Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့စီးပွါးရေး တံခါးဖွင့်ဟလာခြင်းကို တရုတ်တို့စိုးရိမ်

(China Daily မှ Jun 2012 ရက်စွဲပါ “ Myanmar`s economic opening concerns Chinese investors” သတင်း ဆောင်းပါးကို ဘာသာပြန်သည်။)

  1. မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများကြား သဘောထား ကွဲလေမည်လော

(3 June 2012 ရက်စွဲပါ The New York Times မှ Thomas Fuller ရေးသားသော Hints of a rift between Myanmar's political reformers ကို ဘာသာပြန်သည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာ့စီးပွါးရေး တံခါးဖွင့်ဟလာခြင်းကို တရုတ်တို့စိုးရိမ်

(China Daily မှ Jun 2012 ရက်စွဲပါ “ Myanmar`s economic opening concerns Chinese investors” သတင်းဆောင်းပါးကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံမှာ ကြီးမားသော အခွင့်အလမ်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နေပြီး၊ အားလုံးသော လက္ခဏာများက မြန်မာ့စီးပွါးရေးနွေဦး ရောက်တော့မည်ဟု ညွှန်ပြနေသော်ငြားလည်း တရုတ်စီးပွားရေးသမားများအကြား စိတ်မသက်မသာဖြစ်လျှက်ရှိသည်။

မြန်မာ့စီးပွါးရေးနွေဦး၏ နောက်ဆုံးနွေဦးပေါက် လက္ခဏာတစ်ခုမှာ နိုင်ငံခြားငွေလဲနှုန်း လွတ်လပ်ခွင့်ပေးခြင်း ဖြစ်သည်။

ပြီးခဲ့သော ဧပြီ ၁ ရက်တွင် မြန်မာကျပ်ငွေကို နှုန်းရှင်မျှောခြင်းဖြင့် ယခင်ငွေလဲနှုန်းအမျိုးမျိုးကို စုစည်းကာ ပုံမှန်ဖြစ်အောင် ပြုပြုလျှက်ရှိသည်။

ထိုလတွင်ပင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အတိုက်အခံပါတီက အပြတ်အ သတ် အနိုင်ရရှိသွားသည်ကို တွေ့ရသည်။

အနောက်အုပ်စုနှင့် နှစ်ပေါင်း၂၀ ခန့် ဆက်ဆံရေး ချို့ယွင်းခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ အနောက်အုပ်စု ရင်းနှီးမြှုပ်နှံသူများကို မက်လုံး ပေး ဖိတ်ခေါ်နေလေပြီ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အခွန်စည်းကြပ်မှုလျှော့ပေါ့ပေစမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုလည်း မကြာမှီ ပြင်ဆင်ပြီးစီးလိမ့်မည်ဟု မျှော်လင့်ရသည်။

မကြာသေးမီက ဘီဂျင်းတွင်ပြုလုပ်သော မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာအရာရှိ ဦးစိုးဟန်က ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြောင်းလဲပြင်ဆင်မှုများကို ရှင်းလင်းပြောဆိုသွားသည်။

နိုင်ငံခြားစီမံကိန်းသစ် တည်ဆောက်ရေးကာလအတွင်း စက်ပစ္စည်းကိရိယာ တင်သွင်းခြင်းအပေါ် အကောက်ခွန်ပယ်ဖျက်ပေးခြင်း၊ ဝင်ငွေခွန်ကို ၃ နှစ်ဆက်တိုက် ကင်းလွတ်ခွင့်ပေးခြင်း၊ တစ်ချိန်က ၂၀၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခဲ့သော တန်ဖိုးမြှင့်အခွန်ကို ၅ ရာခိုင်နှုန်းအထိ လျော့ပေးခြင်းတို့ကို လုပ်ဆောင်မည်ဟု ဦးစိုးဟန်က ဆိုသည်။

အထူးစီးပွါးရေးဇုံများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အနေအထားမှာ ပို၍ပင် ဆွဲဆောင်မှုရှိသည်ဟု ၎င်းက ပြောကြားသည်။

ဇန်နဝါရီလက ထုတ်ပြန်ခဲ့သော အထူးစီးပွါးရေးဇုံဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ပထမ ၅ နှစ် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး၊ ပို့ကုန် အပေါ် ဝင်ငွေခွန် ၅၀ ရာခိုင်နှုန်း သက်သာခွင့်ရမည်ဖြစ်သည်။ လတ်တလော မြန်မာနိုင်ငံတွင် “ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်” အထူးစီးပွါးရေးဇုံ ၃ ခုကို အကောင်အထည်ဖော်နေသည်။

ဘီဂျင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တရုတ်-အာဆီယံ စီးပွါးရေးကောင်စီအမှုဆောင် အထွေထွေအတွင်းရေးမှူးချုပ် ဇူနင်းနင်းက “ဒီမူဝါဒ တွေဟာ သိပ်ကိုသဘောကျစရာကောင်းပါတယ်၊ တရုတ်နိုင်ငံရဲ့မူဝါဒထက် အများကြီးပိုပြီးသဘောကျစရာကောင်းပါတယ်” ဟု မှတ်ချက်ပေးပါသည်။

မြန်မာနိုင်ငံ၏ စီးပွါးရေးတံခါးပွင့်ဟလာခြင်းသည် ယခင်က အရေးယူမှုဒဏ်ခတ်မှုများကြောင့် ရောက်မလာနိုင်ခဲ့ကြသော အနောက်အုပ်စု ကုမ္ပ ဏီများအကြား “သယံဇာတ ကြွယ်ဝ၍ ဆင်းရဲသောနိုင်ငံ” အပေါ် စိတ်ဝင်တစားဖြစ်လာအောင် လှုံ့ဆော်ပေးနေသည်။

အမှန်စင်စစ် မြန်မာနိုင်ငံတွင်းသို့ အနောက်ကုမ္ပဏီများ ခြေချပြီးသားပင် ဖြစ်နေပြီ။

အမေရိကန် General Electric ၏ ကုမ္ပဏီခွဲ GE Health Care သည် ပြည်တွင်း မိတ်ဖက်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ မြန်မာဈေးကွက်သို့ ဝင် ရောက်နေပြီဖြစ်သလို ၁၉၆၂ အာဏာမသိမ်းမှီခေတ်က ဗြိတိန် Standard Chartered Plc ဘဏ်လုပ်ငန်းသည်လည်း ပြန်လည်ဝင်ရောက်ရန် စိတ်ဝင် စားနေပြီ။

နာမည်ကြီး အမေရိကန်ရင်းနှီးမြှုပ်နှံသူ Jim Rogers က “ဖြစ်နိုင်ရင် ကျွန်တော့်ပိုက်ဆံအားလုံး မြန်မာနိုင်ငံထဲကို ပုံလောင်းလိုက်ချင်တယ်”ဟု အမွှန်းတင် ပြောဆိုခဲ့သည်။

အနောက်ကုမ္ပဏီများ၏ စိတ်လှုပ်ရှားမှုနှင့် ဆန့်ကျင်ကွဲပြားစွာ စိတ်ရှုတ်ထွေးနေသူများမှာ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းကို ပူပန်နေကြသော တရုတ်စီးပွါးရေးသမားများကိုပင် ဖြစ်သည်။

“အနောက်ကုမ္ပဏီတွေ စီးဝင်လာတာဟာ အချိန်ကာလရဲ့ သဘာဝပါပဲ”ဟု ပြောကြားသူမှာ China Texmatech Co.Ltd အထွေထွေမန်နေဂျာ လီမင်း ဖြစ်သည်။ သူ့ကုမ္ပဏီသည် မြန်မာအစိုးရ၏ အထည်အလိပ်လုပ်ငန်းအတွက် စက်ရုံများကူညီတည်ဆောက်ပေးလျက်ရှိသည်။

“မြန်မာအစိုးရပိုင် လုပ်ငန်းတွေအတွက် ရံပုံငွေက အရင်ကတော့ ပြဿနာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ လွှတ်တော်ရဲ့ အတည်ပြုမှုကို လိုအပ်နေ ပါပြီ။ နောက်တစ်ချက်က အရင်ကဆို တရုတ်ကုမ္ပဏီအချင်းချင်းပဲ ပြိုင်ဆိုင်ခဲ့ရတယ်။ အခုတော့ အနောက်အုပ်စု၊ ဂျပန်၊ တောင်ကိုရီးယားကုမ္ပဏီတွေနဲ့ ယှဉ်ရတော့မှာကို ကျွန်တော် စိုးရိမ်မိပါတယ်” ဟု လီမင်းက သုံးသပ်ပြောဆိုခဲ့သည်။ ထို့အပြင် မြန်မာအစိုးရ၏ စိတ်သဘောထား ရုတ်ခြည်းပြောင်းလဲမှု အပေါ် တရုတ်ကုမ္ပဏီများ စိုးရိမ်ပူပန်နေကြသည် ဟု သိရှိရသည်။

ပြီးခဲ့သော သြဂုတ်လတွင် မြန်မာသမ္မတ ဦးသိန်းစိန်က ဒေသခံများနှင့် အတိုက်အခံများ၏ ကန့်ကွတ်မှုကို အကြောင်းပြကာ အကြီးစားမြစ်ဆုံ ရေ လှောင်တမံ တည်ဆောက်မှုကို ရပ်ဆိုင်းထားသည်။

ယင်းဖြစ်ရပ်အပြီး နှစ်ဖက်အစိုးရများက ပြဿနာအေးဆေးအောင် ကြိုးစားခဲ့သော်လည်း အနာဂါတ် တရုတ်ရင်းနှီးမြှုပ်နှံမှုများအပေါ် လောင်းရိပ် မိုးသွားခြင်းမှာမူ သံသယရှိစရာမလိုအောင် သေချာလှပေသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီကိစ္စကြောင့် ကျွန်တော်တို့ စိုးရိမ်ပူပန်နေရပါတယ်”ဟု မြန်မာစီမံကိန်းနှစ်ခု ကန်ထရိုက်ရထားသော China Railway International ကုမ္ပဏီများက သူတို့ စီမံကိန်းများ၏ ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုဆိုင်ရာ ဆိုးကျိုးမှုများကို သိရှိတာဝန်ယူကြောင်း ပိုမိုပြသလာခြင်းပင် ဖြစ်သည်။

ဘီဂျင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော CNPC ကော်ပိုရေးရှင်း၏ အရှေ့တောင်အာရှ ပိုက်လိုင်းကုမ္ပဏီ ဒုတိယဥက္ကဌ လီဇီလင်းက သူ့ကုမ္ပဏီ၏ ကျင့်ဝတ်သိက္ခာပြည့်ဝသော ဆောင်ရွက်မှုများနှင့် ဒေသခံပြည်သူတို့၏ ဘဝကို ကူညီစောင့်ရှောက်ပေးမှုများကို အဓိက ထုတ်ဖေါ်ပြောဆို သွားသည်။

CNPC၏ အရေးကြီးဆုံး စီမံကိန်းမှာ ကျောက်ဖြူ-ကူမင်း ကီလိုမီတာ ၂၀၀၀ ရေနံ ဓါတ်ငွေ့ ပိုက်လိုင်းဆက်သွယ်မှုဖြစ်သည့် စီမံကိန်း၏ ရှယ်ယာ ၅၀.၉ ရာခိုင်နှုန်းကို CNPC ကပိုင်ဆိုင်၍ ကျန်ရှယ်ယာကို အစိုးရပိုင် မြန်မာ့ရေနံ ဓါတ်ငွေ့လုပ်ငန်းက ပိုင်ဆိုင်သည်။

“အခုထိတော့ တတိယကြားအုပ်စုတစ်ခုက ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပြုလုပ်ပေးတာမျိုး မရှိခဲ့ပါဘူး၊ စီမံကိန်းကတော့ ချောချောမောမော ဆက်သွားနေပါတယ်။ လာမယ့်နှစ် ဇူလိုင်လများ၌ အပြီးသတ်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု လီမင်းက ဆိုသည်။

သို့သော်လည်း တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၌ အရင်ရောက်ကာ အသားကျနေခြင်း၊ ပထဝီယဉ်ကျေးမှု နီးစပ်ခြင်း၊ နှစ်နိုင်ငံအစိုးရ များ ဆက်ဆံရေ ကောင်းမွန်ခြင်းတို့ကို အားကိုးကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသင့်သည်ဟု ဇူနင်းနင်းက ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံတွင် တရုတ်ပြည်မကြီးက အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ပမာဏ ၁၃.၉၅ ဘီလျံဒေါ်လာ ရှိသည်ဟု မြန်မာသံရုံးက ဆို သည်။

ယင်းအနက် ၆၃ ရာခိုင်နှုန်းမှာ ဓါတ်အားကဏ္ဍတွင် ထည့်ဝင်ထားပြီး ရေနံဓါတ်ငွေ့တွင် ၂၅ ရာခိုင်နှုန်းနှင့် သတ္တုတွင်းကဏ္ဍတွင် ၁၁ ရာခိုင်နှုန်း အသီးသီး မြှုပ်နှံထားခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမြတ်အစွန်းကြီးသော ကဏ္ဍများတွင် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားပိုင်ကုမ္ပဏီများကို ကန့်သတ်ထားပြီး ပြည်တွင်းလုပ်ငန်းများနှင့် ဖက်စပ်ထူထောင်ရာတွင် နိုင်ငံခြားကုမ္ပဏီများကို ၃၅ ရာခိုင်နှုန်းထက် မပိုဘဲ ထည့်ဝင်ခွင့်ပြုမည်ဟု မြန်မာရင်းနှီးမြှုပ်နှံမှုဥပဒေသစ်က ဆိုသည်။

ဇူနင်းနင်းက ဆက်လက်၍“ တရုတ်ကုမ္ပဏီများအနေဖြင့် မြန်မာ့မူဝါဒအပြောင်းအလဲများကို နိုးနိုးကြားကြား ရှိဖို့လိုသည်။ အမှန်စင်စစ် မြန်မာ နိုင်ငံ၌ ပလေယာပိုများလာခြင်းသည် မြန်မာနိုင်ငံကို ဖွံ့ဖြိုးအောင် ပြုလုပ်ပေးနိုင်သည်။ သို့မှသာ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်လိမ့်မည်”ဟု သုံးသပ်ပြောကြားသွားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သူများကြား သဘောထား ကွဲလေမည်လော

(3 June 2012 ရက်စွဲပါ The New York Times မှ Thomas Fuller ရေးသားသော Hints of a rift between Myanmar's political reformers ကို ဘာသာပြန်သည်)

မြန်မာနိုင်ငံတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်သည် ယင်းနှင့် သမ္မတကြီး ဦးသိန်းစိန်ကြား အရေးပါသော ဆက်ဆံရေးကို ထိခိုက်မည့် သဘောကို တွေ့ရသည်။

တနင်္ဂနွေနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက်၊ မြန်မာသမ္မတ၏ အကြံပေးတစ်ဦးက ဒေါ်အောင်ဆန်း စုကြည်အား သူ၏ ခရီးစဉ်တွင် ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတိမမူပဲ အကောင်းမြင်ကြခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအပေါ် သတိပေးခဲ့ခြင်းများအပေါ် ဝေဖန်ခဲ့သည်။

"ပုဂ္ဂိုလ်ရေးအရ ကျွန်တော်သူ့ကို သဘောကျပါတယ်။ ဒါပေမယ့် သံသယ ရှိနေပါတယ်"ဟု အကြံပေး ဦးနေဇင်လတ်က အီးမေးလ်တွင် ဖော်ပြခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်တွင် လူကြိုက်များလှသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကြောင့် ယင်းအပေါ် လူသိရှင်ကြား ဝေဖန်မှုများမှာ ရှား ပါးလှသည်။ ငြင်သာသောပုံစံဖြင့် ဝေဖန်မှုပင် ရှားပါးလှသည်။

ဦးနေဇင်လတ်၏ မှတ်ချက်များမှာ ဦးသိန်းစိန်၏ အကြံပေးများအနက် ပထမဆုံး ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ သောကြာနေ့က သမ္မတကြီးသည် ယင်း၏ ထိုင်းနိုင်ငံခရီးစဉ်ကို ဖျက်သိမ်းပြီးနောက် ဖြစ်သည်။ ခရီးစဉ်ဖျက်သိမ်းခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ လည်ပတ်ခြင်းအပေါ် ဘန်ကောက်၏ ကိုင်တွယ်ပုံအား တုန့်ပြန်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းမီဒီယာများက ပုံဖော်ခဲ့ကြသည်။

တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ခွင့်ပြုခဲ့ခြင်းမှာ အမျိုးသားပြန်လည်စည်းလုံးရေး လမ်းကြောင်းအတွက် သမိုင်းမှတ်တိုင်ပင် ဖြစ်သည်။ စစ်အစိုးရလက်ထက်က သူသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ကို ငြင်းပယ်ခံရမည် စိုးရိမ်သဖြင့် နိုင်ငံခြားသို့ ခရီးထွက်ခြင်း မပြုခဲ့ပေ။

ယင်း၏ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ခြောက်ရက်တာ ခရီးစဉ်အပေါ် အစာမကြေမှုများ ဖြစ်ပေါ်ခြင်းမှာ တိုင်းပြည်၏ မရေရာသေးသော အသွင်ကူး ပြောင်းရေးကာလကို ပေါ်လွင်စေခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှ ရှုပ်ထွေးပြီး သိမ်မွေ့သော ဆက်ဆံရေးအပေါ်တွင် တနည်း အခြေပြုနေသည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းတို့နှစ်ဦး သြဂုတ်လက တွေ့ဆုံမှုသည် နိုင်ငံ၏ ပြောင်းလဲမှုများကို အရှိန် မြှင့်နိုင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အားလည်း နိုင်ငံရေးစနစ်အတွင်း ပြန်လည် ဝင်ရောက်စေခဲ့သည်။

"လောလောဆယ် မြန်မာနိုင်ငံမှာ တိုးတက်မှုအများစုဟာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆက်ဆံရေးကြောင့် ဖြစ်နေတာပါ"ဟု ဗဟုဖွံ့ဖြိုးမှုမှ သုတေသနပြုသူ ဝင်းမင်းက ပြောကြားခဲ့သည်။ "သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံရေးအတွက် ကျွန်တော် အနည်းငယ် စိုးရိမ်ပါတယ်။ ဆက်ဆံ ရေး ထိခိုက်မယ်ဆိုရင် အမျိုးသား ပြန်လည်စည်းလုံးရေးကို ထိခိုက်နိုင်ပါတယ်"ဟု ယင်းက ပြောသည်။

သောကြာနေ့က ဦးသိန်းစိန်သည် ထိုင်းနိုင်ငံခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းမှာ မြန်မာခေါင်းဆောင်တစ်ဦးအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်၏ ငွေကြယ်ပွင့်ပါဝါ လွှမ်းမိုးအရိပ်ထိုးမှုကို မခံနိုင်ကြောင်း ဘန်ကောက်နှင့် ဒေသတွင်း အခြားအစိုးရများသို့ သတင်းစကားပါးခဲ့ခြင်း ဖြစ် သည်။

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးခြင်းများသည် မြန်မာနိုင်ငံ တံခါးအဖွင့်တွင် အခြားသူများထက် အသာစီးရအောင် ကြိုးစားနေရာ ယူနေကြသည်။ မြန်မာနိုင်ငံသည် ဈေးကွက်အသစ်တစ်ခုဖြစ်ပြီး ကမ္ဘာ့စီးပွားရေး နှေးကွေးနေသည့်အချိန်တွင် အမြတ်ရလိမ့်မည်ဟု ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်လျက် ရှိသည်။

ထိုင်းအစိုးရအနေဖြင့် လူသိရှင်ကြားမဟုတ်သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတိထားနေရသော ကိစ္စမှာ ထိုင်းနိုင်ငံအား အိန္ဒိယသမုဒ္ဒ ရာနှင့် ဆက်သွယ်ခွင့်ပေးမည့် မြန်မာနိုင်ငံမှ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းကြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် ထိုင်းနိုင်ငံအား မြန်မာနှင့်ဆက်ဆံရေး ထိခိုက်စေမည်ကို စိုးရိမ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လတ်က အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်ဟု တနင်္ဂနွေနေ့က ထိုင်း၏ အကြီးဆုံးသတင်းစာ Thai Rath က ဖော်ပြခဲ့သည်။

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပေါ် စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု အဆိုပါ သတင်းစာက ဆိုခဲ့ပြီး၊ ဝန်ကြီးချုပ် ယင် လတ်သည် ထိုင်းနိုင်ငံခြားရေးဌာနသို့ အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ ပြည်သူသို့ အသေးစိတ်ရှင်းလင်းရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

မြန်မာအစိုးရ စိတ်အနှောက်အယှက်ဖြစ်ရဆုံး ကိစ္စမှာ စနေနေ့က ဒေါ်အောင်ဆန်းစုကြည် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက် ခဲ့ခြင်းနှင့် သောကြာနေ့က ဘန်ကောက်ကွန်ဖရင့်တွင် ရင်းနှီးမြှုပ်နှံသူများအား မြန်မာနိုင်ငံတွင် သတိထားလုပ်ကိုင်ကြရန် တိုက်တွန်းခဲ့ခြင်းများ ဖြစ်သည်။

သူ၏ ခရီးစဉ်နှင့် ပတ်သက်၍ သဘောထားမတူညီမှုများ ရှိလင့်ကစား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ကြား ဆက်ဆံရေးမှာ မပြောင်း မလဲ ရှိလိမ့်မည်ဟု ယူဆရသည်။ အကြောင်းမှာ ယင်းတို့နှစ်ဦးသည် နားလည်မှုရှိပြီး သမ္မတကြီး၏ ပြုပြင်ပြောင်းလဲမှုစိတ်ဓာတ်သည် ရိုးသားမှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာခဏပြောကြားခြင်းများ ရှိခြင်းကြောင့်ဟု သုံးသပ်သူအများစုက ယုံကြည်နေကြသည်။

သို့သော် ယင်းတို့နှစ်ဦးကြား အငြင်းပွားဖွယ်များ ဖြစ်လာနိုင်သည့် အလားအလာများကို မြန်မာပြည်သူများက စိုးရိမ်လျက်ရှိသည်။ ယခုအချိန်ထိ နိုင်ငံရေးအရ ပြောင်းလဲမှုများသည် ပုဂ္ဂိုလ်ရေးစွမ်းဆောင်မှုများကြောင့် ဖြစ်ပြီး အဖွဲ့အစည်းများ၊ ဥပဒေများ၏ စွမ်းဆောင်မှု မဟုတ်သေးပေ။ ဒေါ်အောင် ဆန်းစုကြည်ကလည်း သူ၏ ထိုင်းနိုင်ငံခရီးစဉ်တွင် သတင်းထောက်များအား ပြောကြားခဲ့ရာတွင် ဦးသိန်းစိန်ထံတွင် ထင်ရှားသော ဆက်ခံမည့်သူမရှိဟု ဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ရော ဦးသိန်းစိန်ပါ အသက် (၆၀)နောက်ပိုင်းတွင် ရောက်ရှိနေပြီး၊ ကျန်းမာရေးအရ စိုးရိမ်ရမှုများ ရှိနေသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများမှာ ရုတ်တရက်ဖြစ်ပြီး စစ်အစိုးရများဟူသည် အရပ်သားအုပ်ချုပ်မှုကို မိမိသဘောအလျောက် လွှဲပေးခြင်းဆိုသည် မှာ ခဲယဉ်းတတ်သောကြောင့် သုံးသပ်သူများသည် မြန်မာနိုင်ငံ၏ အနီးကပ်ဆုံး အနာဂတ်ကို ကြိုတင်ပြောပြန်ရန် ဝန်လေးလျက် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ပြန်ထားပြီး၊ နိုင်ငံရေးလောကမှ ထုတ်ပစ်ရန်မူ မဖြစ်နိုင်တော့သည့် သဘောကို ဆောင်နေပါသည်။ အ ဘယ်ကြောင့်ဆိုသော် သူသည် သြဇာရှိမှု အထိုက်အလျောက်ရှိခဲ့ပြီဖြစ်ခြင်းကြောင့် ဖြစ်သည်။ သူ့အား လူကြိုက်များမှုမှာလည်း လွှမ်းမိုးလျက်ရှိပြီး သူ့အား ဘေးသို့ကန်ထုတ်ရန် ကြိုးစားသည့် အစိုးရမှန်သမျှ အန္တရာယ်ကြီးလှသောကြောင့် ဖြစ်သည်။

*****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment