Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၎.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၄)

  1. UNDP ၏ ဖွံ့ဖြိုးရေး ရံပုံငွေအစီအစဉ် ပုံမှန်ပြန်စတော့မည်

(The Japan Times မှ 4 June 2012 ရက်စွဲပါ "UNDP set to normalize Myanmar aid" သတင်းကို ဘာသာပြန်ဆိုသည်)

  1. စီစဉ်တကျမရှိပဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာ

(The New York Times မှ 29 May 2012 ရက်စွဲပါ "Amid disorganization, Aung San Suu Kyi visits Thailand" သတင်းကို ဘာသာ ပြန်ဆိုသည်။)

******************************

ဘာသာပြန်သတင်းများ

UNDP ၏ ဖွံ့ဖြိုးရေး ရံပုံငွေအစီအစဉ် ပုံမှန်ပြန်စတော့မည်

(The Japan Times မှ 4 June 2012 ရက်စွဲပါ "UNDP set to normalize Myanmar aid" သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP သည် မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့မှုကို ဂျပန်နိုင်ငံ၏ စတင်ကြိုးပမ်းမှုဖြင့် ယခုလအတွင်း ပုံမှန်ပြန် စရန် အဆင်သင့်ဖြစ်နေပြီဟု ကုလသံတမန်သတင်းရပ်ကွက်မှ သောကြာနေ့တွင် ပြောကြားသည်။

ယခင်က စစ်ဖက်အာဏာရှင်အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ ဒီမိုကရေစီသို့ကူးပြောင်းရန် ဦးတည်နေပြီးဖြစ်သောကြောင့် အမေရိ ကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ယင်းတို့ချမှတ်ထားသော sanctions များကို ဖြေလျော့ပေးရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ပိုင်းအခြားနိုင်ငံများက ဖွံ့ဖြိုးရေးအကူအညီ ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ သယံဇာတများကို ထုတ်ယူရန်ပြိုင်ဆိုင်မှု ကြီးထွားနေပါသည်။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်း အဝိုင်းထဲသို့ ပြန်ခေါ်ရန်ကြိုးစားနေသော ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးရန်ပုံငွေ ပုံမှန်ပြန်လည်ထောက်ပံ့ရန် UNDP တွင် ကြိုးပမ်းခြင်း ဖြင့် ဂျပန်နိုင်ငံ၏ဂုဏ်သတင်း ကိုမြှင့်တင်ရန် မျှော်လင့်လျက်ရှိသည်။

UNDP ရုံးစိုက်ရာ နယူးရောက်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ဂျပန်သံတမန်အဖွဲ့က ကုလသမဂ္ဂ၏ ဖွံ.ဖြိုးရေးရန်ပုံငွေ တားမြစ်မှု မည် သည့်အချိန်တွင် ဖယ်ရှားမည်ကို သက်ဆိုင်ရာနိုင်ငံများအကြား ညှိနှိုင်းရန် အလွတ်သဘောဆွေးနွေးပွဲကို ဦးဆောင်ကျင်းပခဲ့ပြီးဖြစ်သည်။

ထိုသို့ ညှိနှိုင်းရာတွင် မြန်မာနိုင်ငံအပေါ် UNDP ဖွ.ံဖြိုးရေးရန်ပုံငွေ ပုံမှန်ပြန်လည်ထောက်ပံ့ခြင်းကို အင်ဒိုနီးရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် မည့် အဆိုပြုချက်ကို ကုလသမဂ္ဂအဖွဲ.အစည်း အလုပ်အမှုဆောင် ဘုတ်အဖွဲ့ ၃၆ နိုင်ငံ၏ ယခုလကုန် ဂျီနီဗာအစည်းအဝေးတွင် ဂျပန်နိုင်ငံက တင်သွင်း ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။

UNDP အမှုဆောင်ဘုတ်အဖွဲ.ဝင်နိုင်ငံများက ယင်းအဆိုပြုချက်မူကြမ်း သဘောတူထားကြပြီးဖြစ်သောကြောင့် ကန့်ကွက်မှုမရှိဘဲ အတည်ပြု နိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ အသေးစိတ် သီးခြားစီမံချက်များနှင့်ပတ်သတ်၍ ဆွေးနွေးခြင်းကိုမူ UNDP အမှုဆောင်ဘုတ်အဖွဲ့၏ စက်တင်ဘာလ အစည်းအဝေးတွင် ပြုလုပ်နိုင်လိမ့်မည်ဟု သံတမန်သတင်းရက်ကွက်က ဆိုပါသည်။

အထက်ပါအစီအစဉ်ကို အတည်ပြုပြီးပါက မြန်မာနိုင်ငံအပေါ် UNDP ၏ ပံ့ပိုးကူညီမှုအစီအစဉ်များကို လာမည့်နှစ်တွင် စတင်တော့မည်ဖြစ်ပြီး မြန်မာအစိုးရ၏ အုပ်ချုပ်စီမံမှုစွမ်းရည်ကို မြှင့်တင်ပေးမည့်အစီအစဉ်များလည်း ပါဝင်သည်ဟု သံတမန်များက ပြောကြားသည်။

*****************************

စီစဉ်တကျမရှိပဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာ

(The New York Times မှ 29 May 2012 ရက်စွဲပါ "Amid disorganization, Aung San Suu Kyi visits Thailand" သတင်းကို ဘာသာပြန်ဆိုသည်။)

"ကျွန်တော်တို့အားလုံး အကြားနဲ့တင် နားစွင့်ပြီးအလုပ်လုပ်နေရတယ်လို့ ထင်ပါတယ်"ဟု ပြောကြားလိုက်သူမှာ ထိုင်းနိုင်ငံဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သန်နိုသောင်ပတ်ဒီ ဖြစ်ပါသည်။

အင်္ဂါနေ့က ထိုင်းနိုင်ငံကိုရောက်ရှိလာသော မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို သူက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူမကို တန်းစီစောင့်ဆိုင်းနေသော ဓါတ်ပုံသတင်းထောက်များကို လစ်လျူရှုကာ မှတ်ချက်ပေးပြောကြားခြင်း မပြုပဲ လေဆိပ်မှ မြန်မြန်ဆန်ဆန် ထွက်ခွါသွားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ ပြည်ပခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးသော ပုဂ္ဂလိက မှတ်တိုင်တစ်ခုဖြစ်ပြီး ၂၄ နှစ်အတွင်း သူမ၏ ပထမ ဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ သို့သော် ခရီးစဉ်ကို ကြိုတင်စီစဉ်ရန်လိုအပ်ကြောင်း နောက်မှအကြံရသွားသည့် လက္ခဏာရှိပါသည်။ ထိုကဲ့သို့ လူအများ စိတ်ဝင်စားသော ခရီးစဉ်မျိုးကို ပုံမှန်အားဖြင့် ကြိုတင်ညှိနှိုင်းရသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို သူမ၏ရုံးမှ မည်သူကမှ ဆက်သွယ်ခဲ့ခြင်းမရှိပါ။

"အခုချိန်ထိ ဘယ်သူကမှ အကြောင်းမကြားသေးပါဘူး"ဟု သူမ မရောက်ခင် နာရီပိုင်းအလိုတွင် မစ္စတာသန်နိုက ပြောကြားသည်။

သတင်းဖော်ပြချက်များအရ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံထဲမှ တိမ်းရှောင်လာသော ကရင်စစ်ပြေးဒုက္ခများနေထိုင်ရာ ထိုင်းနိုင်ငံ တပ်စ်ပြည်နယ် ဒုက္ခသည်စခန်းသို့ သွားရောက်မည်ဟု ဆိုပါသည်။ သို့သော် ထိုဒေသသို့ ခရီးသွားလာခြင်းကို ထိုင်းအစိုးရက တားမြစ်ထားပြီး ယင်းကဲ့သို့ ခရီးမျိုးကို ခွင့်ပြုချက်ပေးရန် တာဝန်ရှိသောအာဏာပိုင်များက သူတို့ဘာမှမသိရကြောင်း ပြောကြားခဲ့ကြသည်။

"သူမရဲ့ ခရီးစဉ်အကြောင်းကို သတင်းမီဒီယာတွေကနေ ကျွန်တော်တို့ သိရတာပါ။ သူမရဲ့ ရုံးအဖွဲ့ဆီကနေ သိရတာ မဟုတ်ပါဘူး။ သူမရဲ့ခရီး စဉ်အသေးစိတ်ကို ကျွန်တော်တို့ရရှိထားမှ ကြိုတင်ပြင်ဆင်လို့ရမယ်လို့ ကျွန်တောထင်ပါတယ်"ဟု တပ်စ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဆူရီယာ မူရာဆင် ဘန်တစ်ယာက အင်္ဂါနေ့ တယ်လီဖုန်းအင်တာဗျူးတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်နှင့် တွေ့ဆုံဖွယ်ရှိပါသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများ စွာ နေထိုင်ကြသော ဘန်ကောက်မြို့ပြင်သို့လည်း သွားရောက်နိုင်ဖွယ်ရှိပါသည်။ သို့မဟုတ် မသွားပဲလည်း နေနိုင်ပါသည်။

သူမ၏ အစီအစဉ်ကို မည်သူကမျှ အတည်မပြုနိုင်ခဲ့ကြပါ။ သူမ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း၏ လက်ကိုင်ဖုန်းမှာလည်း အင်္ဂါနေ့က စက် ပိတ်ထားသည်ဟု တုံ့ပြန်ပါသည်။

လုံခြုံရေးအကြောင်းအရင်းများကြောင့် အရေးကြီးပုဂ္ဂိုလ်များ၏ ခရီးစဉ်အချက်အလက်ကို ထိန်ချန်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း ဧည့်သည်တော်ပုဂ္ဂိုလ်က သွားရောက်လည်ပတ်မည့် နိုင်ငံ၏ အစိုးရထံ မဆက်သွယ်ခြင်းမှာမူ ကြုံတောင့်ကြုံခဲပင် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကို သူမ၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့်က စီစဉ်သည့်လက္ခဏာရှိပါသည်။ သူသည် ပြီးခဲ့သော ၄ ရက်လုံးလုံး အစည်းအဝေးများ တွေ့ဆုံပွဲများဖြင့် အချိန်ကုန်ခဲ့သည်ဟု ရွှေ့ပြောင်းအလုပ်သမားများနှင့် အစည်းအဝေးကို ကူညီစီစဉ်ပေးသူ Andy Hall ၏ အဆိုအရ သိရှိရသည်။ ဦးခွန်သာမြင့် ကိုလည်း အင်္ဂါနေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်၍မရခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်စတိုင်ကို ရေလိုက်ငါးလိုက်ဟု မှတ်ချက်ပေး၍ ရနိုင်ပါသည်။

သူမလွတ်မြောက်လာပြီးနောက်ပိုင်း တစ်နှစ်ခွဲအချိန်ကာလအတွင်း သူမနှင့် တွေ့ဆုံခဲ့ကြသူများက သူမ၏ စီစဉ်မှုအလွဲများကို ယေဘူယျအား ဖြင့် နားလည်ခွင့်လွှတ်ပေးခဲ့ကြပါသည်။ သူမ၏ ရုံးဝန်ထမ်းများသည် အဆက်အသွယ်ရရန်ခက်ခဲသည့်အပြင် အီးမေးလ်များကိုလည်း များသောအားဖြင့် ပြန်ကြားခြင်းမရှိကြပါ။

အနည်းငယ်သာ ခွင့်လွှတ်ပေးချင်မည့်သူမှာ သမ္မတ ဦးသိန်းစိန်ပင် ဖြစ်သည်။ ဦးသိန်းစိန်သည် ယခုသီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ သွားရန် စီစဉ်ထားသော်လည်း သတင်းမီဒီယာများတွင် ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်သို့သွားမည်သတင်းကို ဖေါ်ပြခဲ့ပြီးနောက် မရှေးမနှောင်းတွင် သမ္မတက သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန်သည် ယခုအပတ် ဘန်ကောက်တွင်ကျင်းပမည့် အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားရန် အတည်ပြုထား ပြီးဖြစ်သည်။ ဖိုရမ်စီစဉ်သူများက ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး "ခေါင်းဆောင်တစ်ဦးနှင့် တစ်ဦးခြင်း အမေးအ ဖြေ"ဟူသော အစီအစဉ်ကို ထည့်သွင်းထားကြောင်း ယခင်အပတ်က ကြေညာခဲ့သည်။

ထို့နောက်တွင် သမ္မတ ဦးသိန်းစိန်က အကြောင်းပြရှင်းလင်းချက်မပေးပဲ ဖိုရမ်တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု ကမ္ဘာ့စီးပွား ရေးဖိုရမ် ပြောရေးဆိုခွင့်ရှိသူ Fon Mathuros က ပြောကြားသည်။

သမ္မတ၏ အကြံပေး ဦးနေဇင်လတ်က "သမ္မတကြီးသည် အသွင်ကူးပြောင်းရေးကိစ္စများကို အာရုံစိုက်နေသောကြောင့် ခရီးစဉ်အတွက် လတ် တလောအချိန်မပေးနိုင်ခြင်းဖြစ်သည်"ဟု အီးမေးလ်ဖြင့် ပြန်ကြားခဲ့သည်။ မြန်မာသမ္မတ၏ခရီးစဉ်ကို နောက်အပတ်တွင် ပြန်လည်စီစဉ်မည်ဟု ထိုင်းတာ ဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပြီးခဲ့သော သြဂုတ်လက တွေ့ဆုံမှုသည် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အပြောင်းအလဲများ စတင်နိုင်အောင် အထောက်အကူပေးခဲ့သည်။ ထိုသို့တွေ့ဆုံပြီး လပိုင်းအကြာ တွင် ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် NLD ပါတီ တို့ တရားဝင်နိုင်ငံရေးနယ်ပယ်သို့ ပြန်လည်ဝင်ရောက်တော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး ပြီးခဲ့သော ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် သူမနှင့် ပါတီ ဝင်များအနိုင်ရကာ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာကြသည်။

အင်္ဂါနေ့က ဘန်ကောက်လေဆိပ်တွင် သူမကိုမြင်တွေ့ရန် စောင့်ဆိုင်းနေသူများထဲတွင် ဘန်ကောက်ဆင်ခြေဖုံး ဂျင်းဘောင်းဘီစက်ရုံတွင် တစ်ရက် ဘတ် ၃၀၀ဖြင့် စက်ချုပ်နေသော အသက် ၂၄နှစ်အရွယ် ဇင်ဦးမောင်လည်း ပါဝင်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ရန်အ တွက် အချိန်ပိုအလုပ်မဆင်းပဲ ရောက်လာခဲ့ခြင်းဖြစ်သည်။

"သူမဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ပါ။ ကျွန်တော်တို့နိုင်ငံ စီးပွားရေးပိုကောင်းလာတော့မယ်။ ကျွန်တော်တို့ အိမ်ပြန်နိုင်တော့မယ်လို့ မျှော်လင့်နေပါတယ်"ဟု ဇင်ဦးမောင်က ဆိုပါသည်။

၁၉၈၈ နောက်ပိုင်း နေအိမ်တွင် အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် ရံဖန်ရံခါ လွတ်မြောက်ချိန်များတွင် ပြည်ပသို့ ခရီးထွက်နိုင်သော်ငြားလည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပါ။ သူမ မြန်မာပြည်တွင်း၌မရှိပါက ဒီမိုကရေစီလှုပ်ရှားမှုကို ကြိတ်ချေရန် စစ်တပ်အတွက် ပိုမိုလွယ်ကူသွးစေလိမ့်မည်ဟု ယုံကြည်ရသောကြောင့် ပြည်တွင်း၌သာ သူမနေထိုင်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် လွတ်လပ်ပေါ့ပါး စွာ ထွက်ခွာလာသော သူမ၏ နိုင်ငံခြားခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခြေလှမ်းအပေါ် စိတ်ချယုံကြည်စရာ မဲတစ်ပြားပင် ဖြစ်ပါသည်။

လာမည့်လတွင် သူမစီစဉ်ထားသော ဥရောပခရီးစဉ်မှာမူ ပျားပန်းခတ်မျှ အလုပ်ရှုပ်ပေလိမ့်မည်။ ဗြိတိန်လွှတ်တော်နှစ်ရပ်တွင် မိန့်ခွန်းပြော မည်။ လွန်ခဲ့သော ၂၁ နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် နော်ဝေးတွင် ဆုလက်ခံစကားပြောမည်။ ဆွစ်ဇာလန်၌ ILO ညီလာခံတွင် မိန့်ခွန်းပြောကြား မည်။ အိုင်ယာလန်သို့ သွားရောက်၍ သူမလွတ်မြောက်ရေးကို ကမ္ဘာသိတေးဂီတပွဲများဖြင့် လှုပ်ရှားခဲ့သူ U2 ရော့ခ်စတား ဘိုနိုနှင့်တွေ့ဆုံကာ Amnesty ဂုဏ်ထားဆောင်ဆုကို လက်ခံယူမည်ဟု သိရှိရသည်။

************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment