Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၄.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်အပေါ် မိုင်းနို(အမေရိကန် အရှေ့မြောက်ပိုင်း) ရဲ့အမြင်

(Bangol Daily News  မှ 12 June 2012  ရက်စွဲပါ  “A Maine perspective on Aung San Suu Kyi” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုလားကြောင်း မြန်မာပြသရန် လိုအပ်သည်ဟု စင်္ကာပူဝန်ကြီးပြော

(Channel News Asia မှ 12 June 2012 ရက်စွဲပါ "Myanmar must show it is pro-foreign investment, EMS Goh" သတင်းကိုဘာသာ ပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည်အပေါ် မိုင်းနို(အမေရိကန် အရှေ့မြောက်ပိုင်း) ရဲ့အမြင်

(Bangol Daily News  မှ 12 June 2012  ရက်စွဲပါ  “A Maine perspective on Aung San Suu Kyi” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

သင့်အနေနှင့် မြန်မာနိုင်ငံကို သတိထားမိစရာ အကြောင်းမရှိနိုင်ပါ။ ရန်ကုန်သည် မိုင်းနို(အမေရိကန်မြောက်ပိုင်း)နှင့် အလွန်ဝေးသည့်အပြင် မြန်မာပြည်သူများနှင့်သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း ပတ်သက်ဆက်ဆံမှု မရှိခဲ့ပါ။

သို့သော်လည်း ထိုနိုင်ငံတွင် လွတ်လပ်စွာ ရွေးကောက်ပွဲတင်မြှောက်သော အစိုးရပေါ်ထွန်းလာရန် တိုက်ပွဲဝင်နေသော ဖြစ်စဉ်မှာမှု အားလုံးနှင့် သက်ဆိုင်သည့် သဘာဝရှိသည်။ အရှေ့တောင်အာရှ၏ အထီးကျန် မထင်မရှားနိုင်ငံငယ်လေးမှ ကမ္ဘာကျော်နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သော နှစ်ပေါင်း ၂၀ နီးပါး အထိန်းသိမ်းခံခဲ့ရသည့်ကြားမှပင် ဒီမိုကရေစီအရေးကို မဆုတ်မနစ် တွန်းအားပေးခဲ့သည်။

အတိုက်အခံ NLD ပါတီခေါင်းဆောင် သူမသည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး ဆုရွေးချယ်ရေး ကော်မတီဥက္ကဌက သူမ အား “အာဏာမရှိခြင်း၏ ကြီးမားသော စွမ်းပကားအတွက် အကောင်းဆုံးဥပမာ”ဟု အမွှန်းတင်ပြောဆိုခဲ့သည်။

သူမသည် မြန်မာစစ်တပ်ဗိုလ်ချုပ်မှူးကြီး၏ ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းမှုကိုခံခဲ့ရပြီးနောက် ၂၀၁၀ ခုနှစ်တွင် လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အခြား NLD အမတ်လောင်းများ(ကိုယ်စားလှယ်လောင်းများ)နှင့်အတူ အပြတ် အသတ် အနိုင်ရရှိခဲ့သည်။

ပြီးခဲ့သောဧပြီလ ရွေးကောက်ပွဲရလဒ်သည် အနောက်အုပ်စု Sanctions များရုတ်သိမ်းသွားအောင် စည်းရုံးသည့်အနေဖြင့် ယခင် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ သိက္ခာမကျအောင် မသမာမှုများ ရှောင်ရှားကာ အလိုက်အထိုက် လွှတ်ပေးထားရန် ယခင် နိုင်ငံတော်အကြီးအကဲဟောင်းက နောက်ကွယ်မှ ညွှန်ကြားထားခြင်းကြောင့် ယခုလိုထွက်ပေါ်လာရခြင်း ဖြစ်သည်ဟု နိုင်ငံရေးဂုရုအချို့က မှတ်ချက်ပေးထားသည်။

ယခုအချိန်တွင် မြန်မာနိုင်ငံအနောက်ဖက်ဒေသမှ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် အဓိကရုဏ်းဖန်တီးမှုဖြင့် ပိုမိုရှုပ်ထွေးအောင် ပြုလုပ်ဖန်တီးနေသော်လည်း ဒီမိုကရေစီရေးအတွက် ဆက်လက်သည်းခံကြိုးပမ်းနေသည့်ဖြစ်စဉ်မှာ အလွန်ပင် အားတက်စရာကောင်းသည်။

မကြာသေးမီက ထိုင်းနိုင်ငံတွင်ပြုလုပ်သော အရှေ့အာရှကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဆီနိတ်တာ စူဇန်ကောလင်းတို့ တွေ့ဆုံခဲ့ကြပြီးနောက်တွင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုသည် မိုင်းနိုနှင့် နီးစပ်မှုရှိလာသည်။ ထိုထိုင်းနိုင်ငံခရီးသည် ၂၄ နှစ်အတွင်း မြန်မာနိုင်ငံပြင်ပသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ထွက်ခွာလာခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် လွတ်လပ်စွာရွေးကောက်တင်မြှောက်သော အစိုးရထွက်ပေါ်ရေးနှင့် အစိုးရကို ဝေဖန်ပြောဆိုခွင့်ရရှိရေးအတွက် ကြိုးပမ်းနေကြခြင်းကို မိုင်းနားများ(အမေရိကန်အရှေ့မြောက်ပိုင်းသားများ)နှင့် ကမ္ဘာသူကမ္ဘာသားများအား ထပ်မံ အသိပေးပြောဆိုခဲ့သည်။

WEF ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေအထားအပေါ် အလွန်အကျွံအကောင်းမြင်နေကြသော ရင်းနှီးမြှုပ်နှံသူများကို  သတိပေး နှိုးဆော်ပြောဆိုခဲ့သည်။ သူမ၏ မှတ်ချက်များက သမ္မတဦးသိန်းစိန်အစိုးရကို စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟူသော မှန်းဆမှုများ ထွက်ပေါ်လာသော်လည်း သမ္မတ၏ လက်ထောက်များက သာမန်ဖြစ်ရိုးဖြစ်စဉ် သဘောကွဲလွဲမှုဟု လျှော့ပေါ့ပြောဆိုခဲ့ကြသည်။

WEF ညီလာခံအပြီး အမေရိကန်သို့ပြန်လာသော ဆီနိတ်တာစူဇန်ကောလင်းက မြန်မာနိုင်ငံကို ကမ္ဘာစောင့်ကြည့်ရအောင် စွမ်းဆောင်ခဲ့သော ရဲရင့်၊ သွက်လက်၊ ထက်မြတ်သည့် မြန်မာခေါင်းဆောင် အမျိုးသမီးကို ချီးကျူးပြောဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်၍ အနာဂါတ်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ရန် ကြိုးစားလျှက်ရှိသည်။

တစ်ချိန်ချိန်တွင် မိုင်းနို(အမေရိကန်အရှေ့မြောက်ပိုင်း)၌ သူမကို မြင်တွေ့ရလိမ့်မည်ဟု မိမိတို့မျှော်လင့်နေသည်။

“ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အထင်ကြီးစရာကောင်းတဲ့ အပြောင်းအလဲတွေဟာ နောက်ပြန်ဆုတ်သွားနိုင်ဆဲ ဖြစ်နေပြီး၊ ဆက်လက် ရှင်သန်နိုင်မှာလားဆိုတာကို စောင့်ကြည့်ရဦးမယ့်အချိန်မျိုးမှာ အလွန်အကျွံ အကောင်းမြင်နေကြတာကို သတိထားဖို့လိုတယ်လို့ သတိပေးပြောကြား ပါတယ်”ဟု စူဇန်ကောလင်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့အတွက် အမေရိကန်အစိုးရက Sanctions အချို့ဖြေလျှော့ပေးတာကို သူမကထောက်ခံပေမယ့် အပြည့်အဝ ဒီမိုကရေစီပန်းတိုင်ဆီ ဆက်သွားနိုင်ဖို့ Sanctions တွေကိုမှီခိုရဦးမယ်လို့ ယုံကြည်တဲ့အတွက် အပြီးအစီးအားလုံး ရုတ်သိမ်းတာမျိုးကိုတော့ အားမပေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်မကို ရှင်းပြပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“၁၅ နှစ်လောက် အိမ်ပြင်ကိုထွက်ခွင့်မရဘဲ နေ့စဉ် ၆ နာရီလောက် ရေဒီယိုနားထောင်ပြီးနေခဲ့ရတဲ့ အကြောင်းတွေကိုလည်း ကျွန်မတို့ ပြောဖြစ်ကြပါတယ်။ အခုတော့ သူမဟာ ဂုဏ်သိက္ခာကြီးတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ သူမရဲ့သဘောထားကို လွတ်လပ်စွာ တင်ပြခွင့်ရတဲ့အပြင် နယ်စပ်က ကရင်ဒုက္ခသည်စခန်းတွေဆီ သွားရောက်ကြည့်ရှုနိုင်ခဲ့ပါပြီ”ဟု စူဇန်ကောလင်းက ပြောကြားသည်။

“သူမဟာ အဆုံးစွန်ဥာဏ်ရည်ထက်ပြီး၊ အတွေးအခေါ်အရမ်းကောင်း၊ အလွန်ရဲရင့်တဲ့ အမျိုးသမီးပါ။ သူမရဲ့ခန္ဓာကိုယ် ကျန်းမာရေးကို ကျွန်မစိတ်ပူမိပါတယ်။ သူမကို တွေ့တဲ့အချိန်မှာ အရမ်းပင်ပန်းနွမ်းနယ်နေတာကို တွေ့ရပါလိမ့်မယ်။ သူမရဲ့ သာမန်ထက်ထူးတဲ့ ထက်မြတ်တဲ့စွမ်းရည်ကို ခန္ဓာကိုယ်ခွန်အားက အမှီလိုက်နိုင်ပါ့မလားလို့ ကျွန်မပူပန်မိပါတယ်”ဟု အမေရိကန်ဆီနိတ်တာ(အရှေ့မြောက်ပိုင်းသူ-မိုင်းနား) စူဇန်ကောလင်းက မှတ်ချက်ပေး ပြောဆိုခဲ့သည်။

 ***************************************

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုလားကြောင်း မြန်မာပြသရန် လိုအပ်သည်ဟု စင်္ကာပူဝန်ကြီးပြော

(Channel News Asia မှ 12 June 2012 ရက်စွဲပါ "Myanmar must show it is pro-foreign investment, EMS Goh" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသည် ရှင်းလင်းပြတ်သားသော ရင်းနှီးမြှုပ်နှံမှုဥပဒေများ၊ မူဝါဒများကို ထုတ်ပြန်ချမှတ်ခြင်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လိုလားကြောင်း ပြသရန် လိုအပ်သည်ဟု စင်္ကာပူဝါရင့်ဝန်ကြီး ဂိုဂျောက်တောင်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် စင်္ကာပူကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရောက်ရှိနေသော ဂိုဂျောက်တောင်က သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင်တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အခွင့်အလမ်းများစွာ ရှိနေသည်ဟုလည်း စင်္ကာပူဝါရင့်ဝန်ကြီးက ဆိုသည်။ ဂုဏ်ထူးဆောင်အကြီးတန်းဝန်ကြီး(EMS) ဂိုဂျောက်တောင်က "မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ နိုင်ငံရေး၊ စီးပွားရေး လမ်းကြောင်းပေါ်ကိုရောက်နေပြီ"ဟု အပြုသဘောဆောင် မှတ်ချက်ကောင်း ပေးသလို"ကျွန်တော်တို့ စင်္ကာပူစီးပွားရေးသမားတွေဟာ ဒီနိုင်ငံကိုလာပြီး၊ ဒီနိုင်ငံမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ စွန့်စားရမယ့်ကိစ္စတွေ၊ အလုပ်သမား ကိစ္စအနေအထားတွေကို ကိုယ်တိုင်ထိတွေ့ အကဲဖြတ်ဖို့လိုတယ်"ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာသမ္မတနှင့် စင်္ကာပူဝန်ကြီးချုပ်ဟောင်း တို့၏ ၄၅ မိနစ်ကြာဆွေးနွေးမှုတွင် ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ စီးပွားရေးနိမ့်ကျမှုအပေါ် ပူပန်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆင်းရဲမွဲတေမှုကို ရှင်းလင်းဖယ်ရှားပစ်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ထိထိရောက်ရောက် ဆွဲဆောင်ကာ လူထုအတွက် အလုပ်အကိုင်ဖန်တီးပေးရန် လိုအပ်သည်ဟု မစ္စတာဂိုက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် အထည်ချုပ်နှင့် လျှပ်စစ်ပစ္စည်းကဲ့သို့သော အလုပ်သမားအားပြု စီးပွားရေးနယ်ပယ်များအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် အားသန်နေပြီး၊ စင်္ကာပူနိုင်ငံကလည်း မြန်မာတို့၏ လူသားရင်းမြစ်ဖွံ့ဖြိုးမှု စွမ်းရည်တည်ဆောက်မှုတို့ကို အကူအညီပေးနိုင်လိမ့်မည်ဟု ပြောကြားသည်။

စင်္ကာပူဝါရင့်ဝန်ကြီးသည် နေပြည်တော်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်လည်း ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့သည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက စင်္ကာပူနှင့် မြန်မာနိုင်ငံအကြားမှ အကောင်းဆုံး အပြန်အလှန် ဆက်ဆံရေးကို ချီးကျူးပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် စင်္ကာပူ၏ တစ်သမတ်တည်း ထောက်ခံမှုကို အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ဦးရွှေမန်းက ဆက်လက်၍ မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲတွင် ပါဝင်မည့် လွှတ်တော်၏ကဏ္ဍကို ရှင်းလင်းပြောဆိုခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် ဆောင်ရွက်မှုများကို အားပေးထောက်ခံသွားမည်ဟု ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနှင့် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ သမ္မတ၏စီးပွားရေး အကြံပေး ဦးမြင့်တို့နှင့်လည်း မစ္စတာ ဂိုဂျောက်တောင်က ဆက်လက်တွေ့ဆုံခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး၊ အစိုးရ၏ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို အထောက်အကူဖြစ်စေမည့် ငွေကြေးကဏ္ဍဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုကို နှစ်နိုင်ငံစလုံးက အားပေးသင့်ကြောင်း သဘောတူ ခဲ့ကြသည်။

မစ္စတာဂိုဂျောက်တောင်သည် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်သို့ ဆက်လက်ထွက်ခွာ၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့အား သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

စင်္ကာပူဝါရင့်ဝန်ကြီး ဂိုဂျောက်တောင်သည် ၂၀၀၉ ဇွန်လတွင် မြန်မာနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့ပြီး၊ ထို့နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ အများကြီး ပြောင်းလဲသွားခဲ့သည်။

၂၀၁၀ တွင် အရပ်သားတစ်ပိုင်းအစိုးရအား အာဏာလွှဲပြောင်းပေးခဲ့သော ယခင်အကြီးအကဲဟောင်းသည် အာရပ်ကမ္ဘာနွေဦးတော်လှန်ရေး မြန်မာနိုင်ငံသို့ ပြန့်နှံ့ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားများစွာကိုလွှတ်ပေးခြင်းကဲ့သို့သော အဓိက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည်။

                                            *****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment