Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အခွင့်အလမ်းနှင့် စိန်ခေါ်မှုများရောက်လာတော့မည်……

*****************************************

ဆောင်းပါးကဏ္ဍ

အခွင့်အလမ်းနှင့် စိန်ခေါ်မှုများရောက်လာတော့မည်……

မိုးမြင့်ငြိမ်း

စာရေးသူအနေဖြင့် ကိုယ့်ငါးချဉ်ကိုယ်ချဉ်သည်တော့ မဟုတ်ပါ။ ယခုစာရေးသူတို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အလွန်စိတ်ဝင်စားကြ သည်။ နိုင်ငံတကာရေးရာ နိုင်ငံရေး၊ စီးပွားရေးကို စိတ်ဝင်စားကြသော နိုင်ငံခြားသားတိုင်း မြန်မာအကြောင်းပြောလျှင် တစ်ခုတ်တစ်ရနှင့် နားထောင် ကြသည်၊ စေ့စေ့စပ်စပ်မေးခွန်းများကို မေးကြသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကို အလေးထားသလောက် စီးပွားရေးအပြောင်းအလဲ များကိုလည်း မည်သို့လုပ်ဆောင်မည်နည်းကို သိချင်ကြသည်။ တနည်းဆိုရလျှင်တော့ မြန်မာအရေးပြောဆိုမှုကပင် ဆွဲဆောင်အောင်ကောင်းသော (sexy) အကြောင်းအရာတစ်ခု ဖြစ်လာလေပြီ။

နိုင်ငံခြားသားတို့ မြန်မာ့အရေးပြောဆိုမှုတွင် မပါမပြီးသည့် ပုဂ္ဂိုလ်မှာ အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အဖရိကခေါင်းဆောင် နယ်ဆင်မယ်ဒဲလ်လားမျိုးဆက်ဖြစ် သည်ဟုပင် ကောက်ချက်ချကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စွမ်းအင်ဝန်ကြီးတို့ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရိမ်၌ ပြောသော မိန်းခွန်းများ၊ သတင်းစာရှင်းလင်းပွဲတို့ကို နားထောင်ကာ တစ်ခုတ်တရ ဆွေးနွေးကြသည်။ ရန်ကုန်နှင့် မန္တလေးမြို့ကြီးတို့တွင် ဖယောင်းတိုင်မီးထွန်းကာ လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြတောင်းဆိုသည့် သတင်းများကို နားထောင်ကာ မြန်မာနိုင်ငံ၏ စွမ်းအင်အခြေအနေများကို မေးကြသည်၊ ဆွေးနွေးကြ သည်။ အစိုးရ၏ ဆန္ဒပြပွဲများအပေါ် တုံ့ပြန့်သည့် နောက်ဆက်တွဲသတင်းများကို စောင့်ဖတ်ကြသည်။ ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများ အဓိက ရုန်းနှင့် ပတ်သက်၍လည်း စိတ်ဝင်စားကြပြန်သည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်ကိုလည်း ရှုထောင့်အသီးသီးမှ မှတ်ချက်အမျိုးမျိုး ပေးနေသည်။

ဤနေရာတွင် မီဒီယာ၏တာဝန်မှာ အထူးအရေးကြီးလာပါသည်။ ထိုသို့ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ဝင်တစားရှိနေကြသော နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံ၏ အဖြစ်အပျက်များအပေါ် မီဒီယာမှတစ်ဆင့်သာ ကြားသိနေရသောကြောင့်ဖြစ်သည်။ တချို့ကိစ္စများအပေါ် မှန်မှန်ကန်ကန် သိနားလည်သလို တချို့ကိစ္စများတွင်လည်း မြန်မာနိုင်ငံ၏ ပကတိအခြေအနေတိုင်းမဟုတ်ဘဲမီဒီယာ၏ မီးမောင်း ထိုးပြမှုအတိုင်းသာ သိနားလည်ကြသည်။ လူထုဆက်သွယ်ရေးတာဝန်ကို အဓိကယူရသော မီဒီယာမှာ တစ်ခါတစ်ရံတွင် အပေါ်ယံလောက်သာ သတင်း စားသုံးသူများကို ပေးအပ်နိုင်ပါသည်။ အထူးသဖြင့် နိုင်ငံတကာမီဒီယာများတွင်ဖြစ်သည်။ နိုင်ငံတကာသတင်းမီဒီယာအများစုမှာ မြန်မာနိုင်ငံ၏ ပကတိ အနေအထားကို တိတိပပ နားလည်မှုမရှိပဲ မြန်မာနိုင်ငံအကြောင်းကို ရေးကြသည်။ သုံးသပ်ကြသည်။ တချို့သတင်းမီဒီယာများမှာတော့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြသည်။

မည်သို့ဖြစ်စေ မြန်မာအရေးမှာ ယခုအခါတွင် တော်တော်လေး ပြောဆိုနေရသည့် အကြောင်းအရာဖြစ်သည်။ နိုင်ငံတကာရေးရာကို စိတ်ဝင် စားခြင်းသိပ်မရှိဘဲ မိမိတို့၏ ပြည်တွင်းရေးရာကိုပဲ စိတ်ဝင်စားကြသည့် နိုင်ငံခြားသားများပင်လျှင် မြန်မာနိုင်ငံမှာ ယခင်ကနှင့်မတူတော့ဘူးဟု အနည်း ဆုံး သိနားလည်သွားကြသည်။ ယင်းတို့အထဲတွင် စိတ်ဝင်စားမှုအရှိဆုံးသူများမှာ စီးပွားရေးသမားများနှင့် ရင်းနှီးမြုပ်နှံသူများဖြစ်သည်။ ရင်းနှီးမြုပ်နှံသူ များသည် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဆောင်၍ ကောင်းသည့် ပတ်ဝန်းကျင်မရှိမှန်း သိနေကြသော်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် စိုင်းပြင်းနေ ကြသည်။ သို့ဆိုလျှင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသည် မြန်မာနိုင်ငံသို့ များမကြာမီကာလအတွင်း ဝင်လာမစဲတစ်သဲသဲ ဖြစ်ဟန်ရှိတော့ပေမည်။ မြန်မာ စီးပွားရေးအကြာင်းနှင့် ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေ၊ ကုမ္ပဏီဥပဒေ၊ အလုပ်သမားဥပဒေ၊ လက်ရှိနှင့် နောင်ငါးနှစ်အတွင်း အလားအလာ ကောင်းသည့် စီးပွားရေးလုပ်ငန်းများကို ပြာပြာသလဲကို နားထောင်ကြသည်။ မှတ်သားကြသည်။ မြန်မာနိုင်ငံမှာ နောက်ထပ်အားရှကျားတစ်ကောင် ဖြစ်တော့မည်လော။

မြန်မာနိုင်ငံသည် ယခုအချိန်တွင် ဖွံ့ဖြိုးမှုလမ်းကြောင်းသို့ အရှိန်အဟုန်နှင့်တက်ရန် အခွင့်အလမ်းတွေ များစွာ ပေါ်နေပြီဖြစ်သည်။ ဤနေရာ တွင် မေးစရာရှိသည်မှာ မြန်မာတွေကကော အဆင့်သင့်ဖြစ်ပြီလား။ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားနိုင်ရမည်။ ဖွံ့ဖြိုးရေးကို အရှိန်အဟုန်နှင့် သွား သည့်အခါတွင် စွမ်းရည်တည်ဆောက်မှုမှာ အတော်စကားပြောမည့်အရာဖြစ်သည်။ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် စီမံခန့်ခွဲမှု အတတ်ပညာ များ၊ နည်းပညာအသုံးပြုမှုများ၊ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုမှုများမှာ အထူးလိုအပ်လာသည်။ အခွင့်အလမ်းများ များစွာရှိလာမည့်နည်းတူ စိန်ခေါ်မှုများသည်လည်း ဆက်တိုက်ဆိုသလို ကြုံတွေ့ရတော့မည်။ စွမ်းရည်ဖြည့်တင်းထားမှသာလျှင် စိန်ခေါ်မှုများကိုကျော်လွှား၊ အန္တရာယ်များကို ရှောင်ဖယ်၊ အခွင့်အရေးများကိုစွပ်ယူကာ နိုင်ငံသားအားလုံး ကြွယ်ဝမှုနှင့် ငြိမ်းချမ်းမှုဆီသို့ အရောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment