Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၃.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေးသံတမန်ဖြစ်လာ

(12 June 2012 ရက်စွဲပါ Mainichi Daily News မှ Nippon Foundation chief becomes Japan’s good will envoy to Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ပေးသော်လည်း သွင်းကုန်ပိတ်ပင်ထားမှု ဆက်ထားမည်ဟု ဆီနိတ်တာပြော

(12 June 2012 ရက်စွဲပါ AP ၏ Senator: Ease Myanmar sanctions, keep import ban ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံဘက်မှ ပြေးလာသော ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ပြန်မောင်းထုတ်

(Associated Press မှ 12 June 2012 ရက်စွဲပါ “ Bangladesh furns away 1500 refugee from Myanmar”   သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ပြုပြင်ပြောင်းလဲရေးကြောင့် နိုင်ငံခြားခရီးသွားများအဆမတန်ဝင်ရောက်

(AFP သတင်းဌာနမှ 11 May 2012 ရက်စွဲပါ Reforms open Myanmar tourist floodgates ကိုဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ        

နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေးသံတမန်ဖြစ်လာ

(12 June 2012 ရက်စွဲပါ Mainichi Daily News မှ Nippon Foundation chief becomes Japan’s good will envoy to Myanmar ကိုဘာသာပြန်ဆိုသည်။)

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yohei Sasakawa အား တနင်္လာနေ့က မြန်မာနိုင်ငံမှ တိုင်းရင်းသားများ၏ လူမှုဖူလုံရေးကိစ္စအတွက် ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံအမတ်ကြီးအဖြစ် အမည်စာရင်းပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

“အစိုးရဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအပေါ် အကူအညီပေးရေးကို အာရုံပြုနေပါတယ်။ ဒါ့ကြောင့် ခင်ဗျားရဲ့ ပူးပေါင်းဆောင် ရွက်မှုရလိုပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး Koichiro Gamba  က Sagakawa အား ငွေကြေးအကူအညီပေးမည့်အဖွဲ့ဥက္ကဋ္ဌကို သံအမတ် အဖြစ်ခန့်အပ်စဉ်က ပြောကြားခဲ့သည်။

အဆိုပါဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်ကပင် တိုင်းရင်းသားဒေသများတွင် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ လူသားချင်းစာနာသည့် အစီအစဉ်များပေးခြင်းများကို လုပ်ဆောင်ခဲ့သည်။

Sasakawa က သတင်းထောက်များသို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် တိုင်းရင်းသားများနှင့် စစ်အစိုးရကြား အမျိုးသားပြန်လည်စည်းလုံးရေးမှာ အရေးအကြီးဆုံးဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍသည် ထိုကိစ္စပြီးမြောက်ရေး အထောက်အကူပြုရမည်ဟု ဆိုခဲ့သည်။

*********************************************************************

မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ဖြေလျော့ပေးသော်လည်း သွင်းကုန်ပိတ်ပင်ထားမှု ဆက်ထားမည်ဟု ဆီနိတ်တာပြော

(12 June 2012 ရက်စွဲပါ AP ၏ Senator: Ease Myanmar sanctions, keep import ban ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ နောက်ထပ် ပြုပြင်ပြောင်းလဲရေးများဆက်လုပ်ရေးအတွက် အမေရိကန်က သြဇာရှိရန် မြန်မာနိုင်ငံအပေါ် သွင်းကုန်ပိတ်ပင်ထားမှုအား သက်တမ်းတိုးလိုကြောင်း ဆီးနိတ်ရီပတ်ဗလစ်ကင်ခေါင်းဆောင်က ဆိုသည်။

ဆီနိတ်တာ Mitch Mc Connell သည် အင်္ဂါနေ့က မြန်မာနိုင်ငံအပေါ်အရေးယူမှုများ နောက်ထပ်တစ်နှစ်သက်တမ်းတိုးရန် ဆုံးဖြတ်ချက်ကို တင်ပြခဲ့သည်။ သို့သော် အိုဘားမားအစိုးရက ပြီးခဲ့သည့်လက မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများပေးရန် ကန့်သတ် ထားမှုများကို ဖယ်ရှားခဲ့ခြင်းကိုမူ လက်ခံသွားမည်ဖြစ်သည်။

Mc Connell ၏ အဆိုပြုမှုမှာ အစိုးရမူဝါဒကို အထောက်အကူပြုသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော ၎င်း၏ အသံမှာ ကာလရှည်ကြာကပင် ကွန်ဂရက်တွင် သြဇာရှိခဲ့သည်။ မြန်မာ့အရေးကိစ္စသည် ရှားရှားပါးပါး ပါတီနှစ်ခုလုံး၏ ပူးပေါင်းဆောင်ရွက်မှုရရှိသော ကိစ္စတစ်ခု ဖြစ်သည်။

Mc Connell က မြန်မာနိုင်ငံသည် ပိုမိုကောင်းမွန်ရေးအတွက် ကြီးမားသော ပြောင်းလဲမှုများလုပ်ခဲ့သည်ဟု ဆိုသည်။ ၎င်းက နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခဲ့မှုနှင့် ဧပြီလက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ခဲ့မှုကို ဖော်ပြခဲ့သည်။

၎င်းက တိုင်းရင်းသားများအပေါ် ရက်စက်မှုများနှင့် မြောက်ကိုရီးယားနှင့်ဆက်ဆံရေးကို ဆက်လက်၍ စိုးရိမ်ကြောင်း ပြောခဲ့သည်။

*********************************************************************

မြန်မာနိုင်ငံဘက်မှ ပြေးလာသော ရိုဟင်ဂျာဒုက္ခသည် ၁၅၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ် ပြန်မောင်းထုတ်

(Associated Press မှ 12 June 2012 ရက်စွဲပါ “ Bangladesh furns away 1500 refugee from Myanmar”   သတင်းကို ဘာသာပြန်ဆိုသည်။)

အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားနေသော မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာမွတ်ဆလင် ၁၀၀၀ ခန့် သယ်ဆောင်လာသည့် စက်လှေ ၃ စီးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အင်္ဂါနေ့တွင် ပြန်မောင်းထုတ်ခဲ့ပြီး၊ လတ်တလောရက်ပိုင်းအတွင်း ဟန့်တားခဲ့သော ဒုက္ခသည် အရေအတွက် ၁၅၀၀ ခန့် ရှိသွားပြီဟု တာဝန်ရှိသူများက ပြောကြားသည်။

ဘင်္ဂလားပင်လယ်အော် စိန့်မာတင်ကျွန်းကမ်းခြေသို့ကပ်ရန် ကြိုးစားနေသော စက်လှေ ၃ စီးကို ပြန်မောင်းထုတ်လိုက်သည်ဟု ကျွန်းပေါ်မှ တယ်လီဖုန်းဖြင့်ပြောကြားသူ ရဲတပ်ဖွဲ့တာဝန်ရှိသူ ဂျမာန်ဂါအလန်က “ကျွန်တော်တို့ မျက်လုံးတွေကို အစွမ်းကုန်ဖွင့်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ဘယ်သူမှ ခိုးပြီးမဝင်နိုင်ပါဘူး”ဟု ပြောဆိုသည်။

အိမ်နီးချင်း မြန်မာနိုင်ငံတွင် သောကြာနေ့ကစ၍ ဖြစ်ပွားနေသော အဓိကရုဏ်းကြောင့် အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး အိမ်ပေါင်းရာနှင့်ချီ၍ မီးလောင်ပျက်စီးသွားခဲ့သည်။ ပြီးခဲ့သော ၃ ရက်အတွင်း စက်လှေ ၁၁ စီးနှင့် ရိုဟင်ဂျာ ၅၀၀ ခန့်ကို ပြန်မောင်းထုတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်က ယခင် အစောပိုင်းက ပြောကြားခဲ့သည်။

ဒက္ကားတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဒစ်ပူးမိုနီက ဒုက္ခသည်မှန်သမျှ လက်ခံပေးရေးသည် ဘင်္ဂလားဒေ့ရှ်၏ ကိစ္စမဟုတ်ဟု ပြောကြားသည်။

သေနတ်ဒဏ်ရာဖြင့် ထွက်ပြေးလာသော ရိုဟင်ဂျာ ၃ ဦး စစ်တကောင်းဆေးကောလိပ်ဆေးရုံသို့ တက်ရောက်ကုသနေရာတွင် ဘာလာဟူစိန် (၅၀)နှစ် သေဆုံးသွားသည်ဟု ယင်းဆေးရုံမှ ဒေါက်တာအန်နီဆာရာမန်က ပြောကြားသည်။

တစ်ချိန်ထဲတွင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကျေးရွာများတွင် အကြမ်းဖက်မှုမဖြစ်အောင် တားဆီးရန်အတွက် ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် စခန်းသစ်များစွာ ထပ်မံဖွင့်လှစ်ထားသည်ဟု ကောဘဇားခရိုင်အုပ်ချုပ်ရေးမှူး နာဇင်အူဒင်က ဆိုသည်။ ယင်းဒေသတွင် ရိုဟင်ဂျာဒုက္ခသည်များနှင့် ဗုဒ္ဓဘာသာရခိုင်များ နှစ်မျိုးစလုံး နေထိုင်ကြသည်ဟု သိရသည်။

မြန်မာနိုင်ငံက ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် လာရောက်နေထိုင်သူများဖြစ်သည်ဟု သတ်မှတ်၍ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ခြင်းကြောင့် နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သည်ဟု ပြန်လှန်စောဒကတက်လျက်ရှိသည်။

၁၉၉၀ ခုနှစ်များတွင် မြန်မာတပ်မတော်အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ရိုဟင်ဂျာ တစ်သိန်းငါးသောင်းခန့် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာခဲ့ကြသည်။ ထိုနောက်ပိုင်းတွင် ၎င်းတို့အများစုကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံပေးခဲ့ပြီး၊ နယ်စပ်မှ ကုလဦးစီးသော ဒုက္ခသည်စခန်းများတွင် ၂၈,၀၀၀ ခန့်သာ ကျန်ခဲ့သည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ရိုဟင်ဂျာများအား မြန်မာနိုင်ငံဘက်သို့ ပြန်ပို့ရန် မြန်မာအစိုးရနှင့် နှစ်ပေါင်းများစွာ ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ဘဲ လက်ရှိ နှစ်ပိုင်းများအတွင်း ရိုဟင်ဂျာထောင်ပေါင်းများစွာ ဘင်္ဂလားဒေရှ့်ဘက်သို့ တရားမဝင် ထပ်မံဝင်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီက ဒက္ကားသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဘက်မှ ဒုက္ခသည်များ ဝင်ရောက်လာမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမှုဆိုင်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ တရားဥပဒေစိုးမိုးမှုဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု ထုတ်ဖော်ပြောဆိုသွားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ ၃ သိန်းခန့် နေထိုင်လျှက်ရှိသည်ဟု ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ခန့်မှန်းထားပြီး ၎င်းတို့၏ ၁၀ ရာခိုင်နှုန်းမျှသာ ကော့ဘဇားဒုက္ခသည်စခန်း ၂ ခုတွင် နေထိုင်ကြသည်။

မြန်မာနိုင်ငံဘက်တွင်နေထိုင်သော ရိုဟင်ဂျာ အရေအတွက် ၈ သိန်းခန့်ရှိသည်ဟု သိရှိရပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှ ရိုဟင်ဂျာများကို အဖိနှိပ်ခံရဆုံး နိုင်ငံမဲ့ပြည်သူများအဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်ဟု သိရသည်။

               *************************************************************************************

ပြုပြင်ပြောင်းလဲရေးကြောင့် နိုင်ငံခြားခရီးသွားများအဆမတန်ဝင်ရောက်

(AFP သတင်းဌာနမှ 11 May 2012 ရက်စွဲပါ Reforms open Myanmar tourist floodgates ကိုဘာသာပြန်ဆိုသည်)

ဟိုတယ်ခန်းများမှာ ဘွတ်ကင်ပြည့်နေပြီး ဈေးနှုန်းမှာလည်းအတော်ကြီးမားသည်။ အမေရိကန်ခရီးသွား ဒေါ်လာလက်မှတ်များ အသုံးပြု၍မရနိုင်သလို ကြွေးဝယ်ကတ်(Credit Cards) များလည်းမည်သည့် ဆိုင်တွင် မှအသုံးမပြုနိုင်သော နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံကားအခြားမဟုတ် အာရှ၏တိုရစ်ဇင်နယ်မြေသစ် တစ်ခုဖြစ်လာတော့မည့် မြန်မာနိုင်ငံပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် တစ်ချိန်တစ်ခါက စစ်အာဏာရှင်စနစ်ကြီးစိုးမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဆက်ပြတ်ကာ အပယ်ခံဖြစ်ခဲ့သော်လည်း ယခုအခါ ထူးခြားသောပြုပြင်ပြောင်းလဲမှု ခြေလှမ်းများကြောင့်ကမ္ဘာ့လှည့်ခရီးသည်များအနေဖြင့် မဖြစ်မနေသွားရောက်လည် ပတ်သင့်သည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံလာရပြီဖြစ်သည်။

"အထီးကျန်နိုင်ငံဖြစ်ခဲ့ခြင်းကတစ်ကြောင်း၊ ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အားလျော်စွာ ရွှေရောင်လက်ပြောင်နေသည့် စိတ်ဝင်စားဖွယ်ဘုရား ပုထိုးမြောက်မြားစွာရှိနေခြင်းကတစ်ကြောင်း၊ နွေးထွေးကြင်နာမှုရှိသော ဧည့်ဝတ်ကျေပြွန်မှုတို့ကြောင့်လည်းကောင်း မြန်မာသည်ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်စရာသီးခြား ကမ္ဘာလေးတစ်ခုသဖွယ်ဖြစ်နေသည်" ဟုနယူးယောက်တိုင်းမ်သတင်းစာ ကပြီးခဲ့သည့် ဇန်နဝါရီလ တွင်ရေးသားဖော်ပြသလို ကမ္ဘာလှည့်ခရီးသွားများ သွားရောက်သင့်သည့်နေရာ(နိုင်ငံ)ပေါင်း ၄၅ နေရာတွင် အဆင့်၃၌ရှိကြောင်းသတ်မှတ်လိုက်သည်။

သို့ရာတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ အဆမတန်ဝင်ရောက်ခြင်းက ပြုစုပျိုးထောင်ခါစ မြန်မာ့ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှုတစ်ရပ်သဖွယ်ဖြစ်နေသည်။ မြန်မာပြည်တွင် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသော်လည်း အခြေခံအဆောက်အဦများမှာ လွန်စွာပင် လျော့နည်းညံ့ဖျင်းနေသည်။ဟိုတယ်လုပ်ငန်းရှင်ကြီးများကိုယ်တိုင်က မြန်မာပြည်၏အခြေအနေမှာ ရေရှည် အတွက်ကောင်းမွန်နိုင်ခြင်းမရှိဟု မှတ်ချက်ပေးသည်။

"ရိုးရိုးသားသားပြောရရင် တိုးရစ်တွေအမြောက်အမြားဝင်ရောက်လာမယ့်ကိစ္စကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာ အသင့်မဖြစ် သေးဘူးလို့ ကျွန်တော်ထင်ပါတယ်" ဟုရန်ကုန်မြို့ရှိ Governor's Residence ဟိုတယ်မှ Front Office Manager ဖြစ်သူ Thomas Moons ကပြောကြားသည်။

"လောလောဆယ်အချိန်မှာကိုပဲ ဟိုတယ်ခန်းနဲ့ အခြားဝန်ဆောင်မှုတွေ လောက်လောက်လားလားမရှိသလောက် ဖြစ်နေပါတယ်။ကမ္ဘာ လှည့်ခရီးသည်တွေကတော့ထင်ကြလိမ့်မယ်။ သူတို့အနေနဲ့ ဒီကိုလာလည်မယ်ဆိုရင် စရိတ်စကသက်သာမယ်လို့ထင်ကြမယ်။ ဒါပေမဲ့ တကယ်တမ်း ကျတော့ ဆန့်ကျင်ဘက် ဖြစ်နေမှာပဲ"ဟု ၎င်းကဆက်လက်ပြောကြားသည်။

အချို့သောသူများက မြန်မာနိုင်ငံသည် ဆွဲဆောင်မှုရှိသောခရီးသွားနေရာတစ်ခုဖြစ်သည် ဟူသောအချက်ကို သံသယဖြစ်ကြသော်လည်း မြန်မာပြည်မှပြန်လာသူအတော်များများကမူ အခြားသောနေရာများထက် မြန်မာ ပြည်တွင်ပျော်ရွှင်ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံအနောက်ပိုင်းစစ်တွေမြို့သို့ သွားရောက်လည်ပတ်ခဲ့သော အသက်၆၁နှစ်အရွယ်ရှိ ဂျာမန်လူမျိုး Klaus ကမူ ယခုတစ်ကြိမ်သည် တတိယအကြိမ်အဖြစ် မြန်မာပြည်သို့လည်ပတ်ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုခရီးစဉ်အပေါ်စိတ်ပျက်မိကြောင်း ပြောဆိုသည်။ "ဒီတစ်ခေါက် လူတွေ တော်တော်များတယ်၊ ရာသီဥတု ကလည်း အပူချိန်မြင့်တဲ့နွေရာသီဖြစ်နေတယ်" ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားသည်။

 နိုင်ငံတကာမှမြန်မာပြည်သို့ ဝင်ရောက်သော ခရီးသွားဦးရေမှာ အဆမတန်မြင့်တက်လာပြီး ၂၀၁၁ ခုနှစ်တွင် ဝင်ရောက်သော ခရီးသွားဦးရေ ၃၆၅၀၀၀ ခန့်ရှိသည်ဟု အစိုးရထုတ်ပြန်သော ကိန်းဂဏန်းများကဆိုသည်။ ထို့အတူ ခရီးသွားဝင်ရောက်မှုမှာ ဆက်လက်မြင့်တက်လာဖွယ်သာရှိသည်။ ပြီးခဲ့သည့်ဇန်နဝါရီလမှ ဧပြီလအထိ ခရီးသွား ၁၇၅၀၀၀ ခန့်ဝင်ရောက်ခဲ့သည်။ အလားတူ ၂၀၁၁ ခုနှစ်ကာလတွင် ၁၃၀၀၀၀ ခန့်သာဝင် ရောက်ခဲ့သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအဆိုအရ ရန်ကုန်တွင် ဟိုတယ်ခန်းပေါင်း ၈၀၀၀ ခန့်သာရှိသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ ကမ္ဘာလှည့်ခရီးသွား အဆမတန်ဝင်ရောက်မှုကြောင့်ဟိုတယ်များတွင် မကြုံစဖူး လူများပြည့်နှက်နေကာ တည်းခိုခများလည်း အဆမတန်မြင့်တက်ကုန်ကြောင်းပြောဆိုသည်။

"အားလပ်ရက်ခရီးထွက်တဲ့သူတွေအနေနဲ့ကတော့ ဒေသတွင်းကအခြားနေရာတစ်နေရာရာကို သွားသင့်တယ်" ဟု ၎င်းကဆိုသည်။

အနောက်နိုင်ငံသားခရီးသွားအများစုမှာမူ နှစ်ပေါင်းများစွာအထီးကျန်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံ၏ အခက်အခဲများကိုပါ ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာပြည်တွင် အမေရိကန်ဒေါ်လာ ခရီးသွားချက်လက်မှတ် သို့မဟုတ် ခရက်ဒစ်ကတ်(ကြွေးဝယ်ကတ်)များ လက်ခံအသုံးပြုနိုင်ခြင်းမရှိသောကြောင့် ၎င်းတို့အနေဖြင့် လိုအပ်သောဒေါ်လာငွေကြေးအားလုံးကို ယူဆောင်လာကြမှသာအဆင်ပြေကြသည်။

လက်ရှိအနေအထားတွင် ဒေါ်လာနှင့်ကျပ်ငွေလဲလှယ်နိုင်သော စင်တာများဖွင့်လှစ်လာပြီဖြစ်သော်လည်း ဒေါ်လာငွေကြေးများစွန်းထင်းနေခြင်း၊ ညစ်ပေနေခြင်း၊စုတ်ပြဲနေခြင်းအစရှိသည်တို့ကို လက်သင့်မခံရာ ခရီးသွားများအနေဖြင့် အခက်ကြုံကြရသည်။

"ဟုတ်ပါတယ်။ ဒီနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို သိတဲ့သူကနည်းပါးတယ်။ တချို့ဆိုရင် ပိုက်ဆံလုံလုံလောက်လောက် ထည့်မလာကြပါဘူး" ဟုခရီးသွားဘုတ်အဖွဲ့မှ အဆိုပါတာဝန်ရှိသူကဆိုသည်။ သို့သော်ခရီးသွားအေးဂျင့်များ အနေဖြင့်၎င်းတို့ကို အကူအညီပေးနိုင် သည်ဟုဆိုသည်။

"အခက်အခဲဖြစ်နေတဲ့သူကို အကူအညီပေးတာဟာ မြန်မာပြည်သူတွေရဲ့သဘာဝပါပဲ"ဟု ၄င်းကဆက်လက်ပြောကြားသည်။

မြန်မာအစိုးရသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦးများကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင် လျက်ရှိသလို အခြားသောခရီးသွားများဝင်ရောက်သည့် နိုင်ငံများနှင့်  ချိတ်ဆက်နိုင်အောင်လည်းလုပ်ဆောင်လျက်ရှိသည်။ပြည်တွင်းလေကြောင်း ခရီးစဉ်ဖြင့်သွားရောက်နိုင်သော နေရာများမှာ ရန်ကုန်၊ ရှမ်းပြည်နယ်အင်းလေး၊ ပုဂံရှေးဟောင်းမြို့နှင့် မန္တလေးမင်းနေပြည်တော်ဟောင်း တို့ဖြစ်ကြသည်။

******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment