Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် လိုအပ်နေသောမဟာဗျူဟာ

*****************************************

ဆောင်းပါးကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် လိုအပ်နေသောမဟာဗျူဟာ

ကျော်ဇာနည်

(8 June 2012)

(ဤဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDကိုသွေးခွဲရေးအပုပ်ချ ဆောင်းပါးမဟုတ်ပါ။ စာရေးသူ၏ ဓမ္မဓိဋ္ဌာန် ကျသည်ဟု ယူဆရသော အကြံပြုဆောင်းပါးတစ်ပုဒ်သာ ဖြစ်ပါသည်။ စာရေးသူ။)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ၂၄ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံပြင်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ သို့ သွားရောက်ခဲ့မှုသည် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ တကယ်တမ်းတွင် သူမသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသော World Economic Forum for East Asia သို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုခရီးစဉ်အပေါ် ပြည်တွင်းသာမက တစ်ကမ္ဘာလုံးမှ စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်။ သူမဘန်ကောက်သို့ ရောက်ရှိပြီး နောက်တစ်နေ့တွင် ပင် မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများထံသို့ သွားရောက်ရာ သောင်းသောင်ဖြဖြ ကြိုဆိုသည့်သတင်းနှင့် နယူးယောက်တိုင်း သတင်းစာတွင် သူမ၏ ခရီးစဉ်တွင် စီမံခန့်ခွဲမှုလိုအပ်ပုံကြောင့် ထိုင်းနိုင်ငံခြားရေးဋ္ဌာန စိတ်အနှောင့်အယှက်ဖြစ်ရပုံကို ဖော်ပြလာသည်။ နောက်တဖန် စီးပွါးရေး ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ရာ သူမက မည်မျှကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဥပဒေရှိစေကာမူ တရားစီရင်ရေးစနစ် မကောင်းမွန်ပါက အသုံးမဝင်ကြောင်း၊ ဤသည်မှာ မြန်မာနိုင်ငံ၏ ပြဿနာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသူများအနေဖြင့် မြန်မာနိုင်ငံအပေါ် မဆင်မခြင် အကောင်းမြင်နေမှုကို သတိပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ အမည်ဟောင်း “Burma” ဟုပင် ပြောကြားခဲ့ကြောင်း သတင်းများတွင် ပါလာခဲ့ သည်။ အဆိုပါသတင်းများနှင့်အတူ ထင်မြင်ချက်များလည်း ပါဝင်လာခဲ့ရာ နယူးယောက်တိုင်းမ် သတင်းစာပါ  ဆောင်းပါးတစ်ပုဒ်အရ ဖိုရမ်တက်ရောက် လာသူအချို့က သူမ၏ပြောကြားချက်အချို့ကို လက်ခံနိုင်ဖွယ်မရှိဟု ထင်မြင်ကြပြီး၊ နိုဘယ်ဆုရှင် စီးပွါးရေးပညာရှင် Joseph Stiglitz ကလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အဆက်မပြတ် အဆိုးမြင်ကြောင်း မှတ်ချက်ပေးခဲ့သည်ဟု သိရှိရသည်။

ထိုနောက်တစ်ရက်တွင် သူမသည် မယ်လစခန်းရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံအာဏာပိုင်များက ကန့်သတ်ချက်များအချို့ ပြု လုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ခရီးစဉ်၏ အောင်မြင်မှု၊ ထိုင်းအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း၊ ဖိုရမ်တွင် သူမ၏ ရှင်းလင်းပြောကြားချက်များအပေါ် ထင်မြင်ချက် များကို ရှင်းလင်းခဲ့သည်။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်သည် ကနဦးက အဆိုပါဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ခဲ့ပြီးမှ၊ မသွားရောက်ဖြစ်တော့ဘဲ ထိုင်းနိုင်ငံသို့သွားမည့် ခရီးစဉ်ကို ရက်ရွှေ့ခဲ့ပြီး တဖန် အဆိုပါရက်ခရီးစဉ်ကိုလည်း ထပ်မံဖျက်သိမ်းခဲ့ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ သည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်ကြောင်း ထိုင်းသတင်းစာများတွင် ဖေါ်ပြခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ယင်းလတ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်သူသို့ ရှင်းလင်းချက် ထုတ်ပြန်ရန် ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။

စာရေးသူအနေဖြင့် အထက်ကဖေါ်ပြခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်နှင့် ပတ်သက်သော ပဲ့တင်သံများကို ရေးသားရခြင်းမှာ အကောင်းအဆိုး ဝေဖန်လို၍မဟုတ်ဘဲ ထိုခရီးစဉ်အဖြစ်အပျက်များနှင့် ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အကြောင်း စဉ်းစားမိသည်များ ဖေါ်ပြလိုခြင်းကြောင့် ဖြစ်သည်။ သို့သော် ဤခရီးစဉ်၏ ထင်ဟပ်ချက်များသည် NLD နှင့် အခြားတစ်ဖက်ဆက်ဆံရေးတွင် များစွာ တာသွားသောကြောင့် ဖေါ်ပြရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် ယခုအခါ လွှတ်တော်တွင်းသို့ ရောက်ရှိလာပြီဖြစ်ရာ လွှတ်တော်တွင်း ပြည်သူများအတွက် အလုပ်လုပ် ပြရတော့မည် ဖြစ်သည်။ ၎င်းတို့သည် လွှတ်တော်တွင်းသို့ ဝင်ရောက်လာရာတွင် အချက်နှစ်ခုကို ကြွေးကြော်၍ ဝင်ရောက်လာခြင်းဖြစ်သည်။ ပထမတစ်ခု မှာ အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် ဒုတိယတစ်ခုမှာ ဒီမိုကရေစီနှင့် မညီသော တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စတို့ဖြစ်သည်။

ထိုသို့လုပ်ဆောင်နိုင်ရန် တပ်မတော်သားများအား စည်းရုံးရမည်ဟု NLDက ဆိုပါသည်။ ဤတွင် စာရေးသူစဉ်းစားမိသည့် အချက်ကို ပြောလိုပါ သည်။ NLDက တပ်မတော်အား စည်းရုံးမည်ဟုဆိုရာတွင် စာရေးသူတစ်ဦးတည်းအမြင် ပြောရလျှင် NLD ၏ ယခုအနေအထားဖြင့် စည်းရုံး၍မရနိုင်ဟု ဆိုချင်သည်။ သို့ဆိုလျှင် စာရေးသူအကြံပြုချင်သည်မှာ စည်းရုံးမည့်အ စား ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ရေး (Mutual Trust) ကို လုပ်စေလိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ယုံကြည်မှု တည်ဆောက်၍ ရသည့်အချိန်သည် အမျိုးသားပြန်လည်စည်း လုံးရေး (National Reconcilation)အတွက် ရာခိုင်နှုန်းအတော်များများ အောင်မြင်ပြီးမြောက်သည့်အချိန် ဖြစ်ပေမည်။

ဖက်နှစ်ဖက် ယုံကြည်မှုတည်ဆောက်ရာတွင် အခြားတစ်ဖက်မှာ မိမိလိုချင်သည့်ပုံစံ ပြုပြင်ရန် မလွယ်ကူခြင်းကြောင့် ဦးစွာလုပ်ဆောင်ရမည့် ကိစ္စမှာ မိမိကိုယ်မိမိ ဦးစွာ ပြင်ယူရန် ဖြစ်သည်။ စိတ်ပညာသဘောအရ လူသည် ပြဿနာတစ်ခုဖြစ်လျှင် မိမိကိုယ်ကိုထက် သူတစ်ပါးကိုသာ ဦးစွာ လက် ညှိုးထိုးသည့်အလေ့ ရှိသည်။ ပထမ မိမိ၏အပြစ်ကို အရင်ရှာ၍ ပြင်ဆင်ရေး လုပ်သင့်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် တပ်မတော်နှင့် ယုံကြည်မှု တည်ဆောက်ရာတွင် မိမိဘက်က ဦးစွာရိုးသားမှုကို ပြရမည်။ သဘောထားကြီးကြောင်း ပြရမည်။ ရင့်ကျက်မှု ရှိကြောင်း ပြရမည်။ အလျော့ပေးခိုင်းခြင်း မဟုတ်ပါ။ ဤသုံးချက်ကို လက်တွေ့ကျင့်သုံးကြည့်စေလိုသည်။ ဤအချက်သုံးခုကို တစ်ကြိမ်နှစ်ကြိမ်ပြရုံဖြင့် ယုံကြည်မှု တည်ဆောက်ပြီးလိမ့်မည် မဟုတ်ပါ။

စာရေးသူသည် ပြည်ပတွင်ဤသုံးချက်ကျင့်သုံးမှုနှင့်ပတ်သတ်၍ နှစ်အတန်ကြာလေ့လာမှုအရ မိမိဘက်က ရိုးသားမှု၊ သဘောထားကြီးမှု၊ ရင့်ကျက်မှု အကြိမ်ကြိမ်ပြလာပါက တစ်ဖက်လူသည် ၎င်း၏သဘောထား ဖြူစင်ခြင်းမရှိသေးသည့်တိုင် မိမိအပေါ်မူ ပိုယုံကြည်မှုရှိလာသည်ကို လေ့လာ တွေ့ရှိရသည်။ ဤသည်မှာ လူ့စိတ်သဘာဝ၏ အခြေခံသဘောတရားဖြစ်သည်။

အဆိုပါသဘောတရားကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ရေးတွင် အသုံးချမည်ဆိုပါက နှစ်အနည်းငယ်တွင် အောင်မြင်နိုင်လိမ့်မည်ဟု စာရေးသူ မုချပြောရဲသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အနေဖြင့် အမှန်တကယ်ရိုးသားမှု သဘောထားကြီးမှု၊ ရင့်ကျက်မှုကို ပြရလိမ့်မည်ဖြစ်သည်။ ဟန်ဆောင်ပြ၍ မရနိုင်ပါ။

စာရေးသူပြောလိုသည့် တစ်ချက်မှာ NLD၏ ဧပြီလကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကိစ္စများသည် တရားဝင်နိုင်ငံရေးတွင် ပါဝင်ခြင်းမရှိသေး သောကြောင့် မည်သို့မျှ ထင်မြင်မပေးလိုသော်လည်း၊ ဧပြီလ (၁)ရက်နောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက် လုပ်ဆောင်ချက်များကို သုံးသပ်ကြည့်ပါက၊ ဤပုံဖြင့် ယုံကြည်မှုတည်ဆောက်ရေး မည်သို့မျှ ရနိုင်လိမ့်မည်မဟုတ်ကြောင်း ရဲရဲကြီး ပြောလိုသည်။

ဤနှစ်လခန့်အတွင်း မည်သည့်အချက်က မည်သို့ဟု မဝေဖန်လိုပါ။ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းရော ပြည်ပကပါ အနီးကပ်စောင့်ကြည့် လျှက်ရှိခြင်းကြောင့် တစ်ဦးချင်းစီတွင် အမှားအမှန် ဝေဖန်ပိုင်းခြားစိတ်ရှိပြီး ဖြစ်ပါသည်ဟု ဆိုချင်သည်။ (ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ဘာလုပ်လုပ် ကောင်းသည်ဟု မျက်စိမှိတ်အော်နေသော blind worshipper များကို ထည့်သွင်းစဉ်းစား၍ မဖြစ်နိုင်ပါ။) ဤနေရာတွင် ၎င်းတို့အနေဖြင့် မိမိတို့အပေါ် ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ထားမှုများကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်သည်။ပြည်သူအများစု၏ ထောက်ခံမှု ရပြီးဟု တလွဲမာနမရှိစေလိုပါ။ အများစုထောက်ခံခြင်းမှာ ဒေါ်စုနှင့် NLD အာဏာရလျှင်တော့ဖြင့် မိမိတို့ခံစားနေရသည့်ဒုက္ခများ ပြေနိုင်ကောင်းရဲ့ဟု ထောက်ခံမဲပေးထားကြသည်ဖြစ်ရာ၊ ၎င်းတို့ဆန္ဒကို ချက်ခြင်းမဖြည့်ဆည်းပေးနိုင်ပါက ထောက်ခံမှု အတော်များများ လျော့သွားနိုင်သည်။ (လက်ရှိ အခြေအနေအရ နိုင်ငံရေးနှင့် စီးပွါးရေးပြုပြင်ပြောင်းလဲမှု အသီးအပွင့်များ ပြည်သူများခံစားရနိုင်ရန် နှစ်အတန်ကြာ စောင့်ရဖွယ်ရှိသည်။)

နောက်ထပ် အရေးကြီးသောအချက်တစ်ခုမှာ ဒေါ်စုနှင့် NLD အနေဖြင့် အနာဂါတ်နိုင်ငံရေးတွင် တပ်မတော်၏အခန်းကဏ္ဍကို အသိအမှတ်ပြု မည်မဟုတ်ဘဲ၊ နိုင်ငံရေးအကျပ်အတည်းများကိုသာ ဖြစ်စေမည်ဖြစ်သည်။ ဤသို့ရေးရခြင်းအတွက် စာရေးသူအား pro-military တစ်ဦးဟု မစွပ်စွဲစေလို ပါ။ စာရေးသူသည် သာမန်မြန်မာသွေးစပ်သော တိုင်းရင်းသားလူမျိုးတစ်ဦးသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ပကတိအရှိတရားကို ဖော်ပြနေခြင်းသာဖြစ်သည်။

တပ်မတော်သည် လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်အတွင်း မြန်မာနိုင်ငံတွင် အဓိကကျသော အခန်းကဏ္ဍမှပါဝင်ခဲ့ရာ အနာဂါတ်တွင်လည်း နှစ် အတန်ကြာ တပ်မတော်ကို နေရာတစ်ခုပေး၍ ပူးပေါင်းဆောင်ရွက်မှုမပြုလျှင် မြန်မာ့နိုင်ငံရေး အနာဂါတ်မလှပနိုင်ပေ။ ဝေးဝေးကြည့်ရန်မလို။ ၁၉၈၈ နောက်ပိုင်းဖြစ်ရပ်များကို သင်ခန်းစာယူနိုင်လျှင် ရနိုင်သည်။

တဖန်စာရေးသူ၏ ထင်မြင်ယူဆချက်တစ်ခုကို တင်ပြလိုပါသေးသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် ရိုးသားမှု၊ သဘောထားကြီးမှု၊ ရင့်ကျက်မှု များ အပြည့်အဝရှိသည်ဟု စာရေးသူယုံကြည်နေသည်။ သို့သော် NLD ဟဲဗီးဝိတ်ကြီးများတွင် အဆိုပါသုံးချက်၌ လိုအပ်ချက်များရှိနေသည်ဟု စာရေးသူ ရဲရဲကြီးပြောပါမည်။ အလျဉ်းသင့်ပါက သက်သေပြရန် အချက်များပြရန်ရှိသော်လည်း မလိုအပ်ဟု ထင်ပါသည်။

ထို့ကြောင့် နိဂုံးချုပ်ပြောလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLDမှ ဟဲဗီးဝိတ်များသည် မြန်မာ့နိုင်ငံရေးအနာဂါတ်အတွက် ဆက်ဆံ ရေး မဟာဗျူဟာတစ်ရပ်ကို ပကတိတရားကို အသေအချာလက်ခံ၍ အစွဲကင်းကင်းဖြင့် ရေးဆွဲရန်လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုး ဖော်ပြလိုက်ရပါ သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment