Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့၏ ပထမဦးစားပေး “တာဝန်”

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့၏ ပထမဦးစားပေး “တာဝန်”

မိုးမြင့်ငြိမ်း

မီဒီယာဆိုသည်မှာ သတင်းပေးသူ၊ သတင်းရင်းမြစ်နှင့် သတင်းစားသုံးသူများကြား ဆက်သွယ်ပေးရသည့် ကြားခံနယ် တစ်ခုပင်ဖြစ်သည်။ မီဒီ ယာမရှိသည့် လူ့အဖွဲ့အစည်းသည် မည်သို့ အသက်ဆက်ရှင်သန်မည်နည်း။ မီဒီယာလုပ်ငန်းကို စီးပွားရေးအသွင်မဆောင်သည့် ရှေ့လူ့အဖွဲ့အစည်းက တည်းက မီဒီယာ၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သည်။ ယခု ၂၁ ရာစု တွင် မီဒီယာမှာ လူ့အဖွဲ့တစ်ခု လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ် ဖြစ်လာလေပြီ။ ထိုသို့ ယနေ့ကမ္ဘာပေါ်တွင် မီဒီယာအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူ့အဖွဲ့အစည်းတိုင်း ကောင်းကျိုးများစွာ ဖြစ်ထွန်းစေခဲ့သည်။ ဥပမာ အားဖြင့် အာရပ်အာဏာရှင်နိုင်ငံများ တစ်နိုင်ငံပြီး တစ်နိုင်ငံ အာဏာရှင်စနစ်ချုပ်ငြိမ်းသွားခြင်းသည် မီဒီယာစွမ်းအားများစွာ ပါဝင်သည်။

အာဏာရှင်များ သတင်းနည်းပညာဖွံ့ဖြိုးမှုကို အသုံးချ၍ ပြည်သူများကို လိုသလို ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ ယေဘူယျအားဖြင့် ပြည်သူများ ကသာ ယင်းကိုအသုံးပြု၍ အာဏာရှင်စနစ်ကို တွန်းလွန်နိုင်ခဲ့သည့် ဖြစ်ရပ်များရှိခဲ့သောကြောင့် ကောင်းကျိုးဖြစ်ထွန်းဟု ကောက်ချက်ချရခြင်း ဖြစ် သည်။ နိုင်ငံတစ်နိုင်ငံတွင် မီဒီယာလွတ်လပ်ပွင့်လင်းခြင်းနှင့် နိုင်ငံရေး လွတ်လပ်ခွင့်မှာ တိုက်ရိုက်အချိုးကြသည်။ ထို့ကြောင့် မီဒီယာလွတ်လပ်ပွင့်လင်း မှုကိုကြည့်၍ လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်း၍ ရနိုင်ပါသည်။

မီဒီယာ၏စွမ်းအားကြောင့် ထိုသို့သော ကောင်းကျိုးဖြစ်ထွန်းမှုများချည်း ရှိသည်တော့မဟုတ်ပါ။ အဆိပ်သင့်စေသည့် ဆိုးကျိုးများလည်း ရှိပါ သေးသည်။ မီဒီယာ၏ဆိုးကျိုးကို ဝေဖန်ပြောကြားသူများသည် မီဒီယာမှာ နိုင်ငံအတွင်း အာဏာနှင့် ငွေကြေးကြွယ်ဝသူများ၏ ဝါဒဖြန့်ချီရေးလက်နက်ဟု ကောက်ချချကြသည်။ ဤသို့ ပြောဆိုနေခြင်းမှာ ပြင်းထန်သလိုတော့ ရှိသော်လည်း လုံးဝမှားယွင်းသည်တော့မဟုတ်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ပြည်သူအကျိုးနှင့် သတင်းစားသုံးသူများ၏ အကျိုးကို အစဉ်ရှေ့ရှုသည့် မီဒီယာလုပ်ငန်းကြီးများ ရှိပါသည်။ သို့သော် တချို့သတင်းမီဒီယာများသည် နိုင်ငံ ၏ ရွေး ကောက်ပွဲများ၊ စီးပွားရေးသတင်းများကို သူတို့လိုသလို ပြည်သူများ၏အမြင်အား လွှမ်းမိုးခြယ်လည် ပုံဖော်ကြသည်။

မီဒီယာလုပ်ငန်းဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ထို့အတွက်ကြောင့် စီးပွားရေးအကျိုးအမြတ် ရရှိရေးကို ကြည့်သင့်ပါသည်။ သို့သော် အမှန်တကယ် ဂုဏ်သိက္ခာရှိသည့် သတင်းမီဒီယာတစ်ခု ဖြစ်ဖို့အတွက်ဆိုလျှင် အမြတ်အမြင့် ဆုံးရရှိရေးအတွက် အဓိကထားလုပ်ဆောင်နေ၍ မဖြစ်သင့်ပါ။ ဂုဏ်သိက္ခာရှိပြီး ပြည်သူအကျိုးကိုသာ ရှေ့ရှုသော သတင်းမီဒီယာဆိုလျှင် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေသည့်တိုင် စီးပွား ရေးဆန်လို့တော့မဖြစ် တနည်း စီးပွားရေးအကျိုးအမြတ်မှာ ပထမနေရာတွင် မထားတော့။ စီးပွားရေးအကျိုးအမြတ်ကို အဓိကထားသော သတင်းမီဒီယာ များတွင် ပြည်သူများအတွက် မီဒီယာ၏တာဝန်ကို အပြည့်အဝ မထိမ်းဆောင်နိုင်။ စီးပွားရေးအကျိုးအမြတ်အတွက် လူကြိုက်များသည့် သတင်းများသာ တင်ပြနေသည့်အတွက် တကယ်သိသင့်သိထိုက်သော သတင်းကို မဖော်ပြနိုင်။

ယနေ့ကမ္ဘာပေါ်တွင် မီဒီယာလွှမ်းမိုးမှု ကြီးမားလာခြင်းနှင့်အတူ ယင်း၏ အဆိုးဘက်အခြမ်းကိုလည်း မပြတ်ဝေဖန်မှုများ ပြုလုပ်နေကြသည်။ မီဒီ ယာ၏ အခန်းကဏ္ဍ ယခင်ထက် အရေးပါလာခြင်းမှာလည်း သတင်းနည်းပညာ၏ ဖွံ့ဖြိုးမှုဂယက်ကြောင့်ဟု ယတိပြတ်ကောက်ချချ၍ ရနိုင်ပါသည်။ ထို ကြောင့်လည်း နိုင်ငံတကာတွင် ပုံနိုပ်သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်းကျဆင်းလာပြီး online မီဒီယာမှာ ယခင်ထက် ပိုမို အရေးပါလာ သည်။ အင်တာနက်ရသည့် မည်သည့်နေရာတွင်မဆို သတင်းများ စက္ကန့်နှင့်မလပ် တင်ပို့နိုင်ခြင်းကြောင့် သတင်းပျံ့နှံ့သည့် ဒိုင်းနမစ်မှာ အတော်ကြီး မြန်လာလေပြီ။ မည်သူမဆို သတင်းထောက်ဖြစ်နိုင်သည်။ ဖြစ်ရပ်တစ်ခုကို ဖုန်းဖြင့်ဓာတ်ပုံရိုက်ပြီး facebook, twitter စသည့် social media များ၊ ကိုယ်ပိုင်ဘလော့ခ်များအပေါ် သတင်းတိုရေးသားပြီး အခုဖြစ်လျှင် အခုတင်နိုင်နေပြီ။

ယခုနှစ်ပိုင်းအတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးချုပ်ကိုင်မှုများ ဖြေလျော့လာမှုနှင့်အတူ သတင်းလွတ်လပ်ခွင့်များလည်း ယခင်ထက် ပိုမို ရရှိလာ သည်။ အထူးသဖြင့် သတင်းဂျာနယ်များသည် အခြားသော ရုပ်သံသတင်း၊ FM တို့နှင့် ယှဉ်လျှင် ပိုမို များပြားလာသည်။ ဂုဏ်သိက္ခာရှိသည့် သတင်းမီဒီ ယာများလည်း ပေါ်ထွက်လာသလို စီးပွားရေးအကျိုးအမြတ်ကို ဦးစားပေးသည့် သတင်းမီဒီယာများလည်း ရှိသည်။ ဆယ်စုနှစ်များစွာ သတင်းလွတ်လပ် ခွင့်မရှိရာမှ လွတ်လပ်ခွင့်တစ်စုံတစ်ရာ ရရှိလာသည့်အတွက် ဖြစ်ရပ်တစ်ခုအပေါ် သတင်းဂျာနယ်များမှ ရှုထောင့်မျိုးစုံဖြင့် ရေးသားမှုများရှိနေသည့် အတွက် သတင်းစားသုံးသူများမှာ သတင်းများ ဗလုံးပထွေးဖြစ်လာသည်။ စာရေးသူ မိတ်ဆွေတစ်ဦးသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ပတ် သက်၍ မီဒီယာမျက်နှာစာပေါ်တွင် တစ်ယောက်တစ်မျိုး ရှုထောင့်မျိုးစုံဖြင့် ပြောဆိုနေမှုများအပေါ် ဝေခွဲဖို့ရာ ခက်နေသည်ဟု ပြောဆိုဖူးသည်။ ယခု မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ရခိုင်နှင့် ရိုဟင်ဂျာတို့ကြား လူမျိုးရေးပဋိပက္ခနှင့် ပတ်သက်၍လည်း သတင်းမီဒီယာအချို့သည် ပြည်သူများကြား ပြဿနာပိုကြီးထွားစေမည့် အရေးအသားမျိုး ရေးသားတင်ပြမှုများရှိနေသည်။

social media တစ်ခုဖြစ်သည့် facebook ပေါ်တွင် သာ၍ဆိုးသည်။ သွေးထိုးလှုပ်ဆော်သူများ၏ နိုင်ငံရေးကို လိုသလို လှည့်လည်ကစားရာ စားကျက်လို ဖြစ်နေသည်။ ထိုအတွက်ကြောင့် ပြည်သူများအတွက် အကျိုးမများသည့် သတင်းများကို မတင်ပြမိဖို့မှာ သတင်းသမားတို့၏ အရေးအကြီး ဆုံးကျင့်ဝတ်ပင် ဖြစ်သည်။

Yangon Chronicle သည် ၂၀၁၁ မှစတင်၍ ပြည်သူတစ်ရပ်လုံးအကျိုးအတွက် နိုင်ငံတည်ဆောက်ရေးကို စတုတ္ထမဏ္ဍိုင်မှနေ၍ ထမ်းဆောင် ခဲ့ပါသည်။ ပြည်သူများသိသင့်သိထိုက်သော သတင်းများကို မပြတ်တမ်းတင်ပြခဲ့ပါသည်။ နိုင်ငံရေးဖြစ်စဉ်သစ် ပီပီပြင်ပြင် ရုပ်လုံးပေါ်လာဖို့၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့ သတင်းများ၊ ဆောင်းပါးများဖြင့် မူဝါဒချ မှတ်သူများရော၊ ပြည်သူများပါ သိစေရန်အတွက် ကြိုးစားအားထုတ် တင်ပြခဲ့ ပါသည်။ ပြည်သူများကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်စေမည့် sensational အကြောင်းအရာများကို သတိကြီးကြီးထား၍ ရေးသားတင်ပြမှုများပြုလုပ်ပါသည်။ နိုင်ငံတည်ဆောက်ရေးမှာ ဂိမ်းတစ်ခုဆိုလျှင် ပေါက်သူ၊ ကွဲသူ ဧကန် ရှိမည်သာဖြစ်သည်။ သို့သော် အမြဲတမ်းနိုင်သူ၊ အမြဲတမ်းရှုံးသူ မရှိအောင် Yangon Chronicle အနေဖြင့် သူနိုင်၊ ကိုယ်နိုင်အနေအထားဖြင့် အခက်အခဲများကို ကျော်လွှားဖို့ အမြဲရေးသား တင်ပြခဲ့ပါသည်။ ပေါက်သူ၊ ကွဲသူတွင် ပေါက်သူ များမှာ သန်း ၆၀သော ပြည်သူများအတွက်ဆိုသည်မှာ Yangon Chronicle မှ ဆွဲကိုင်ထားသော မူဝါဒပင်ဖြစ်သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment