Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း ()

  1. ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး မထိခိုက်ဟု ထိုင်းအစိုးရ ပြောကြား

(Bangkok Post မှ 6 Jun 2012 ရက်စွဲပါ “Relations unhurt by Suu Kyi visit, says govt”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်သို့ ဇွန် ၂၆ တွင် သွားရောက်လည်ပတ်မည်

(AFP Newsမှ 6 Jun 2012 ရက်စွဲပါ “Myanmar’s Suu Kyi to visit France on June 26” သတင်းကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး မထိခိုက်ဟု ထိုင်းအစိုးရ ပြောကြား

(Bangkok Post မှ 6 Jun 2012 ရက်စွဲပါ “Relations unhurt by Suu Kyi visit, says govt”သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ထိုင်းနှင့် မြန်မာ ဆက်ဆံရေး ထိခိုက်ခြင်းမရှိပါဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်တိုဗီချတ်ချိုင်ကူးက ပြောကြားလိုက်သည်။

“မြန်မာအတိုက်အခံခေါင်းဆောင် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း လူသားခြင်း စာနာသော လှုပ်ရှားမှုများကို ထိုင်းအစိုးရက ကူညီဆောင်ရွက်ပေးခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်က အရှေ့အာရှ ကမ္ဘာ့စီးပွါးရေးဖိုရမ် မတက်ရန် ဆုံးဖြတ်ခြင်းသည် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမှုနှင့် မသက်ဆိုင်ပါ”ဟု နိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်က မနေ့ကပြောကြားသည်။

သို့သော် သူမအနေဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခွင့် မရှိကြောင်း၊တပ်ခ်ပြည်နယ် ဒုက္ခသည်စခန်းသို့ သွားရောက်သော ခရီးစဉ်တွင် ကရင်ခေါင်းဆောင်များနှင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ခွင့်မရှိကြောင်းနှင့်၊ အလုပ်သမားနှင့် ဒုက္ခသည်များ စသည့် ကိစ္စရပ်များကိုသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဆီဟာဆတ်ဖြောင်ခက်ကူးက သူမ၏ ကိုယ်ရေးအတွင်းရေးမှူးကို ပြောကြားခဲ့သည်ဟု ဆူပရာပေါင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် အပြီးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် စကားပြောဆိုခဲ့ရာ၌ မြန်မာဝန်ကြီးက“ဦးသိန်းစိန် ကမ္ဘာ့စီးပွားရေး ညီလာခံ မတက်ရန် ဆုံးဖြတ်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် မသက်ဆိုင်ကြောင်းနှင့် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား အကောင်းဆုံး ကြိုဆိုခဲ့ခြင်းအပေါ် မြန်မာအစိုးရက နားလည်မှုရှိကြောင်း ”ပြောကြားခဲ့သည်ဟု ဆူပရာပေါင်က ဆိုသည်။

ဝန်ကြီးဆူပရာပေါင်က ဆက်လက်၍ “ဒေါ်အောင်ဆန်းစုကြည် မရောက်မီ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရကို ထိုင်းနိုင်ငံက အသိပေးခဲ့ကြောင်း၊ မြန်မာအစိုးရက တစုံတရာ ကန့်ကွက်ခြင်းမရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မှုမရှိကြောင်း” ရှင်းလင်းပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းနိုင်ငံ၏ ဧည့်သည်တော်အဖြစ် WFF ညီလာခံ တက်ရောက်ရန် ဖိတ်ကြားထားခြင်း ဖြစ်ပြီး၊ မြန်မာအစိုးရကလည်း စွမ်းအင်ဝန်ကြီးကို ညီလာခံသို့ စေလွှတ်ပေးခဲ့ကြောင်းနှင့် တစုံတရာ ပြဿနာမရှိခဲ့ပါ” ဟု ဆူပရာပေါင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၆ ရက်ကြာ ထိုင်းနိုင်ငံ ခရီးတွင် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် စစ်ပြေး ဒုက္ခသည်များကို သွားရောက် တွေ့ဆုံခဲ့ပြီး “သူတို့ပြန်လာနိုင်စေရန် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကူညီ လုပ်ဆောင်မည်”ဟု အားပေးစကား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ စကားလုံးများအပေါ် စိုးရိမ်ပူပန်မှုမရှိပဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်တွင် မြန်မာအစိုးရ ရောက်ရှိနေသည့် လက္ခဏာ အဖြစ်သာ ရှုမြင်မိကြောင်း သုံးသပ်ပြောကြားသည်။

ထိုင်းနိုင်ငံရောက် စစ်ပြေးဒုက္ခသည်များကို အသက်မွေးဝမ်းကျာင်း သင်တန်းများ လေ့ကျင့်ပေးထားခြင်းကြောင့် ၄င်းတို့ အိမ်ပြန်သည့်အခါ လိုအပ်သော ကျွမ်းကျင်မှုများ ရှိနေလိမ့်မည် ဖြစ်သည်။၎င်းတို့ အိမ်ပြန်ရန် မလိုလားပါက အတင်းအကြပ် ပြန်ခိုင်းမည် မဟုတ်ပါဟု ဆူပရာပေါင်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား လိုသည်ထက်ပို၍ ဂုဏ်ပြုကြိုဆိုဧည့်ခံခြင်း မပြုလုပ်ရန် မြန်မာအစိုးရက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို ဖိအားပေးခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံအစိုးရများ ဂုဏ်သိက္ခာ မကျစေရန်အတွက် ယခုကဲ့သို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ရှင်းလင်းပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်သို့ ဇွန် ၂၆ တွင် သွားရောက်လည်ပတ်မည်

(AFP Newsမှ 6 Jun 2012 ရက်စွဲပါ “Myanmar’s Suu Kyi to visit France on June 26 ”သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်သမ္မတသစ် ဖရန်ကွိုင်စ်ဟော်လန်ဒီ၏ ဖိတ်ကြားမှုဖြင့် ပြင်သစ်နိုင်ငံသို့ ဇွန်လ ၂၆ ရက်မှ ၂၉ ရက်အထိ လာရောက် လည်ပတ်လိမ့်မည်ဟု ပြင်သစ်သမ္မတရုံးက အင်္ဂါနေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

အဆိုပါ ခရီးစဉ်ကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော မြန်မာနိုင်ငံရေးခေါင်းဆောင်အမျိုးသမီးကို လူသိရှင်ကြား ဂုဏ်ပြုရန် အခွင့်အလမ်းရရှိခဲ့ပြီး၊ မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဆက်လက် အားပေးထောက်ခံသွားမည့် ပြင်သစ်နိုင်ငံ၏ ဆန္ဒကိုလည်း ထပ်မံထုတ်ဖော်ခွင့် ရရှိသည်ဟု ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

ယခင်နိုင်ငံတော်အကြီးအကဲ မိသားစု၏ မျက်မာန်ရှမှုကြောင့် နှစ်ပေါင်း၂၀ နီးပါး အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ကမ္ဘာကျော် မြန်မာဒီမိုကရေစီခေါင်းဆောင်သည် သူမ၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် မကြာသေးမီက ထိုင်းနိုင်ငံသို့ ၆ ရက်ခရီးစဉ် သွားရောက်ခဲ့သည်။

မြန်မာလူထုခေါင်းဆောင်သည် ယခင် တပ်မတော်အစိုးရ၏ မကြာခဏ အကြောင်းပြ ထိန်းသိမ်းမှုများအကြား ရံဖန်ရံခါ လွတ်မြောက်ချိန်များ ရှိသော်ငြားလည်း မြန်မာနိုင်ငံသို့ ပြန်လာရန် အစိုးရက ခွင့်ပြုမည် မဟုတ်သောကြောင့် ၁၉၉၃ ခုနှစ်က သူမ၏ ခင်ပွန်း မိုက်ကယ်အဲရစ်၏ ဈာပနကိုပင် မသွားရောက်နိုင်ခဲ့ပါ။

၁၉၈၈ ခုနှစ် စစ်အုပ်ချုပ်ရေး ဆန္ဒပြပွဲများ နောက်ပိုင်း ယခင် တပ်မတော်ခေါင်းဆောင်များ၏ အငြိုးတကြီး ပစ်မှတ်ထားခြင်းခံခဲ့ရသော သူမအတွက် ယခု ထိုင်းနိုင်ငံ ခရီးစဉ်သည် သက်ကြီးပိုင်းအရွယ် ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ပြီး၊ လက်ရှိအာဏာရအစိုးရသစ်က သူမအား ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်း အပါအဝင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခြင်းကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ၊ နော်ဝေးနိုင်ငံ အော့စလို၊ ဗြိတိန်နိုင်ငံ လန်ဒန်၊ အိုင်ယာလန်နိုင်ငံ ဒဗ်ဗလင်မြို့များသို့ တသီတတန်း ခရီးလှည့်မည့် သူမ၏ ဥရောပခရီးစဉ်တွင် ယခုပြင်သစ်ခရီးစဉ် နောက်ဆုံးပါဝင်လာခြင်းဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment