Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူ့အတွက် တပ်မတော်

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူ့အတွက် တပ်မတော်

(ဇွန် ၂၁ ထုတ် Venus News အတွဲ (၃) အမှတ် (၄၈) မှ ထုတ်ယူဖော်ပြသည်။)

အောင်ဟိန်းကျော်

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးလှမင်း စင်ကာပူတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ပါသည်။ ထိုစဉ် တပ်မတော်၏ သဘောထားနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့ကြောင်း ဖတ်ရှုရပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်းထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြား မှုများကို ဆက်လက်၍ လိုက်နာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သင့်တော်သည့် အချိန်တစ်ခုသို့ ရောက်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအရေအတွက်ကို လျှော့ချနိုင်ခြေရှိသည်ဟုလည်း ပွင့်ပွင့်လင်းလင်း မြင်သာစွာ ထုတ်ဖော် ပြောကြားခဲ့ပါသည်။ “ရေကြည် ထဲမှာ ရှိတဲ့ငါးကို ဆားငန်ရေထဲကို မထည့်နိုင်ပါဘူး”ဟု သူ၏သဘောထားကို ရှင်းရှင်းလင်းလင်း ဖွင့်ချထားပါသည်။

မှန်ပါသည်။ တပ်မတော်သားများသည် မိမိတို့၏ အလုပ်ကိုသာ လုပ်ကြသည်ဆိုလျှင် ရေကြည်ထဲက ငါးကဲ့သို့ သန့်ရှင်းနေပါမည်။ တပ်မတော် ၏ တာဝန်မှာ ပြည်သူကိုကာကွယ်ရန်၊ ပြည်သူ့အကျိုးသယ်ပိုးရန်သာ ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အရ ပေါ်ထွက်လာသော ပြည်သူ့ဆန္ဒကို လက်ခံရ မည်ဖြစ်သည်။ အရေးကြုံလျှင် ပြည်သူ့ဘက်က ရပ်တည်ရပါမည်။ သို့မှသာ ပြည်သူချစ်သော ပြည်သူ့အတွက် တပ်မတော် ဖြစ်လာပါမည်။ အတိတ်မ ကောင်းခဲ့သော ပြည်သူနှင့် တပမ်တော်ကြား အငြင်းပွားစရာ အာဃာတတရားများကို သမိုင်းဟောင်းနှင့်အတူ ထားရစ်ခဲ့ရပါမည်။ ဤဝိရောဓိများ ကြောင့် ကျွန်တော်တို့နိုင်ငံသားများ လူလုံးမလှ ချွတ်ခြုံကျရသည်ဆိုလျှင် မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။

“ပျက်အစဉ်ပြင်ခဏ” ဆိုသော စကားရှိပါသည်။ အတိတ်ကဆိုးမွေများကို အကောင်းဘက်သို့ ပြောင်းချိန်တန်ပါပြီ။ အမှားမှရရှိသော သင်ခန်း စာဖြင့် သမိုင်းကြောင်းကို ဆေးကြောရန်လိုပါသည်။ ဒီမိုကရေစီစနစ်ရောက်အောင် နိုင်ငံရေးပါတီများ၊ ပြည်သူပြည်သားများသာမကဘဲ တပ်မတော်များ လည်း တစ်တပ်တစ်အား လိုပါသည်။ အာဃာတကိုသင်းပုန်းချေ၊ မြေမြှုပ်ပစ်ရပါမည်။ ဤသို့ဖြင့် ပြည်သူနှင့်တပ်မတော်၊ တပ်မတော်နှင့် ပြည်သူ ကြည် ကြည်ဖြူဖြူ လက်တွဲနိုင်ပါလိမ့်မည်။

ပြန်လည်ဆန်းစစ်မည်ဆိုလျှင် ယနေ့သမ္မတကြီးနှင့် လွှတ်တော်ဥက္ကဋ္ဌများမှာ တစ်ချိန်က တပ်မတော်သားများ ဖြစ်ခဲ့ကြသည်။ ရွေးကောက်ပွဲပြီး ၍ အစိုးရဖွဲ့စည်းစဉ်က အမြင်စောင်းခဲ့ကြသေးသည်။ (ကန်တောာ့ပါရဲ့) “ဒီပုတ်ထဲက ဒီပဲပါကွာ” ဆိုပြီး ပြောဆိုဝေဖန်မှုများ လွှမ်းမိုးခဲ့သည်။ သမ္မတကြီး ၏ ပြတ်ပြတ်သားသား အပြောင်းအလဲများကြောင့် မြန်မာသာမက ကမ္ဘာက သြချခဲ့ရသည်။ ယနေ့ဆိုရင် NLD အပါအဝင် ပြည်သူတစ်ရပ်လုံးက သမ္မတကြီးအပေါ် နားလည်ကြသည်။ ချစ်ခင်လေးစားကြသည်။ အနည်းငယ်မျှ နေမကောင်းသည်ကိုပင် စိုးရိမ်ပူပန်ကြရသည်။ ပြည်သူ့ဘက်က မားမား မတ်မတ် ရပ်တည်လိုက်သည့်အတွက် ပြည်သူ့မေတ္တာကို ပြည့်ပြည့်ဝဝ ခံစားရရှိလိုက်သည်။ အမှန်မှာ ပြောင်းလဲမှုသသည်သာ အဓိကပါ။ ယနေ့အချိန် သည် ပြောင်းလဲရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက သမ္မတဦးသိန်းစိန်အစိုးရ၏ အပြောင်းအလဲများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံသည်ဟု ဆိုထား ရာ တပ်မတော်ပြောင်းလဲမှု၏ ပထမအဆင့်ဟု ဆိုနိုင်သည်။ တပ်မတော်က အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာမည်ဆိုခြင်းမှာလည်း ဒီမိုက ရေစီစနစ်ကို နှစ်နှစ်ကာကာ လက်ခံကြိုဆိုသည်ဟု သဘောရပါသည်။ ဒီမိုကရေစီစနစ်ကို လက်ခံကြိုဆိုသည်ဟု ဆိုရာမှာလည်း အများဆန္ဒ၊ ပြည်သူ့ ဆန္ဒကို လိုက်နာလက်ခံသည်ဟု အဓိပ္ပယ်ရပါသည်။

သင့်တော်သောအချိန်တစ်ခုသို့ ရောက်ပါက လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက် ကို လျှော့ချနိုင်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးက အတိအလင်း မိန့်ကြားထားပါသည်။ ဤ ၂၅ ရာခိုင်နှုန်းမှာ ပြည်သူကဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်တင်မြှောက်ထားခြင်း မဟုတ်သဖြင့် ဒီမိုကရေစီနှင့် မကိုက်ညီဟု NLD က ဆိုထားပါသည်။ ထိုကြောင့် ဝန်ကြီးပြောထားသော “လျှော့ချနိုင် မည်” ဆိုသည့် စကားရပ်မှာ မဖြစ်နိုင်စရာ မရှိပါ။

သို့သော် ဒုတိယဗိုလ်ချုပ်ကြီး အမိန့်ရှိသည့်အတိုင်း “သင့်တော်သောအချိန်တစ်ခု” လိုအပ်ပါသည်။ ခုရေတွင်းတူးပြီး ခုရေကြည်သောက်၍ မရနိုင်ပါ။ ယနေ့အစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်မှု အချင်းချင်းနားလည်မှု၊ ဘေးမသီရန်မခ ပြောင်းလဲနိုင်မှုကို စောင့်ရန် “အချိန် တစ်ခု’ ကို ရည်ညွှန်းပုံရပါသည်။

အထူးသဖြင့် နိုင်ငံရေးပါတီများ၏ သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှုမှာပို၍ အဓိကျပါသည်။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် NLD ၏ အခန်း ကဏ္ဍမှာ အရေးအပါဆုံး ဖြစ်သည်။ NLD နှင့် တပ်မတော် အပြန်အလှန် နားလည်မှုလိုပါသည်။ NLD ကလည်း ဤ ၂၅ ရာခိုင်နှုန်းနှင့် ပတ်သက်၍ သူ၏ သဘောထားကို အတိအလင်း ဆိုထား ပါသည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်မှုကို လက်မခံပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တပ်မတော်ကို ကမ်းလှမ်းထားပါသည်။ ဒီမိုကရေစီအရေးတွင် ပူးပေါင်းပါဝင်ရန် သဘောရိုးဖြင့် ဖိတ်ခေါ်ထားပါသည်။ တပ်မတော်ကို ရန်ဘက်မမြင်ဘဲ ဆွေးမျိုးပေါက် ဖော်ကဲ့သို့ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလိုပါသည်။

NLD နှင့် တပ်မတော် နားလည်မှုရှိရှိ ပူးပေါင်းကြိုးစားလျှင် မြန်မာ့ဒီမိုကရေစီ အမြန်ဆုံး သီးပွင့်မည်မှာ ဧကန်အမှန်ပါ။ မြန်မာပြည်သူအပေါင်း သားရွှေအိုးထမ်းလာသည်ကို မုချမြင်တွေ့ကြရပါမည်။

ပြည်သူချစ်သော ပြည်သူ့တပ်မတော်ကို မျှော်လင့်စောင့်စားရင်း……။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment