနေသဖြင့် သတင်းထောက်တွေပင် ရက်အားမရသောကြောင့် လာပဲလာနိုင်ကြသည်ဟု ညည်းရသည်အထိ။ အချို့က နိုင်ငံရေးအတွက်လာသည်။ အချို့က စီးပွား ရေး။ များသောအားဖြင့် နှစ်ခုလုံးတွဲပြီးလာသည်။ ပြန်အထွက်တွင် ပေးသွားသော မှတ်ချက်များက အပေါင်းလက္ခဏာ ဆောင်ကြသည်ချည်း။

နိုင်ငံရေးအရ ယခု အရှိန်အတိုင်းဆက်သွားလျှင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးတွင် စံပြဒီမိုကရေစီ ဖြစ်သွားနိုင်သည်ဟု ဟောကိန်းထုတ် သူက ထုတ်ကြသည်။ စီးပွားရေးအရလည်း အာရှကျား နောက်တစ်ကောင် ဖြစ်လာနိုင်သည်တဲ့။ အခြားနေရာများတွင် စီးပွားရေးကျနေချိန်တွင် မြန်မာ သည် အလားအလာအကောင်းဆုံး ဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံရန် နောက်ဆုံးကျန်နေသည့်အရပ် (Last Frontier) ဟု လက်ခံလိုက်ကြသည်။ မြန်မာပြည် တွင်းသို့ ဘယ်သူအရင် ရောက်ရောက် ပြိုင်ပွဲသဖွယ် ဖြစ်လာတော့မည်။ စိန်တွေ့သည်ဆိုလျှင် ထိုနေရာသို့ အမြန်သွားကြ၊ ရွှေတွေ့သည်ဆိုလျှင် ထိုနေရာ သို့ အမြန်ပြေးကြသည်ကို Diamond Rush၊ Gold Rush ဟု ခေါ်ကြသည်။ ယခုကတော့ Myanmar Rush။

မြန်မာနိုင်ငံတွင် စီးပွားရေးဘယ်လိုလုပ်ကြမလဲ ဆွေးနွေးကြသည့်ပွဲများမှ နိုင်ငံခြားသားပုဂ္ဂိုလ်တို့၏ မျက်နှာတို့မှာ ဝင်းလက်၊ စိတ်အားတက်ကြွ မှု အပြည့်။ ဧရာမပုဂ္ဂိုလ်တွေလည်း ပါတတ်သည်။ သူတို့နိုင်ငံမှ အငြိမ်းစား၊ ပင်စင်စားများကို အငြိမ်းစားလစာငွေပေးရန် ဝင်ငွေရအောင် လိုက်လံရင်းနှီး မြှုပ်နှံနေသည့် Pension Fund စသည့် Fund ပေါင်းစုံမှ အရာရှိလည်း ပါသည်။ သိသည့်အတိုင်း ဒေါ်လာဘီလီယံချီငွေများ လက်ဝယ်ရှိသည့် ပုဂ္ဂိုလ်တို့။ ပုဂ္ဂလိကကုမ္ပဏီကြီးတို့၏ ကိုယ်စားလှယ်များ၊ ပညာရှင်များလည်း ပါသည်။ မြန်မာတို့ ဆွေးနွေးသမျှ မလွတ်တမ်းစာအုပ်နှင့် မှတ်သလို၊ လျှပ်စစ် ကျောက် သင်ပုန်းခေါ်ရမည့် i Pad နှင့် ဟိုခြစ်သည်ခြစ်။ မြန်မာနိုင်ငံအကြောင်း များများစားစား သူတို့သိချင်မှ သိကြမည်။ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံလိုစိတ် ပြင်းပြနေကြသည်ကတော့ အထူးအကဲခတ်ရန်မလို။

အမေရိကန်စီးပွားရေးလုပ်ငန်းကြီးအချို့၏ ကင်းထောက်ပုဂ္ဂိုလ်ကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတွင် ဘယ်နယ်ပယ်ကို စိတ်ဝင်စားလဲမေးကြည့်တော့ သူက ပြန်ဖြေသည်မှာ တစ်လုံးတည်း။ Everything  "အားလုံး ပဲ" တဲ့။ မြန်မာ့စီးပွားရေး အောက်ကျနောက်ကျဖြစ်ရသည့် အဓိက အကြောင်းအရင်းတစ်ရပ်ဖြစ်သည့် အရေးယူပိတ်ဆို့မှုများလည်း အတော်များများ ဖယ်ရှား၊ သို့မဟုတ် ဆိုင်းငံ့လိုက်ပြီ။ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ထွက် ပေါ်လာလျှင် အတော်ကောင်းသွားပြီ။ သူ့ထက်ငါ ဝင်လာကြတော့မည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် မြန်မာ့လိုအပ်ချက်ဖြစ်သည်။ ဝင်လာလေလေ၊ ကောင်းလေလေ။ တာဝန်သိသော၊ ပစ်စလက်ခတ်မဟုတ်သော လုပ် ငန်းကြီးများ ၀င်လာလျှင်သာ ကောင်းသေးသည်။ ထိုသူတို့အားဖြင့် မြန်မာ့စီးပွားရေး တစ်ခေတ်ဆန်းနိုင်မည်။ Made in Myanmar "မြန်မာပြည်တွင်လုပ် သည်" စာတမ်းများနှင့် ကုန်ပစ္စည်းများ နိုင်ငံတကာသို့ ဖြန့်ကြက်နိုင်မည်။

သို့သော် မြန်မာနိုင်ငံ တံခါးဖွင့်ခြင်းမှာ မြန်မာတို့အတွက်ဖြစ်သည်။ ဝင်လာသမျှ ပြည်ပရင်းနှီးမြှုပ်နှံသူတို့၏ အားကိုယူကာ မိမိတို့ဘဝ တိုးတက် အောင် ဆောင်ရွက်ကြရန် ရည်ရွယ်ရင်းဖြစ်သည်။ အစိုးရ၊ ပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်တို့ အားလုံးအခွင့်ကောင်းကို ယူတတ်ရန်လိုသည်။ ပြည်ပအား ၀င်လာသည်ချင်း တူသော်လည်း အချို့တိုင်းပြည်တို့ ထိုးတက်သွားပြီး အချို့နောက်တွင်ကျန်ခဲ့ခြင်းမှာ အခွင့်အလမ်းကို ရအောင်မယူတတ်သော၊ မယူနိုင် သောကြောင့် ဖြစ်သည်။

ယူတတ်ရန် ယူနိုင်ရန်မှာ အခံရှိဖို့လိုသည်။ ဝရှိမှ ဝိလုပ်နိုင်မည်။ နယ်ပယ်တိုင်းတွင် ချို့တဲ့နေသည်မှာ Capacity ခေါ် စွမ်းရည်ဖြစ်သောကြောင့် မိမိတို့၏ စွမ်းရည်ကို အပတ်တကုတ် ဖြည့်ဆည်းရန်လိုသည်။ မိမိတို့ အဖွဲ့အစည်း၏ တည်ဆောက်ပုံတို့ကိုပါ ခေတ်မီအောင် ပြုပြင်ဖို့လိုသည်။ ပြောင်းလဲ လာသော အခြေအနေကို ရင်ဆိုင်နိုင်အောင် စိတ်ဓာတ်အခံ  Mindset တို့ ပြောင်းရန် လိုသည်။

အခွင့်အလမ်းကောင်းဆိုသည်မှာ နှစ်ခါပြန်လာလေ့မရှိ။ ယခု မြန်မာနိုင်ငံရနေသည့် အခွင့်အလမ်းသည် ရှာမှရှားသည့် အခွင့်အလမ်း ဖြစ်သည်။ အင်္ဂလိပ်လိုဆိုလျှင် Once-in-a-Lifetime-chance ဟု ဆိုရမည်ပင်။ ထိုအခွင့်အလမ်းကို အရယူနိုင်မှ မိမိအကျိုး၊ နိုင်ငံအကျိုး ဖြစ်ထွန်းမည်။

ငယ်စဉ်က ဖတ်ခဲ့ရသည့် လယ်တီဆရာတော်၏ တေးထပ်မှာ လောကုတ္တရာရေးကို ရည်စူးသော်လည်း မိမိကို ဦးတည်ပြောနေသည်ဟု ခံစားရ လောက်အောင် ထိမိလွန်းလှသဖြင့် လောကီအရေးဖြစ်သည့် မြန်မာ့အရေး၊ ကျွန်တော်တို့အရေးတွင် ထုတ်နုတ်သုံးစွဲလိုက်ပါသည်။

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းမှ မရုန်းချင်လျှင်

အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။

 *****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment