Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၎.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ပူးပေါင်းလုပ်ဆောင်တတ်မှုနှင့် အဖြေထုတ်နိုင်မည့် ငြင်းခုံမှုအလေ့အထဖြစ်ပေါ်ရန် ရည်ရွယ်ချက်ဖြင့် လူမှုအဖွဲ့အစည်းအသီးသီးပါဝင်သည့် တွေ့ဆုံပွဲကျင်းပ
  1. ရခိုင်ပြည်နယ်တွင်း အစ္စလာမ်ဘာသာဝင် ၁၀ဦးနှင့်  ဗုဒ္ဓဘာသာဝင်တစ်ဦး အကြမ်းဖက်သတ်ဖြတ်ခြင်း ခံရ
  2. ရမည်းသင်းမှ ဆန္ဒပြနေသည့် ရွှေလုပ်သားများအဖွဲ့မှ ကြေညာချက်တစ်စောင်ထုတ်ပြန်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အလုပ်သမားများအပေါ် မတရားဆက်ဆံမှုများရှိနေဟု ပြည်ထောင်စုဝန်ကြီးများ ပြောကြား

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

ပူးပေါင်းလုပ်ဆောင်တတ်မှုနှင့် အဖြေထုတ်နိုင်မည့် ငြင်းခုံမှုအလေ့အထဖြစ်ပေါ်ရန် ရည်ရွယ်ချက်ဖြင့် လူမှုအဖွဲ့အစည်း အသီးသီးပါဝင်သည့် တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးအင်အားစုများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ အလုပ်သမားအဖွဲ့အစည်းများ စသည့် အလွှာအသီးသီး ပါဝင် သော တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ဇွန်လ ၃ရက်နေ့ နေ့လည် ၁နာရီမှ ၄နာရီအထိ   ချက်ထရီယံဟိုတယ်တွင် ကျင်းပခဲ့ပြီး ပြည်သူများအကြား ပူးပေါင်း လုပ်ဆောင်တတ်သည့် အလေ့အကျင့်နှင့် အဖြေ ထွက်စေရန် ငြင်းခုံသည့်အလေ့အထ (Debate Culture) ထွန်းကားလာစေရန် ရည်ရွယ်ခြင်းဖြစ်သည် ဟု  ယင်းပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

"ဒီပွဲက သာမန်ပွဲတွေလို တွေ့ကြဆုံကြ၊ ပြောစရာရှိတာပြောပြီး ပြန်ကြဆိုတာမျိုးမဟုတ်ဘဲနဲ့ အားလုံးစုပေါင်းပြီး အဖြေရှာထုတ်ကြမယ့်ပွဲ ဖြစ် ပါတယ်၊ ကျွန်တော်တို့ရဲ့ Culture မှာ မရှိသေးတဲ့ ပွဲမျိုးဖြစ်ပါတယ်။ synthesis နဲ့ energy နှစ်ခုပေါင်းပြီး ပူးပေါင်းဆောင်ရွက်မှုရဲ့ စွမ်းအားဖြစ်တဲ့ synergy ကို ရှာဖွေမယ့်ပွဲဖြစ်တဲ့အတွက် တက်ရောက်လာသူများအနေနဲ့  အဖြေထုတ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားတင်ပြပေးကြဖို့နဲ့ အချိန်အခက် အခဲကို နားလည်ပေးစေလိုပါတယ်"ဟု အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သည့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က အဖွင့်အမှာစကား ပြောကြား သည်။

လက်တလောဖြစ်ပွားနေသည့် ကိစ္စရပ်များဖြစ်သည့် စက်ရုံများတွင် ဆန္ဒဖော်ထုတ်မှုများကြောင့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများအကြား အခက်အခဲများကို အဖြေထုတ်နိုင်စေရန် ဦးစားပေးဆွေးနွေးခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဦးမြင့်စိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

တက်ရောက်လာသည့် ပရိတ်သတ်ထဲမှ အလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၊ ၈၈မျိုးဆက်ကျောင်းသား များအဖွဲ့မှ ဦးကိုကိုကြီးနှင့် လုပ်ငန်းရှင်များတို့မှ အသီးသီး ကြုံတွေ့နေရသည့် အခက်အခဲများကို ပြန်လည်ဆွေးနွေး၍ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့က မှတ်ချက် ပြု ဆွေးနွေးခဲ့ကြသည်။

"ကျွန်တော်တို့က ပြဿနာတွေကြောင့် ဆိုးကျိုးတွေဖြစ်နေဖို့မဟုတ်ဘူး၊ ဒါတွေကို အားလုံးရဲ့အရှေ့ကို စားပွဲပေါ်ကို တင်ရမယ်၊ ဒီနေ့ ခြေလှမ်း ဟာ မြန်မာနိုင်ငံအတွက် သိပ်ကိုကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပဲ ဖြစ်ပါတယ်"ဟု ထိုပွဲကို တက်ရောက်ခဲ့သည့် လူငယ်ပညာရှင်တစ်ဦးက ပြောကြား သည်။

လတ်တလော ဖြစ်ပွားနေသည့် ဆန္ဒပြလုပ်သားများအတွက် လုပ်ခလစာဥပဒေများ ပေါ်ထွက်မလာမီ သင့်တင့်မျှတသည့် လုပ်ငန်းခွင်အခြေအ နေများ ဖန်တီးပေးနိုင်ရန်နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းကြရန်ဆို သည့် အချက်ကို တက်ရောက်လာသူများက လက်ခံခဲ့ကြသည်။

AM

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်တွင်း အစ္စလာမ်ဘာသာဝင် ၉ဦးနှင့်  ဗုဒ္ဓဘာသာဝင်တစ်ဦး အကြမ်းဖက်သတ်ဖြတ်ခြင်း ခံရ

ဇွန်လ ၃ရက်နေ့ ညနေပိုင်းအချိန် ရခိုင်ပြည်နယ် သံတွဲ-တောင်ကုတ်လမ်းဆုံ၌ သံတွဲ-ရန်ကုန်သို့ ပြေးဆွဲနေသည့် ရိုးမသစ္စာအဝေးပြေးကားပေါ်မှ အစ္စလာမ်ဘာသာဝင် ၉ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦးအား တောင်ကုတ်မြို့နယ်မှ ဒေသခံလူအုပ်စုတို့၏ ရိုက်နှက်မှုကြောင့် သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း တောင်ကုတ်ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"အခင်းဖြစ်ပွားတာက တောင်ကုတ်နဲ့ သံတွဲလမ်းဆုံမှာဖြစ်တာ။ တောင်ကုတ်ဒေသခံ လူဦးရေ ၃၀၀ လောက်က ကားကိုရပ်ခိုင်းပြီး ကားပေါ်မှာ ပါလာသမျှ ကုလားတွေအကုန်လုံးကို သေတဲ့အထိ ဝိုင်းရိုက်ကြတယ်။ ကားမောင်းသမားလည်း အရိုက်ခံရပြီး ထွက်ပြေးသွားတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ ရခိုင်ပြည်နယ်အတွင်းရှိ ကျော်နီမော်ကျေးရွာမှ အမျိုးသမီးဒေသခံတစ်ဦးအား အဓမ္မပြုကျင့် သတ် ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ဓါတ်ပုံအချက်အလက်များအား တောင်ကုတ်ဈေးအတွင်းသို့ ဖြန့်ဝေခဲ့သောကြောင့် တောင်ကုတ်ဒေသခံများက မကျေ မနပ်ဖြစ်၍ ယင်းသို့ ဖြစ်ပွားရခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် ရန်ကုန်မြို့ရှိ တခြမ်းပဲ့ဗလီမှ မြန်မာနိုင်ငံလုံးဆိုင်ရာ တရားထိုင်အဖွဲ့ဝင် အစ္စလာမ်ဘာသာ ဝင် ၈ဦးပါဝင်ပြီး ရိုးမသစ္စာအဝေးပြေးကားမှ ယာဉ်ကိုယ်စားလှယ် အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင်ဟု ဆိုကာ ဝိုင်းဝန်းရိုက်နှက် သတ်ဖြတ်ခဲ့ ကြကြောင်းနှင့် ဝင်ရောက် ဖြန်ဖြေရန်ကြိုးစားခဲ့သည့် သံတွဲဒေသခံ ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ပါဝင်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အ ရ သိရှိရသည်။

ထို့နောက် ဒေသခံစစ်တပ်လုံခြံရေးမှ သေးဆုံးသူ အစ္စလာမ်ဘာသာဝင် ၉ဦးနှင့် ဗုဒ္ဓဘာသာဝင် ၁ဦးတို့၏ ရုပ်အလောင်းအား ဇွန်လ ၄ရက်နေ့ နေ့လည် ၂ နာရီတွင် သံတွဲမြို့နယ်ရှိ အစ္စလာမ်ဘာသာ ဝင်များ၏ သုဿာန်၌ သဂြိုလ်ခဲ့သည်ဟု သိရှိရသည်။

ထို့ပြင် ယင်းအခင်းဖြစ်ပွားခြင်းနှင့် ပတ်သက်၍ ဇွန်လ ၃ ရက်နေ့ရက်စွဲဖြင့် ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သမ္မတထံသို့ တင်ပြထားပြီး ယင်းကြေညာချက်ထဲ၌ ယင်းအခင်းဖြစ်ပွားခြင်းကြောင့် လူမျိုးရေးအဓိကရုဏ်းဖြစ်နိုင်ကြောင်း ပါရှိသည်ဟုလည်း သတင်းရရှိ သည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရမည်းသင်းမှ ဆန္ဒပြနေသည့် ရွှေလုပ်သားများအဖွဲ့မှ ကြေညာချက်တစ်စောင်ထုတ်ပြန်

ရမည်းသင်းမြို့အနီး မိုးထိမိုးမိဒေသရှိ လွတ်လပ်သော ရွှေလုပ်သားများအဖွဲ့မှ ၃ရက် ၆လ ၂၀၁၂ရက်စွဲဖြင့် ကြေညာချက်စာတစောင် ထုတ်ပြန် လိုက်ကြောင်း လွတ်လပ်သောရွှေလုပ်သားများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမားခေါင်းဆောင်ကိုနိုင်ဝင်းမှ ပြောကြားချက်အရ သိရသည်။

"ကျတော်တို့ ဆန္ဒထုတ်ဖော်တောင်းဆိုနေတာ ၃ရက်ရှိပါပြီ။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက အခုထိ လာရောက်ဆွေးနွေးတာမျိုး မရှိ သေးဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း လာရောက်ကူညီတာမရှိဘူး။ တောင်ပေါ်ကို လာရောက်ရောင်းချတဲ့ ဈေးသည်တွေကို အာဏာပိုင်တွေက တားမြစ် ပိတ်ပင်လိုက်တာကြောင့် ကျတော်တို့ စားရေးသောက်ရေး အတော်အခက်အခဲဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ထိုကြေညာချက်ထဲ၌ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်လယ်အို၊ အာဆီယန်၊ လူ့အခွင့်အရေးကော်မရှင်၊ အာရှလူ့အခွင့်အရေးကော်မရှင်၊ အမေရိကန်နှင့် ဥရောပသမဂအဖွဲ့အစည်းများမှ ခေါင်းဆောင်များအား မိမိတို့အလုပ်အကိုင်များ ရပ်ဆိုင်းထားချက်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို ဖိအားပေးပေးပါရန် မေတ္တာရပ်ခံချက်များပါဝင်ကြောင်း သိရသည်။

ထိုဒေသသည် မြန်မာပြည်၌ ရွှေအများဆုံးထွက်ရှိသောဒေသဟုပင် ခေါ်ဆိုနိုင်ပြီး အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို လုပ်ကိုင်နေလျက်ရှိရာမှ ၆လအကြာတွင် တစုံတရာအသိပေးခြင်းမရှိပဲ ရွှေတောကွက်ရပ်တွင် လုပ်ကိုင်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း၊ ရွေတောကွက်ရပ် အား မှီခိုလုပ်ကိုင်နေသူ လူဦးရေမှာ သိန်းဂဏန်းအထက်တွင်ရှိပြီး လုပ်ကိုင်ခွင့်မရတော့ခြင်းကြောင့် မိသားစုများစားဝတ်နေရေးခက်ခဲကြောင်း သိရသည်။

အဆိုပါ ကြေညာချက်ထဲ၌ အဓိကတောင်းဆိုထားသည့် အချက်ငါးချက်မှာ (၁) လေပေကျင်းများနှင့် အက်တာများ ယခင်အတိုင်း ပြန်လည်ရရှိ ရေး၊ (၂) ဇုန်အတွင်းစက်များ ပြန်လည်လည်ပတ်နိုင်ရေး၊ (၃) ရွှေလုပ်သားများ ယခင်အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး၊ (၄) လက်ဝါးကြီးအုပ် အရင်း ရှင်စနစ်ပပျောက်ရေး၊ (၅) ဒီမိုကရေစီစီးပွားရေးစနစ်အကောင်အထည်ပေါ်ရေးတို့ ဖြစ်သည်။

ရွှေလုပ်သားများအဖွဲ့ကို ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ အတွင်းရေးမှူး ဦးသက်လွင်၊ ဘဏ္ဍာရေးမူးဦးသိန်းတို့ဖြင့် ဖွဲ့စည်းထားပြီး တောင်းဆိုမူများ မရရှိ ပါက လူပ်ရှားမူများကို အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလ (၇) ရက်နေ့တွင်အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် တွေ့ဆုံဆွေး နွေးရန်ရှိပြီး ရမည်းသင်းအထိ ချီတက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူ့အကျိုးဆောင်ကွန်ရက်၏ ပြောကြား ချက်အရ သိရှိရသည်။

PL

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အလုပ်သမားများအပေါ် မတရားဆက်ဆံမှုများရှိနေဟု ပြည်ထောင်စုဝန်ကြီးများ ပြောကြား

ဇွန်လ ၃ ရက်နေ့က ချက်ထရီယံ ဟိုတယ်တွင် ကျင်းပသည့် လူမှုအဖွဲ့အစည်းများ၏ တွေ့ဆုံပွဲတွင် ဦးဆောင်ဆွေးနွေးခဲ့သည့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ပါဝင်ဆွေးနွေးသည့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့က လတ်တလော ဆန္ဒဖော်ထုတ်မှုများတွင် စက်ရုံများက အလုပ်သ မားများအပေါ် ဖိနှိပ်နေမှုများရှိနေကြောင်း ပြောကြားသည်။

စက်ရုံပိုင်ရှင်တွေဟာ ဥရောပက စက်မှုတော်လှန်ရေးကာလတုံးကလိုမျိုး အလုပ်သမားတွေကို ဆက်ဆံနေတာမျိုးတွေ ရှိနေပါတယ်ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။

“ကျွန်တော်က ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကိုပြောပါတယ်။ ထိုက်တန်တဲ့ လုပ်ခလစာတွေပေးဖို့၊ ကျွန်တော်တို့ ပြည်သူတွေ၊ ကျွန်တော်တို့သားသမီးတွေကို မနှိပ်စက်ဖို့၊ အလုပ်ခွင်သာယာအောင်ထားဖို့၊ လူကို လူနဲ့တူအောင်ထားဖို့ အမြဲတမ်းမှာပါတယ်။ ဒီကြားထဲမှ အခုလိုကိစ္စတွေကြားရတာ ကျွန်တော်အင်မတန် ဝမ်းနည်းတယ်ဗျာ။ အခု တက်ရောက်လာသူတွေ တင်ပြလို့ ကျွန်တော်တို့ ဒါတွေ သိရပါပြီ၊ ခင်ဗျားပြော တာတွေက နားခါးစရာတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ နားထောင်ပါ့မယ်၊ အရင် ကျွန်တော်တို့ နားမထောင်ခဲ့လို့ ခုလိုဖြစ်ရတာပါ။ ပြောစရာရှိတာ အမှန် အတိုင်း ပွင့်ပွင့်လင်းလင်းသာ ပြောကြပါ။ ကျွန်တော်တို့ နားထောင်ပါ့မယ်”ဟု စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

ကျွန်တော် သာမန်ပြည်သူတစ်ယောက်အနေနဲ့ ဝင်ပြောတာပါ၊ ဝန်ကြီးတစ်ယောက်အနေနဲ့ ပြောတာမဟုတ်ပါဘူးဟု ၎င်းက ဆက်လက်ပြော ဆိုသည်။

ဆန္ဒပြအလုပ်သမားများအား စက်ရုံများမှ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က "တရားစွဲရမှာပေါ့ဗျ၊ အခုပဲ ခင်ဗျားတို့ မီဒီယာတွေက ဒါတွေကိုဖော်ထုတ်ပါ။ တရားစွဲပါ၊ အလုပ်သမားဝန်ကြီးဌာနမှာ ဥပဒေတွေပြဌာန်းပြီးသား ပါ" ဟု ဖြေကြားသည်။

အလုပ်သမားတွေ ဆန္ဒပြတာ စားဖို့မရှိတော့လို့ကို ပြရတာပါ၊ ဆာလောင်မှုတွေကို ဆူလောင်မှုတွေအဖြစ် မမြင်စေချင်ပါဘူး၊ လစာတွက်တာ တွေ၊ ပေးတဲ့ပုံစံတွေ ဖြတ်ချင်တိုင်းဖြတ်တဲ့ပုံတွေကလည်း ဘာမှရှင်းလင်းမှုမရှိပါဘူး၊ လစာရှင်းပေးတဲ့ပုံစံကလည်း ဘာမှမရှင်းဘူး။ ဘယ်လိုမှမဖတ်တတ် ဘူး၊ နေရေးထိုင်ရေးကလည်း အတော်ဆိုးပါတယ်၊ ဆန္ဒပြအလုပ်သမားတွေကို အစာဖြတ်ရေဖြတ် လုပ်တာတွေကလည်း လူ့ယဉ်ကျေးမှုအရ ဘယ်လိုမှ မဖြစ်သင့်ပါဘူး၊ ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးက ပြောကြားသည်။

ကျွန်တော်တို့ကလည်း ပြေလည်စေချင်လို့ ဝင်ကူညီနေတာပါ၊ ဒါကိုပဲ ကျွန်တော်တို့ကို တမျိုးမြင်ကြပါတယ်၊ ကျွန်တော်တို့က ပြေလည်စေချင် ပါတယ်။ ကျွန်တော်ထောင်ထဲမှာနေတုန်းက ဗိုလ်မှူးကြီးတစ်ဦးက ဂျပန်မှာ အလုပ်အကိုင်မပျက်၊ ဆူပူမှုမရှိဆန္ဒပြတယ်၊ မကျေနပ်ချက်ကို လက်မောင်း မှာ ကြိုးအနီလေးတွေ စည်းပြရုံပဲ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်က ဆွေးနွေးနေတယ်၊ အချက် ၂၀၀ကျော်က ပြေလည် သလောက်နီးပါး ဖြစ်နေတယ်၊ ဒီလို ယဉ်ကျေးမှုမျိုး ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ ထွန်းကားစေချင်ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အထည်ချုပ်လုပ်ငန်းရှင်များဘက်ကမူ လတ်တလောတွင် ရှားပါးစရိတ်ထက် အခြေခံလစာကိုတိုးပေးလျှင် အဆင်ပြေနိုင်ကြောင်း၊ အခြားစရိတ် များ ထည့်ပေါင်းခြင်း၊ ထည့်တိုးခြင်းနှင့် ရှားပါးစရိတ်ပါ တွက်ချက်ပေးရလျှင် အခြေခံအဆောက်အဦးပြည့်စုံသော ဒေသတွင်းနိုင်ငံများ၏ အခြေခံ လုပ်ခ လစာနှင့် တန်းတူဖြစ်သွားပြီး မိမိတို့တွင် ယှဉ်ပြိုင်နိုင်စွမ်းလျော့နိုင်သွားနိုင်ကြောင်း တင်ပြဆွေးနွေးခဲ့ကြသည်။

လက်ရှိအချိန်တွင် ဆန္ဒပြသူများနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေးသည့် အလုပ်သမားဝန်ကြီးဌာနမှ ပုဂ္ဂိုလ်အချို့မှာ လုပ်ငန်းရှင်များဘက် မှ လိုက်နေသည်ဟု ခံစားနေရကြောင်း၊ အမျိုးသမီးအလုပ်သမားအချို့ ကာယအိနြေ္ဒနှင့် ပတ်သက်သော အကြမ်းဖက်မှုများ ကြုံတွေ့လျှက်ရှိရကြောင်း အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးသူများ၏ ပြောကြားချက်အရသိရသည်။

AM 

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သမ္မတကြီး ဧပြီလ ၁ ရက်နေ့မှာပြောတဲ့ မိန့်ခွန်း All Inclusive ဆိုတဲ့ ကျွန်တော်တို့ လုပ်နေတာက တိုင်းရင်းသားတွေအားလုံး ပါဝင်နိုင်ဖို့ဆိုတဲ့အထဲမှာ ကျွန်တော်တို့လည်း တိုင်းရင်းသားထဲမှာ ပါဝင်ပါတယ်ဆိုတာမျိုး၊ နောက်ပြီးတော့ အခြေခံဥပဒေမှာလည်း သေချာပြဋ္ဌာန်းထားတာတွေရှိတယ်။ ဒါတွေကို ကြည့်ပြီးတော့ ပြန်လည် စဉ်းစားပေးပါ၊ အခုအင်မတန်မှ နူးညံ့သိမ်မွေ့တဲ့အချိန် ဒီမိုကရေစီတည်ထောင်တော့မယ့် ပြည်ထောင်စု မြန်မာနိုင်ငံကို အားလုံး All Inclusive ဆိုပြီး တည်ထောင်မယ့်အချိန်မှာ ခုမှမရှိဘူးဆိုတာဟာ ကျွန်တော်တို့မှာ အများကြီးအံ့အားသင့်တယ်ဆိုတဲ့ဟာမျိုးကို တင်ပြီးတော့ ကျွန်တ်ာတို့ပို့တာပါ”

ဇွန်လ ၆ ရက်နေ့ထုတ် အတွဲ ၁၊ အမှတ် ၁၃ တွင်ပါရှိသည့် “ZNC အမည်ဖြင့်သာ ပါတီတည်ထောင်ခွင့်ပြန်လျှောက်”သတင်းမှ ဇိုမီးအမျိုးသားကွန်ဂရက် ပါတီဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်း၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့ပါတီက ပါတီဝင်တွေ၊ အလုပ်သမားတွေ ဆန္ဒပြတာ၊ လျှပ်စစ်မီးမရလို့ ဖယောင်းတိုင်ထွန်း ဆန္ဒပြတာတွေမှာ တစ်စုံတစ်ရာပါဝင် ပတ်သက် မှုမရှိပါဘူး။ ဒီလိုပြဿနာတွေဆိုတာ အရင်အစိုးရလက်ထက်ကထည်းကရှိခဲ့တာပါ။ အခုအစိုးရသစ်လက်ထက်မှာ အထိုက်အလျောက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရတော့ ဆန္ဒပြကြတာပါ။ ဒီလို ဆန္ဒပြမှုတွေ ဘာကြောင့်ဖြစ်ရတယ်။ ဘယ်လို ဖြေရှင်းပေးရမယ်ဆိုတာ နိုင်ငံရေးပါတီတွေက တာဝန်ယူ ဖြေရှင်းပေးလို့ မရပါဘူး။ တာဝန်ယူဖြေရှင်းပေးနိုင်တာ အစိုးရပဲရှိပါတယ်”

ဇွန်လ ၅ရက်နေ့ထုတ် True News ဂျာနယ် အတွဲ ၄ အမှတ် ၃၅ တွင်ပါရှိသည့် “လတ်တလော ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများအတွက် ဖြေရှင်းရန် အဓိ က တာဝန်ရှိသူမှာ အစိုးရဟု ပါတီအချို့သုံးသပ်”သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

-----------------------------------------------------------------------------------------------------------------------------------

“တစ်ချို့ဟိုတယ်တွေရဲ့ ဝန်ထမ်းတွေက တည်းခိုနေထိုင်သူတွေအပေါ် ဆက်ဆံပုံ အရမ်းညံ့ဖျင်းတယ်။ ဒီလိုမျိုးနဲ့ နိုင်ငံတကာအဆင့်မီသွားဖို့ မဖြစ်နိုင် ဘူး။ ဟိုတယ်တိုင်းမှာ Customer တွေ ဆက်ဆံရမယ့်ပုံစံ၊ အခန်းပြင်ဆင်ဖွဲ့စည်းပုံ သန့်ရှင်းမှု ဒါတွေလေးထား လုပ်ဆောင်သင့်တယ်” 

ဇွန်လ ၇ရက်နေ့ Envoy News ဂျာနယ် အတွဲ ၃ အမှတ် ၅ တွင်ပါရှိသည့် “ချောင်းသာဟိုတယ်များ၏ မိုးရာသီပရိုမိုးရှင်း အပန်းဖြေသူများအတွက် အကျိုးမရှိနိုင်”သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ သုံးသပ်ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

*************************************

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment