Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၃.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာဒုက္ခသည်များအား နယ်စပ်ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ်ကို HRW တောင်းဆို

(Trust Law မှ 12 June 2012 ရက်စွဲပါ "Bangladeshs Open Borders for refugees flecting Burma"သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြည်ညိုပျက်စေရန် မြန်မာအစိုးရက ရခိုင်ပဋိပက္ခဖြင့် လုပ်ဆောင်နေသလော

(12 June 20 ရက်စွဲပါ The Week မှ Edward Loxton ရေးသားသော Is Burma inciting Rakhine conflict discredit Aung San Suu Kyi? ကိုဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေကိစ္စ သမ္မတနှင့်ကုလသမဂ္ဂကိုယ်စားလှယ်ဆွေးနွေး

(UN News Center မှ 12 June 2012 ရက်စွဲပါ "Myanmar: UN envoy discusses state of emergency with president" သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာဒုက္ခသည်များအား နယ်စပ်ဖွင့်ပေးရန် ဘင်္ဂလားဒေ့ရှ်ကို HRW တောင်းဆို

(Trust Law မှ 12 June 2012 ရက်စွဲပါ "Bangladeshs Open Borders for refugees flecting Burma"သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ဘာသာရေးအဓိကရုဏ်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန်ကြိုးစားနေကြသော သူများအား ဘင်္ဂလားဒေ့ရှ်အစိုးရက ချက်ခြင်းလက်ငင်းနယ်စပ်ကို ဖွင့်ပေးသင့်သည်ဟု လူ့အခွင့်အရေးအုပ်စု HRW က တိုက်တွန်းတောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အဓိကရုဏ်းကြောင့် ဒုက္ခသည်များစွာ ထွက်ပြေးဝင်ရောက်လာမည်ဟု ခန့်မှန်းထားသော ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်မှ နယ်စပ်ဖြတ်ကူး ဝင်လာမည့် ရိုဟင်ဂျာများအားတားဆီးရန် နယ်စပ်ခြားစောင့်တပ်နှင့် ရေတပ်ကို ညွှန်ကြား ထားသည်ဟု ကြားသိရသည်။ မနေ့က ဒက္ကားတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက"မြန်မာနိုင်ငံဘက်က ထပ်မံထွက်ပြေးလာမယ့် ဒုက္ခသည်အသစ်တွေကို လက်ခံရေးဟာ ကျွန်မတို့ ဘင်္ဂလားဒေ့ရှ်ရဲ့ကိစ္စမဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။

”ရခိုင်ပြည်နယ်က အဓိကရုဏ်း ထိန်းမနိုင်သိမ်းမရဖြစ်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်က သူ့နယ်စပ်ကို ပိတ်ထားတာဟာ လူ့အသက်တွေကို ကြီးကြီးမားမားစွန့်စားပြီး လောင်းကြေးထပ်နေတာပါ"ဟု HRW ဒုက္ခသည်စီမံချက်ဒါရိုက်တာ ဘီလ်ဖရီးလစ်က ပြောကြားလိုက်သည်။ အသက်အိုးအိမ် ဘေးကိုစိုးရိမ်လို့ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို နယ်စပ်ဖွင့်လက်ခံကာကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တာဝန်ရှိပါတယ်ဟု ဘီလ်ဖရီးလစ်က ဆိုသည်။

၂၀၁၂ ဇွန်လ ၃ ရက်က စတင်ခဲ့သော ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်အဓိကရုဏ်းသည် ထိန်းမနိုင်သိမ်းမရ ဆိုးဝါးလျက်ရှိပြီး နှစ်ဖက်အုပ်စုများ လူစုလူဝေးဖြင့် ရန်စောင်ခြင်း၊ နေအိမ်၊ ဈေးဆိုင်များ ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေကြသည်။ မီးရှို့ရန်ကြိုးစားသည်ဟုဆိုသော ရိုဟင်ဂျာများကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ဟန့်တားခဲ့သည်ဟုလည်း ကြားသိရသည်။ ဇွန် ၁၀ ရက်တွင် မြန်မာသမ္မတက ဒေသ တွင်းအရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာကာ စစ်တပ်အား တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ၁၉၅၁ ဒုက္ခသည်ဆိုင်ရာညီလာခံနှင့် ၁၉၆၇ ပဋိညာဉ်စာတမ်း၏ စာချုပ်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်ငြားလည်း အသက်အိုးအိမ်ဘေးကိုစိုးရိမ်၍ ထွက်ပြေးလာသောသူများကို နယ်စပ်ပိတ်တားဆီးခြင်းမပြုရဟူသော နိုင်ငံတကာဥပဒေကိုမူ လေးစားလိုက်နာ ရန်တာဝန်ရှိပေသည်။

လွတ်လပ်သော လူသားချင်းစာနာထောက်ထားရေးအေဂျင်စီများအား နယ်စပ်ဒေသများသို့ လွတ်လပ်စွာ သွားလာခွင့်ပေးရန် HRW အုပ်စုက ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုထားသည်။ နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဒုက္ခသည်များအတွက် လူသားချင်း စာနာသောအကူအညီနှင့် အခြားထောက်ပံ့မှုများပေးသင့်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်နယ်မြေအတွင်းမှ မှတ်ပုံတင်ရိုဟင်ဂျာဒုက္ခသည် ၂၉၀၀၀၊ တရားမဝင်နေထိုင်သူ ရိုဟင်ဂျာ ၂ သိန်းကျော်နှင့် ထပ်မံဝင်ရောက်လာမည့် ဒုက္ခသည်များအတွက် ရေရှည်ပြေလည်နိုင်မည့် နည်းလမ်းများကို ကူညီရှာဖွေပေးသင့်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို လက်တလောကူညီရန်နှင့် နောက်ပိုင်းတွင် ယင်းတို့အတွက် ရေရှည်ခံမည့်အဖြေရှာရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ စာနာမှုအကူအညီကို လိုအပ်နေသည်ဟု ဆိုသော်ငြားလည်း လောလောဆယ်တွင် လူသားချင်းစာနာသော ကယ်ဆယ်ရေးအေဂျင်စီများ အပြည့်အဝလက်လှမ်းမီအောင် ချက်ခြင်းလက်ငင်းခွင့်ပြုခြင်းဖြင့် အခြေအနေဆိုးသော ဒုက္ခသည်များအား အသက်ကယ်နိုင်အောင်ကူညီပေးနိုင်ပါသည်ဟု HRW အဖွဲ့က မေတ္တာရပ်ခံထားသည်။

*******************************************

ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြည်ညိုပျက်စေရန် မြန်မာအစိုးရက ရခိုင်ပဋိပက္ခဖြင့် လုပ်ဆောင်နေသလော

(12 June 20 ရက်စွဲပါ The Week မှ Edward Loxton ရေးသားသော Is Burma inciting Rakhine conflict discredit Aung San Suu Kyi? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် ဆက်နွယ်သော ပြင်းထန်သည့်ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်လျှက်ရှိရာ ပေါ်ပြူလာဖြစ်လွန်းလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်မှုနည်းသွားစေရန်နှင့် စစ်တပ်အပေါ်နောက်ခံပြုသော အာဏာဖြစ်တည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ခြိမ်းခြောက်လာမှုအား အားနည်းသွားစေရန် အစိုးရ၏ အကွက်ချစီစဉ်မှု၏ တစိတ်တပိုင်း ဖြစ်မည်လောဟု သံသယများလည်းကြီးထွားလာသည်။

“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ယုံကြည်ထားသလို သူ့ဘာသာဖြစ်လာတာ မဟုတ်ပါဘူး။ အသေအချာ စီမံထားတယ်ဆိုတာ သိသာနေပါတယ်”ဟု မြန်မာ့အရေးကျွမ်းကျင်သူ စာရေးဆရာ Bertil Lintner ကပြောသည်။ ၎င်း၏ “Great Game East” ဆိုသည့် စာအုပ်မှာ ထွက်ရှိခါနီးပြီဖြစ်၍ အိန္ဒိယအရှေ့ဘက်မှ နိုင်ငံတစ်ခု၏ အာဏာအတွက် ကစားနေမှုများကို ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်အသိုင်းအဝိုင်းကြားတွင် ဖြစ်လျက်ရှိသော ပဋပက္ခမှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်အထိ တစ်ဒါဇင်ခန့်သေဆုံးခဲ့ပြီး၊ အိမ်ရာနှင့်ချီ၍ မီးလောင်ဆုံးရှုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအရတင်းမာမှုများမှာ အမြဲတစေ ဖြစ်ပွားလျက်ရှိနေသည်။ ထိုဒေသရှိ ရိုဟင်ဂျာအနည်းစုမှာ အခြေခံရပိုင်ခွင့်အများစု မရကြပေ။ မြန်မာနိုင်ငံသားဖြစ်နေသူ ရိုဟင်ဂျာများပင်အခွင့်အရေး မရကြပေ။ ရိုဟင်ဂျာယောင်္ကျားအများစုသည် ရာနှင့် ထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းလမ်းမှလည်းကောင်း၊ လှေများဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်တွင်ပင် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။

အချိန်အတန်ကြာ ငုပ်လျှိုးနေသောတင်းမာမှုများသည် အဘယ့်ကြောင့် ယခုလိုအချိန်မျိုးတွင် ပေါက်ကွဲထွက်လာရသနည်း ဆိုသည်ကို မြန်မာ့အရေးစောင့်ကြည့်နေသူများက မေးမြန်းလျက်ရှိသည်။ ယခုအချိန်သည် အရပ်သားအစိုးရသစ်အတွက် နိုင်ငံရေးအရ ဖြေလျော့မှုများနှင့် လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှုအနည်းငယ်အတွက် နိုင်ငံတကာမှ ထောက်ခံမှုများရနေချိန်ဖြစ်သည်။

“အဖြေကရှင်းနေတာပဲ”ဟု Linter  က The Week သို့ပြောသည်။ “အစိုးရက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပေးမှုအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေကြားမှာ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေတဲ့အချိန်မှာ သူ့အနေနဲ့ ရိုဟင်ဂျာဘက်ကရပ်တည်တဲ့ ကြေညာချက်ထွက်ခဲ့ရင် သူ့ပေါ်ပြူလာဖြစ်မှုကို ထိခိုက်နိုင်ပါတယ်။ တခြားတဖက်မှာလည်း သူ့အနေနဲ့ ဘာမှမပြောဘဲ ငြိမ်နေရင်လည်း သူ့ကိုထောက်ခံတဲ့ လူ့အခွင့်အရေးအုပ်စုတွေက စိတ်ပျက်ကြဦးမယ်”ဟု ၎င်းကပြောသည်။

အမည်မဖော်လိုသူ မြန်မာ့အရေးလေ့လာနေသူတစ်ဦးကလည်း သဘောတူခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပ်လဲစူး၊ စားလည်းရူးမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူ့ရဲ့သိက္ခာကို အကြီးအကျယ်ထိခိုက်ပြီး ပေါ်ပြူလာ ဖြစ်မှုကို လျော့နည်းစေမယ့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်”ဟု ဆိုသည်။

London School of Economics မှ ဖဲလိုးတစ်ဦးဖြစ်သူ မောင်ဇာနည်ကလည်း ယခုပဋိပက္ခမှနေ၍ အစိုးရ အကျိုးအမြတ်ထွက်နိုင်ကြောင်း၊ အစိုးရစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေတဲ့အပေါ်ကျနေသောအာရုံများကို ရခိုင်ပြည်နယ်သို့ပြောင်း၍ ကျစေသောကြောင့်ဟုဆိုသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ Linter သည် မကြာမီက တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်၌ ကချင်ဒုက္ခသည် သုံးသိန်းခန့်ထိရှိကြောင်း အတည်ပြုခဲ့သည်။

ယခု ရခိုင်ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါလာသောအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Linter ကထောက်ပြသည်။ သူသည် ဇွန်လ ၁၅ ရက်နေ့မှစ၍ ဥရောပခရီးစဉ်ကို စတင်ရန်ပြင်ဆင်လျှက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူကို ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ သိပ်ကိုခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။ အခန့်မသင့်ရင် သူရဲ့ ဥရောပခရီးစဉ်တောင် ဖျက်သိမ်းနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုတစ်ပတ်၌  သူ့အပေါ် ပြင်းထန်စွာထောက်ခံခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးက ရိုဟင်ဂျာဆန့်ကျင်ရေး ကြေညာချက်များထုတ်ခဲ့ရာ စိတ်ထဲတွင် တမျိုးတမည်ခံစားရမည်ဟု ယူဆရသည်။

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအုပ်စုထဲမှာ မပါဝင်ပါဘူး”ဟု ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောခဲ့သည်။

“အခုဖြစ်ရပ်ရဲ့ရင်းမြစ်က နယ်စပ်ကိုဖြတ်ပြီး နိုင်ငံခြားတိုင်းပြည်တွေက လာတာပါ”ဟု ၎င်းက ပြောသည်။

“လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးဟု ယူဆရသူတစ်ဦးဆီက ဒီလိုပြောကြားခဲ့တာ အံ့သြစရာကောင်းပါတယ်။ ဒီပြောဆိုချက်ဟာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေ အဟန့်အတားဖြစ်အောင်လုပ်နိုင်အောင် အတိုက်အခံတွေကို ကိုင်တွယ်ရန် ကြိုးစားနေတယ်လို့ ယုံကြည်နေမှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်”ဟု အနောက်နိုင်ငံမှ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

**********************************************************

ရခိုင်ပြည်နယ် အရေးပေါ်အခြေအနေကိစ္စ သမ္မတနှင့်ကုလသမဂ္ဂကိုယ်စားလှယ်ဆွေးနွေး

(UN News Center မှ 12 June 2012 ရက်စွဲပါ "Myanmar: UN envoy discusses state of emergency with president" သတင်းကို ဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာသည် အင်္ဂါနေ့က နေပြည်တော်၌ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်အဓိကရုဏ်း၏ နောက်ဆက်တွဲ အရေးပေါ်အခြေအနေ ကြေညာထားမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂကိုယ်စားလှယ်နှင့် မြန်မာသမ္မတတို့သည် အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စအပြင် မြန်မာနိုင်ငံ၏  ကျယ်ကျယ်ပြန့်ပြန့်ပြုပြင် ပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပြောင်းပြန်ဆိုးကျိုး မသက်ရောက်စေရန်အတွက် သမ္မတ၏ လက်တလောမေးခွန်းနှင့် တစ်သားတည်းထပ်တူကျစွာ လူ့အခွင့် အရေးလှုပ်ရှားမှု၊ တရားဥပဒေစိုးမိုးမှုတို့ဖြင့် ပွင့်လင်းမြင်သာစွာ ဆက်လက်ကိုင်တွယ်သွားရန် အရေးတကြီးလိုအပ်ကြောင်း ဆွေးနွေးသဘောတူခဲ့သည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာတင်နီဆာကီက နယူးရောက်တွင် သတင်းထောက်များအား ပြောကြားသည်။

သမ္မတဦးသိန်းစိန်အစိုးရက မနှစ်ကစတင်ခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ကူးပြောင်းရေးလုပ်ငန်းစဉ် ဆက်လက်ဖြစ်ပေါ်နေခြင်းကို ကုလသမဂ္ဂက ဆက်လက်ထောက်ခံအားပေးသွားမည်ဟု ကတိပြုသွားခဲ့သော ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်း၏ ဧပြီလမြန်မာခရီးစဉ်၏ နောက်ဆက်တွဲအဖြစ် မစ္စတာနမ်ဘီးယားရောက်ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်စက်လှေများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြန်လည်မောင်းထုတ် လိုက်သည်ဟူသော မီဒီယာသတင်းများကိုကိုးကား၍ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က ဘင်္ဂလားဒေ့ရှ် နိုင်ငံအား နယ်စပ်ဖွင့်ပေးထားရန် ယနေ့ တောင်းဆိုထားသည်။

အသက်အိုးအိမ်လုံခြုံရေးနဲ့ အရေးပေါ်ဆေးကုသမှု လိုအပ်နေသူတွေအတွက် နယ်စပ်ဖွင့်ပြီး လက်ခံစောင့်ရှောက်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို UNHCR က မေတ္တာရပ်ခံထားပါတယ်ဟု UNHCR ပြောရေးဆိုခွင့်ရှိသူ အေဒီရီယမ်အက်ဒွပ်က ဂျီနီဗာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အရင်ကဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်မှာ ဆေးကုဖို့ခွင့်ပြုခဲ့ဘူးတဲ့ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်ဟု အေဒီရီယမ်အက်ဒွပ်က ဆက်လက်ပြောကြားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR သည် အခင်းဖြစ်နယ်မြေမှ ကုလသမဂ္ဂဝန်ထမ်းများအား ယာယီနေရာ ပြန်လည်ချထားမှုပြုလုပ်ပြီးနောက်တွင် နှစ်နိုင်ငံနယ်စပ်တစ်လျောက် အဓိက နယ်စပ်ဂိတ်များကို စောင့်ကြည့်ရန် ကြိုးစားလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကော့ဘဇားခရိုင်ရှိ UNHCR ဒုက္ခသည်စခန်း ၂ ခုတွင် ဒုက္ခသည် ၃ သောင်းခန့် နေ့စဉ်နေထိုင်လျက်ရှိပြီး တရားမဝင်နေထိုင်သူ  ၂ သိန်းခန့်ရှိသည်ဟု သိရသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment