Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၇.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အဓိကရုဏ်း စီမံခန့်ခွဲမှု

*****************************************

ဆောင်းပါးကဏ္ဍ

အဓိကရုဏ်းစီမံခန့်ခွဲမှု

လင်းထိုက်(Y.I.T)

(ဇွန်လ(၁၇)ရက်နေ့ထုတ်TRUE NEWS ဂျာနယ် အတွဲ(၄)၊အမှတ်(၃၇)ပါ ဆောင်းပါးကို ကူးယူဖော်ပြသည်)

ဒီရက်သတ္တပတ်အတွင်း ဖယောင်းတိုင်တွေ ပြန်အရောင်းပါးသွားတယ်။ ဖယောင်းတိုင်တွေဆန္ဒပြပွဲတွေ အကြောင်းမကြားရတော့ဘူး။  (လျှပ်စစ်မီးကလည်း ပုံမှန်ပြန်လာနေတယ်။) စက်မှုဇုန် အလုပ်သမားတွေရဲ့လစာနည်းပါးမှု ဆန္ဒပြပွဲသတင်းလည်း လူတွေကြားထဲ သိပ်မပြော ကြတော့ဘူး။ လယ်သမားတွေရဲ့လယ်ယာမြေအသိမ်းခံရမှု မကျေနပ်ချက်တွေ ဆန္ဒထုတ်ဖော်မှုတွေလည်း အသံတိုးသွားတယ်။ ဒုက္ခသည် ကချင်ပြည်သူ အရေအတွက် ခုနှစ်သောင်းကျော်အထိ ရှိလာတဲ့ ကချင်ပြည်နယ်က စစ်ပွဲအကြောင်း ဂျာနယ်စာမျက်နှာတွေထက်မှာ အထူးသတင်း မဖြစ်တော့ဘူး။ ဇွန်လ ၉ရက်နေ့မှာKIA ကချင်တပ်နဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားတဲ့ သက်တမ်းတစ်နှစ်ပြည့်ပါတယ်။ ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်လျော့သွားတယ်။ တစ်နိုင်ငံလုံးရဲ့အာရုံကို မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ် အဓိကရုဏ်းတွေက ဖမ်းစားလိုက်တယ်။ နိုင်ငံပိုင်သတင်းစာတွေမှာ အထူးသတင်းအဖြစ် ဖော်ပြပြီးတဲ့ နောက်ပိုင်း အင်တာနက် စာမျက်နှာတွေမှာ၊လူတွေရဲ့ ပါးစပ်ဖျားမှာရခိုင်ပြည်နယ်ရဲ့ အဓိကရုဏ်းသတင်းက ရေပန်း စား နေရာယူ သွားပါတယ်။

ဒီရက်ပိုင်းမှာ ‘AndrzeiKarkoszka’ရေးသားတဲ့ “CrsisManagement”ဆိုတဲ့ စာတမ်းလေးဖတ်မိသွားတယ်။ Crisis ဆိုတဲ့ ဝေါဟာရကို ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ စပ်ဆက်အောင် အဓိကရုဏ်းလို့ပဲ ဘာသာပြန် လိုက်ပါတယ်။ “အဓိကရုဏ်းစီမံခန့်ခွဲမှု” ဆိုတဲ့ စာတမ်းမှာ ဆောင်းပါးရှင်က အဓိပ္ပါယ်ဖွင့်ဆိုရာမှာ “အဓိကရုဏ်း ဖြစ်ပွားခြင်း ဆိုတာ ပုံမှန်အစီအစဉ်တကျ သွားနေတဲ့ စနစ်တစ်ခုအတွင်းမှာ မထင်မှတ်တဲ့ ရုတ်တရတ် အပြောင်းအလဲတစ်ခုကို ဖန်တီးလိုက်ခြင်းဖြင့် စနစ်ရဲ့ အစိတ်အပိုင်းဒါမှမဟုတ် စနစ်တစ်ခုလုံးကို ဖျက်လိုဖျက်ဆီးနဲ့ ကဖျက်ကယက် လုပ်ခြင်း”လို့ ဆိုပါ တယ်။

ပဋိပက္ခ > အဓိကရုဏ်း > အပြောင်းအလဲတစ်ခု

              အဓိကရုဏ်တစ်ခုဟာ အဖြစ်အပျက်နဲ့ အပြောင်းအလဲကိုဆက်စပ်ပေးတဲ့ အဖြစ်အပျက် အခြေအနေတစ်ခုလို့ ပညာရှင်တစ်ယောက်ရဲ့ ဖွင့်ဆိုမှုကို စာတမ်းရှင်က ပြန်လည်ကိုးကားပါတယ်။ ပဋိပက္ခဟာ စားပွဲဝိုင်းဝိုင်းတစ်ခုနဲ့ ဖြေရှင်းလို့ ရပေမယ့် အဆိုးသို့မဟုတ် အကောင်းဖြစ်မယ့် အပြောင်းအလဲတစ်ခု ပေါ်ပေါက်ဖို့ စားပွဲဝိုင်းဖြေရှင်းမှုနဲ့ မရတဲ့ အဓိကရုဏ်း တစ်ခုဟာ ပေါ်ပေါက်ရတယ်လို့လည်းဆိုပါတယ်။

အဓိကရုဏ်းစီမံခန့်ခွဲမှု

              အဓိကရုဏ်းတစ်ခုကို စီမံခန့်ခွဲတဲ့နေရာမှာ ပထမဆုံး အဓိကရုဏ်း ဖြစ်ပေါ်စေမယ့် အကြောင်းအချက် အခြေအနေ အရပ်ရပ်ကို နားလည် နိုင်စွမ်း ရှိရမယ်လို့ ဆိုပါတယ်။ ပြီးတော့ ဖြစ်စဉ်အပေါ် နိုင်ငံရေး ၊လူမှုရေး ၊ကျန်းမာရေး စသည်ဖြင့် ကဏ္ဍအလိုက်  ပါဝင်ပတ်သက်မှုကို အမျိုးအစား ခွဲခြားနိုင်တဲ့ အရည်အသွေး လိုအပ်ပါတယ်။ (ဥပမာ-ဖြစ်စဉ်ဟာ နိုင်ငံရေး ကဏ္ဍနဲ့ လူမှုရေးကဏ္ဍနဲ့ သက်ဆိုင်လား၊ ပညာရေးကဏ္ဍနဲ့ သက်ဆိုင်လား၊ ဒါမှမဟုတ်ကဏ္ဍတွေ ရောယှက်နေသလားဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုအပ်ပါတယ်။ ကဏ္ဍတွေ ရောယှက်နေရင် ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍ တွေရဲ့ အချိုးအစားကိုတိတိကျကျ သိမြင်နားလည်ရမယ်လို့ စာတမ်းရှင်က ဆိုလိုတာပါ။)

ဖြစ်စဉ်တွေထဲမှာ ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍတွေထဲက အရေးကြီးဆုံးကဏ္ဍကိုလည်း ဆွဲထုတ်တင်ပြနိုင်တဲ့ စွမ်းရည်လည်း လိုပါတယ်။ နောက်ဆုံးအချက်အနေနဲ့က ဖြစ်စဉ်ရဲ့နောင်ဖြစ် လာမယ့်အကျိုးဆက်တွေကိုလည်း အမြော်အမြင်ရှိရှိ မှန်းဆထားနိုင်ရမယ်လို့လည်း ဆိုပါတယ်။ အဓိက ရုဏ်းစီမံခန့်ခွဲမှုမှာ အထက်ပါလေးချက်ကို ဂရုပြုပြီးတင်ပြ ထားပါတယ်။

ဆုံးဖြတ်ချက်ချခြင်း(Decision Making)အပိုင်းမှာတော့ အဓိကရုဏ်းစီမံခန့်ခွဲသူရဲ့ အဓိကရုဏ်းကိုတုန့်ပြန်မှု အချိန်ကာလကို ချင့်ချိန်ခြင်းဟာ အရေးအကြီးဆုံး ကိုင်တွယ်မှုအဖြစ် တင်ပြထားပါတယ်။ အဓိကရုဏ်းတစ်ခုရဲ့ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီး မြန်မြန် ကိုင်တွယ်သင့်သလား၊ အချိန်စောင့် ဆိုင်းမှုလိုအပ်လားဆိုတဲ့ ဆုံးဖြတ်ချက်ချခြင်းဟာ လူ့အသက်ပေါင်းများစွာအတွက် သက်ဆိုင်နေတဲ့အတွက် တုန့်ပြန်မှု အချိန်ကာလကို ချင့်ချိန် ခြင်းကို အရေးတကြီး ကိုင်တွယ်မှုတစ်ခုလို့ စာတမ်းရှင်က ဆိုထားပါတယ်။

အဓိကရုဏ်းစီမံခန့်ခွဲမှု သော့ချက်များ

(၁)အများပြည်သူရဲ့ လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အခြေအနေတစ်ရပ်အဖြစ် ခိုင်ခိုင်မာမာလက်ခံခြင်း

(၂)အဓိကရုဏ်းကိုတုန့်ပြန်ရမယ့် အချိန်ကာလကိုအချိန်မီတွက်ဆနိုင်ခြင်း

(၃)အဓိကရုဏ်းဖြစ်ပွားရာပကတိအခြေအနေရဲ့ မတည်ငြိမ်မှု အတိုင်းအတာပမာဏကိုတွက်ဆခြင်း

(၄)အဆုံးအဖြတ်ပြုမယ့် စီမံခန့်ခွဲသူတွေရဲ့ ပကတိအခြေအနေအပေါ်မျှတခြုံငုံသုံးသပ်နိုင်စွမ်း

အထက်ပါ အချက်လေးချက်ပေါ် မူတည်ပြီးအသင့်လျော်ဆုံးတုန့်ပြန်မှု ယန္တရားတစ်ခု အလျင်အမြန် ဖန်တီးသင့်တယ် လည်းဆိုပါတယ်။

လူ့အသက်တွေဟာပေါ့တီးပေါ့ဆမဟုတ်

ကမ္ဘာသမိုင်းကို ပြန်ကြည့်ရင် အဓိကရုဏ်း အမျိုးအစားတွေထဲမှာ လူမျိုးရေးအဓိကရုဏ်းဟာ သွေးမြေခတဲ့ သက်တမ်းကြာရှည် တတ်ပါတယ်။ ရဝမ်ဒါနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေမှာ ဖြစ်ပွားတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို ကြည့်ရင် လူ့အသက်ပေါင်း များစွာ သွေးမြေခရုံတင်မကဘဲ ရန်ငြိုး အာဃာတမီးတွေ တငွေ့ငွေ့လောင်ကျွမ်းကာ နှစ်ကာလ ချီပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းဟာ အဆိုပါ နိုင်ငံတွေလောက် ရန်ငြိုးအာဃာတ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ နှစ်ပေါင်းများစွာနေထိုင်လာခဲ့ကြပြီးမီးပွားတစ်ခုကြောင့် ရုတ်တရတ်တောက်လောင်တဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုအခြေအနေမှာ ပြည်သူတစ်ရပ်လုံးကမျှတ ခြုံငုံသုံးသပ်နိုင်တဲ့အမြင်နဲ့ ဝိုင်ဝန်းထိန်းသိမ်းကြရမှာပါ။

ဒီမိုကရက်တိုက်ဇေးရှင်း(Democratization) သီအိုရီတွေအရလည်း ဒီမိုကရေစီအသွင် ကူးပြောင်းရာမှာ အဟန့်အတား တစ်ခုအဖြစ် နိုင်ငံရေး အဖြူအမဲ (Political Polarization)ရှိခြင်းနဲ့ အစွန်းရောက် အယူအဆများ (နိုင်ငံရေး၊ လူမျိုး ရေး………….စသည်)ရှိခြင်းတို့ကို အခက်အခဲအဖြစ် ညွှန်းဆိုကြပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းကာစဖြစ်တဲ့ အခြေအနေတစ်ရပ်မှာ အမုန်းတရားတွေ ဆပွားစေမယ့် အာဃာတတွေကို ကူးစက်စေမယ့် အပြောအဆို ၊အရေးအသားတွေကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပြီးထိန်းသိမ်း ဆောင်ရွက်သင့်ပါတယ်။ တစ်ခါဆောင်းပါးတစ်ခုမှာ ဖတ်ဖူးတဲ့ စာသား တစ်ခုလို ကိုယ့်လည်ပင်းကိုယ် စွပ်မိစေမယ့် ကြိုးကွင်းကို ကိုယ်တိုင်မကျစ်မိဖို့ အရေးကြီးလှပါတယ်။ အခြေအနေတွေ ကူးစက်သွားရင် ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီခရီးကြီး နောက်ကြောင်းပြန်လှည့် သွားနိုင်ပါတယ်။ လူ့အသက်တွေဟာ ပေါ့တီးပေါ့ဆရထားတာ မဟုတ်ပါဘူး။ ယခု အခြေအနေ ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလရောက်ဖို့ကိုဘဝတွေစတေးခဲ့ ရပြီးပါပြီ။ထပ်ပြီးအသက်တွေ ထပ်စတေးရမယ်ဆိုရင် မြန်မာပြည်ဟာ ပြာပုံထဲက ဘယ်တော့မှ ရုန်းထွက်နိုင်တော့မှာ မဟုတ်ပါဘူး။ အန္တရာယ်စက်ကွင်းထဲ မသက်ဆင်းမိဖို့ ပြည်သူအားလုံး အခြေအနေ အရပ်ရပ်အပေါ် မျှတခြုံငုံသုံးသပ်နိုင်စွမ်းရှိဖို့ အထူးလိုအပ်နေပါပြီ။ တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရရှိရေးသာဝိုင်ဝန်းလုပ်ဆောင်ကြပါ။

စာကိုး။ ။”Crisis Management”byAndrzeiKarkoszka

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment