Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၉.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဖိလစ်ပိုင်က တရုတ်နှင့် အငြင်းပွားမှုတွင် မြန်မာနိုင်ငံ၏ အကူအညီကို ရရန်ကြိုးပမ်း

(15 June 2012 ရက်စွဲပါ Rappler မှ PH seeks Myanmar helping in China dispute ကိုဘာသာပြန်ဆိုသည်)

  1. အင်တာနက်ကန့်သတ်ထိန်းချုပ်မှုမရှိသော မြန်မာတိုင်းရင်းသားလူနည်းစုကို ရန်ငြှိုးဖွဲ့

(The New York Times သတင်းစာမှ 16 June 2012 ရက်စွဲပါ Thomas Fuller ၏ Internet Unshackled, Burmese Aim Venom at Ethnic Minority ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)

***************************

ဘာသာပြန်သတင်းများ        

ဖိလစ်ပိုင်က တရုတ်နှင့် အငြင်းပွားမှုတွင် မြန်မာနိုင်ငံ၏ အကူအညီကို ရရန်ကြိုးပမ်း

(15 June 2012 ရက်စွဲပါ Rappler မှ PH seeks Myanmar helping in China dispute ကိုဘာသာပြန်ဆိုသည်)

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးသည် ဇွန်လ(၁၅)ရက် သောကြာနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် ရေပိုင်နက်အငြင်းပွားမှုတွင် မြန်မာနိုင်ငံ၏ ထောက်ခံကူညီမှုရရှိရန် ကြိုးပမ်းခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ပြောကြားရာတွင် ၎င်းသည် မနီလာသို့ လာရောက်လည်ပတ်သော မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဆွေးနွေးရာတွင် နှစ်လကြာအဖြေမထွက်သော တောင်တရုတ်ပင်လယ် ကိစ္စကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့ဟာ West Philippine Sea ကိစ္စ(တောင်တရုတ်ပင်လယ်အား ဖိလစ်ပိုင်နိုင်ငံက အခေါ်အဝေါ်)ကို ဆွေးနွေးခဲ့ရာမှာ နိုင်ငံတကာဥပဒေနဲ့အညီ ငြိမ်းချမ်းစွာအဖြေရှာနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်”ဟု ၎င်းကပြောသည်။

တရုတ်နှင့်မြန်မာသည် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း ရင်းနှီးသောမဟာမိတ်များ ဖြစ်သည်။

Del Rosario ကပြောကြားရာတွင် အချို့အရှေ့တောင်အာရှနိုင်ငံများက ပင်လယ်ပြင်တွင် ပဋိပက္ခဖြစ်ပွားခြင်းများကိုကာကွယ်ရန် အဆိုပြုထားသော လက်တွေ့ကျင့်သုံးရမည့်ကျင့်ထုံး(code of conduet)အကြောင်းကို ဆွေးနွေးခဲ့သည်ဟုဆိုသည်။ အရှေ့တောင်အာရှရှိ အချို့နိုင်ငံများသည် ပင်လယ်ပိုင်နက်ဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိကြသည်။

“နိုင်ငံခြားရေးဝန်ကြီး Lwin က အဆိုပြုထားတဲ့ကျင့်ထုံးကို စဉ်းစားနေတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ကလည်း သူတို့စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းကဖြည့်စွက်ပြောသည်။

ယခုဆွေးနွေးမှုများမှာ ဖိလစ်ပိုင်နှင့်တရုတ်သင်္ဘောများသည် Scarborough Shoal တွင် မည်သို့မျှ အဖြေမထွက်ဘဲရှိနေချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ Scarborough Shoal သည် နှစ်နိုင်ငံစလုံးက တောင်းဆိုနေသော တောင်တရုတ်ပင်လယ်တွင် ထိုးထွက်နေသော ကျောက်ဆောင်ကြီးဖြစ်သည်။

ယခု အငြင်းပွားမှုမှာ ဧပြီလက အဆိုပါကျောက်ဆောင်တွင် တရုတ်အစိုးရသင်္ဘောများအား ဖိလစ်ပိုင်သင်္ဘောများက တရုတ်ငါးဖမ်းတံငါများကို ဖမ်းဆီးခြင်းမပြုနိုင်အောင် ပိတ်ပင်တားဆီးထားရာမှ စတင်သည်။

တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၏ ကမ်းရိုးတန်းနှင့်ကပ်နေသော ရေပြင်အပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တောင်းဆိုလျက်ရှိသည်။ ဖိလစ်ပိုင်နိုင်ငံကမူ အဆိုပါ ကျောက်ဆောင်တန်းသည် စီးပွားရေးဇုံအပါအဝင် ၎င်း၏ ရေမိုင် ၂၀၀ အတွင်းရှိနေသည်ဟုဆိုသည်။

                                                                ***********************************

အင်တာနက်ကန့်သတ်ထိန်းချုပ်မှုမရှိသော မြန်မာတိုင်းရင်းသားလူနည်းစုကို ရန်ငြှိုးဖွဲ့

(The New York Times သတင်းစာမှ 16 June 2012 ရက်စွဲပါ Thomas Fuller ၏ Internet Unshackled, Burmese Aim Venom at Ethnic Minority ကိုဆီလျော်အောင်ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် လွန်ခဲ့သောတစ်နှစ်အတွင်း မီဒီယာဆင်ဆာတည်းဖြတ်မှုကြီးကို အဆုံးသတ်ခဲ့သလို စစ်အစိုးရလက်ထက်ကပိတ်ထားခဲ့သည့် အင်တာနက်ဝက်ဘ်ဆိုဒ် အတော်များများကိုလည်း နိုင်ငံသားများ အသုံးပြုခွင့်ရရှိအောင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယမန်နှစ် သြဂုတ်လအတွင်း အစိုးရက အင်တာနက်ထိန်းချုပ်မှုများအား ပထမဆုံးအနေဖြင့်ဖြုတ်သိမ်းပေးလိုက်ချိန်တွင် YouTube ကဲ့သို့သော ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်ကြည့်ရှုမှုနှုန်းများ မြင့်တက်လာသည်ကိုတွေ့ရသည်။

သို့သော် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ဆင်းရဲနွမ်းပါးမှုရိုက်ချက်ကို ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နူးညံ့သိမ်မွေ့သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုလုပ်ဆောင်နေရသည်။

မကြာသေးခင် ရက်သတ္တပတ်အတွင်း လူ ၂၅ ဦးကျော် သေဆုံးစေခဲ့သည့် ရခိုင်ပြည်နယ်လူမျိုးရေးနှင့် ဘာသာရေးဂိုဏ်းဂဏဆိုင်ရာ ဆူပူအုံကြွမှုတွင် ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ အင်တာနက်အွန်လိုင်းပေါ်၌ တက်လာသည့် ထင်မြင်သုံးသပ်ချက်များကိုကြည့်လျှင် အမုန်းတရားများ ပြည့်နှက်နေသည်ကိုတွေ့မြင်ရသည်။

"အာဏာရှင်စနစ်အုပ်စိုးမှု မရှိတော့တဲ့အခါမှာ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိလာကြပါတယ်။ အခုလို မျှတမှုမရှိဘူးလို့ ထင်ရတဲ့အခြေအနေတွေ ထွက်ပေါ်လာတော့ ဘေးကနေကြည့်ပြီး ပုံစံအမျိုးမျိုးနဲ့ ပြောဆိုဝေဖန်တာတွေ ဖြစ်လာတော့တာပေါ့"ဟု 'ဒိုင်ယာလော့ခ်'ဟူသော စာအုပ်ရေးသားသူ ဦးအောင်နိုင်ဦးကပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း နာမည်ကျော် ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Eleven Media Group ၏ Facebook စာမျက်နှာ၌ သတင်းပါရှိလာချိန်တွင် ပြည့်ဖြိုးအောင်ဆိုသော စာဖတ်ပရိတ်သတ်တစ်ဦးက "ဒီလိုသတင်းမျိုးကိုစောင့်နေတာကြာပြီ"ဟု ထင်မြင်သုံးသပ်ချက်ရေးသည်။ ကိုညီဆိုသူ စာဖတ်ပရိတ်သတ်တစ်ဦးကမူ "ဒီလူသေသွားရုံလောက်နဲ့ မကျေနပ်နိုင်ဘူး"ဟု လူမျိုးရေးခွဲခြားဆက်ဆံသော အသုံးအနှုန်းဖြင့် ထင်မြင်ချက်ရေးသားသည်။

အွန်လိုင်းဖိုရမ် အတော်များများတွင်မူ ရိုဟင်ဂျာများကို "ခွေး၊ သူခိုး၊ အကြမ်းဖက်သမားနှင့် အခြားရက်စက်ကြမ်းတမ်းသည့် အသုံးအနှုန်းများ” အသုံးပြုကာညွှန်းဆိုကြသည်။ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများကို နိုင်ငံတွင်းမှ ပျောက်ကွယ်သွားအောင် လုပ်ဆောင်ပေးရန် ထင်မြင်သုံးသပ်ချက်(ကွန်းမန့်)ပေးသူများက တိုက်တွန်းကြသည်ကိုတွေ့ရသည်။

ရိုဟင်ဂျာများ၏ဘေးဒုက္ခကို အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့က အလေးပေးနေကြသည့်အတွက် အချို့က လွန်စွာအမျက်ဒေါသထွက်နေပုံရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုများကြောင့် လူပေါင်း ၂၉ ဦးသေဆုံးပြီး အိုးအိမ်ပေါင်း ၂၅၀၀ ကျော်ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း အစိုးရအရာရှိများ၏ ပြောကြားချက်ကို မြန်မာသတင်းမီဒီယာများက ကိုးကားရေးသားဖော်ပြကြသည်။ လူဦးရေ သုံးသောင်းကျော်ခန့်မှာ ဆူပူအုံကြွမှုများကြောင့် ပြောင်းရွှေ့နေထိုင်ခဲ့ကြရကြောင်း ကုလသမဂ္ဂအဆိုအရသိရသည်။

သမ္မတဦးသိန်းစိန်က တပ်မတော်နှင့် ပြည်သူများအကြား၊ အင်အားကြီးဗမာလူမျိုးများနှင့် အခြားသော တိုင်းရင်းသားလူမျိုးစုငယ်များအကြား အမျိုးသားပြန်လည်သင့်မြတ်မှု ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်စဉ် ယခု ဆူပူအကြမ်းဖက်မှုက လူမျိုးစုံ၊ ဘာသာစုံရောထွေးလျက်ရှိသည့် မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအပေါ် မည်မျှအတိုင်းအတာအထိ ခိုက်နစ်နာစေခဲ့သည်ဟူသောအချက်မှာ တိုင်းတာ၍ပင် ရမည်မဟုတ်ပေ။

လက်ရှိအချိန်ကာလအထိ ဆူပူအကြမ်းဖက်မှုများမှာ အခြားသောပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် တောင်ကုန်းတောင်တန်းများ ထူထပ်ပေါများသောကြောင့် အထီးကျန်နေသလိုဖြစ်သည့် ရခိုင်ပြည်နယ်တွင်း၌သာ ဖြစ်ပေါ်ခြင်းဖြစ်သည်။

သို့သော် အင်တာနက်ဖိုရမ်များနှင့် Facebook ပေါ်တွင် ဒေါသသံပါသည့် ကွန်းမန့်ရေးသားမှုများကြောင့် ရိုဟင်ဂျာများသာမက မြန်မာပြည်တစ်လွှား မှီတင်းနေထိုင်ကြသော အခြားမွတ်စလင်များအပေါ်ပါ သက်ရောက်မှုရှိသလို ဖြစ်စေသည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သော ရန်ကုန်တွင် လူမျိုးရေးနှင့်ဘာသာရေးဆိုင်ရာ ပဋိပက္ခများဖြစ်မည်ဟူသော ကြိုတင်သတိပေးချက်များ ထွက်ပေါ်ခဲ့သောကြောင့် ဗလီများ၌ သောကြာနေ့တိုင်း ပြုလုပ်နေကျဖြစ်သော မွတ်စလင်များ၏ ဝတ်ပြုဆုတောင်းမှုများမပြုလုပ်နိုင်ခဲ့ပေ။

ရိုဟင်ဂျာအရေးကိစ္စသည် လွန်စွာအကဲဆတ်ပြီး အထိမခံသောကိစ္စတစ်ခုဖြစ်ပေရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းမှ ကာကွယ်ပြောဆိုလျက်ရှိသည့် မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်ပင် အဆိုပါ ရခိုင်ပြည်နယ်တွင်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသည်ကိုတွေ့ရသည်။ ဇွန်လ ၁၄ ရက်နေ့(ကြသပတေး)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ခန့်မှန်းခြေ လူဦးရေ ရှစ်သိန်းခန့်ရှိသော ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် လက်သင့်ခံပေးသင့်၊ မသင့် သိလိုကြောင်းမေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့အနေနဲ့ နိုင်ငံသားဖြစ်ခွင့်ရမယ့် ဥပဒေစည်းမျဉ်းတွေကဘာလဲဆိုတာနဲ့ ဘယ်လိုလူတွေက အဲဒီဥပဒေနဲ့ကိုက်ညီတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားရပါမယ်။

နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေ အားလုံးကိုလည်း နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝပေးသွားရမှာဖြစ်ပါတယ်”ဟု ဒွိဟဖြစ်စေသည့် အဖြေမျိုးဖြင့်ဖြေကြားသည်။

အာရှဒေသတွင်ဖိနှိပ်မှုအခံရဆုံး လူမျိုးစုဖြစ်ပြီး ကုလသမဂ္ဂက “နိုင်ငံမဲ့” ပြည်သူများအဖြစ် သတ်မှတ်ထားသော ရိုဟင်ဂျာများကို ကာကွယ်ပေးမှုသည် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးအတွက် နိုင်ငံရေးအရ အန္တရာယ်ကြီးသောကိစ္စတစ်ခုဖြစ်သည်။

လတ်တလောတွင် သမ္မတဦးသိန်းစိန်အစိုးရက ရိုဟင်ဂျာများနှင့်ဆက်စပ်သော အကြမ်းဖက်မှုသတင်းများကို ထိန်းချုပ်ရန်ကြိုးပမ်းလျက်ရှိသည်။

နာမည်ကျော်စာစောင်တစ်ခုဖြစ်သည့် လျှပ်တပြက်ဂျာနယ်မှာ ရခိုင်ပြည်နယ်အတွင်းဆူပူအုံကြွမှုများကို သွေးထိုးလှုံ့ဆော်သည့်ပုံစံဖြင့် ရေးသားခဲ့သည်ဟူသော အစိုးရ၏စွပ်စွဲချက်ဖြင့် ထုတ်ဝေမှု ပိတ်ပင်ခံလိုက်ရကြောင်း သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ဆော်သြလျက်ရှိသော မြန်မာမီဒီယာအဖွဲ့မှဥက္ကဌ ဦးမောင်မြင့်ကပြောကြားသည်။

ထို့ပြင် မြန်မာအစိုးရသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်သည့် သတင်းများအားလုံးကို ယခင်စစ်အစိုးရလက်ထက်ကအတိုင်း ဆင်ဆာဘုတ်အဖွဲ့သို့တင်ပြရန် အမိန့်ထုတ်ပြန်ထားသည်။ “ယခုလို အမိန့်ထုတ်တာဟာ အရပ်သားအစိုးရ အာဏာရလာတဲ့အချိန်နောက်ပိုင်း မီဒီယာတွေအတွက် အဆိုးဆုံးအချိန်ကာလတစ်ခုပါပဲ” ဟု ဦးမောင်မြင့်ကပြောသည်။

သို့ရာတွင် အင်တာနက်အသုံးပြုမှုများကို ဆက်လက်၍ လွှတ်ထားပေးဆဲဖြစ်ရာ ရိုဟင်ဂျာများအပေါ် ပြင်းထန်စွာဆန့်ကျင် ရေးသားမှုများရှိနေဆဲပင်ဖြစ်သည်။ Facebook ပေါ်တွင်လည်းကောင်း၊ သတင်းဝက်ဘ်ဆိုက်များပေါ်တွင်လည်းကောင်း ရိုဟင်ဂျာများကိုကာကွယ်ရေးသားခြင်း သို့မဟုတ် ပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်းဆော်သြခြင်း ပြုလုပ်သည့်ကွန်းမန့်များမှာ အနည်းငယ်မျှသာဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်တွင် ရိုဟင်ဂျာများကို မြန်မာ့တိုင်းရင်းသားလူမျိုးစုများအကြား “မိတ်ဆွေအပေါင်းအသင်း မဲ့သလိုဖြစ်နေသည့်လူမျိုး”ဟု ဖော်ပြသည်။ အဆိုပါဖော်ပြချက်မှာ ယဉ်ကျေးသိမ်မွေ့သော အကဲဖြတ်ချက်ပင်ဖြစ်သည်။

ရိုဟင်ဂျာများအပေါ် လွန်စွာနာကျည်းမုန်းတီးရသည့် အကြောင်းရင်းမြစ်မှာ ရုပ်ထွေးနက်နဲလှသည်။ သို့သော် ဘာသာရေး၊ ဘာသာစကားအရေး၊ ကိုလိုနီမုန်းတီးရေးစိတ်၊ အမျိုးသားရေး၊ အသားအရောင် အစရှိသည့်အရေးကိစ္စ အသွင်ဆောင်သွားသည့် သဘောတွင်ရှိသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဟောင်ကောင်တွင် ကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မြန်မာသံတမန်တစ်ဦးက ပြည်တွင်းသတင်းစာများနှင့် အခြားသံရုံးများသို့ စာတစ်စောင်ရေးသားပေးပို့ခဲ့ရာတွင် ရိုဟင်ဂျာများကို “လူ့ဘီလူများကဲ့သို့ ရုပ်ဆိုးကျည်းတန်သူများ” အဖြစ်ညွှန်းဆိုသည်။

သံတမန်တစ်ဦးဖြစ်သော ဦးရဲမြင့်အောင်က အသားအရောင် မဲညိုသော ရိုဟင်ဂျာများနှင့် အသားအရောင်လတ်၍ နူးညံ့သော မြန်မာပြည်သူများ ကွဲပြားပုံကိုနှိုင်းယှဉ်ပြသည်။

မြန်မာနိုင်ငံတွင်းမှ ရိုဟင်ဂျာမလိုလားသူများက“ဘင်္ဂါလီ”ဟုခေါ်ဆိုကြသည်။ ဘင်္ဂါလီဟူသည်မှာ အိန္ဒိယ(သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် သက်ဆိုင်သူများဟု အဓိပ္ပာယ်ရသည်။ ကုလသမဂ္ဂအဆိုအရ ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် လက်သင့်မခံဘဲ ဖိအားပေးအလုပ်စေခိုင်းခြင်း၊ ငွေညှစ်ခြင်း၊ လွတ်လပ်စွာလှုပ်ရှားခွင့်မပြုခြင်း၊ အိမိထောင်စုအခွင့်အရေးများမပေးခြင်း၊ အခြားသူများနှင့်အတူ ထိမ်းမြားလက်ထပ်ခွင့်မရှိခြင်း၊ မြေယာသိမ်းပိုက်ခံရခြင်း အစရှိသည်တို့ ပြုလုပ်ခံရကြောင်းသိရသည်။

သို့သော် မြန်မာအစိုးရက ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နှစ်ပေါင်း ၂၀ အတွင်းပထမဆုံးကျင်းပပြုလုပ်သည့် ဒီမိုကရေစီရွေးကောက်ပွဲတွင် ရိုဟင်ဂျာအများစုကို မဲပေးခွင့်ပြုခဲ့သည်။

ဥရောပဒေသမှ ရောမလူမျိုးများကဲ့သို့ပင် ရိုဟင်ဂျာများကို မြန်မာကသော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ် ကသော်လည်းကောင်း အလိုမရှိကြပေ။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှ ကုလသမဂ္ဂအရာရှိများ အဆိုအရ

မြန်မာပြည်ဘက်မှ လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသစောင့်တပ်များက လက်သင့်မခံဘဲ ပြန်လွှတ်လိုက်ကြောင်း ပြောကြားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီရုံး(UNHCR) အဆိုအရ ထွက်ပြေးလာသော လှေများပေါ်တွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် ဒဏ်ရာရရှိထားသူများပါဝင်ကြောင်း၊ ၎င်းတို့သည် နှစ်နိုင်ငံနယ်စပ်အကြားရှိ နတ်မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းခဲ့ကြပြီး အစားအသောက်နှင့် သောက်သုံးရေပြတ်လပ်နေကြောင်းသိရသည်။

ကုလသမဂ္ဂအဆိုအရ ရိုဟင်ဂျာများ မူလနေထိုင်ခဲ့သော နေရာဒေသကို စုံစမ်းဖော်ထုတ်ရာတွင် အခြားသော မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးများနှင့်မတူဘဲ ခက်ခဲလျက်ရှိသည်။ အကြောင်းမှာ ၎င်းတို့သည် အာရပ်၊ အနောက်မြောက်အာဖရိကဒေသမှ မွတ်စလင်လူမျိုး၊ တာ့ခ်လူမျိုး၊ မဂို၊ ပါသန်အစရှိသည့် မျိုးနွယ်များနှင့် ရောထွေးလျက် ရှိသောကြောင့်ဖြစ်သည်။

မြန်မာအစိုးရက မြန်မာပြည်တွင်း တိုင်းရင်းသားလူမျိုးစု ၁၃၀ ကျော်ခန့်ရှိသည်ဟု ဆိုသည်။ သို့သော် အဆိုပါစာရင်းထဲတွင် ရိုဟင်ဂျာများမပါဝင်ပေ။

မြန်မာနိုင်ငံမှ အင်တာနက်သုံးသူ အတော်များများက ကွန်းမန့်ရေးသားရာတွင် ရိုဟင်ဂျာများကို ပြည်တွင်းမှမောင်းထုတ်ရန် ဖိအားပေးတောင်းဆိုထားကြသည်။

Eleven Media Group က ဇွန်လ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်ရှိ မြစ်တစ်စင်းတွင် အမျိုးသမီးရုပ်အလောင်း မျောပါလာကြောင်း၊ သို့သော် မည်သည့်တိုင်းရင်းသားဖြစ်သည်ကို မသိရှိရကြောင်း သတင်းရေးသားဖော်ပြခဲ့ရာ စာဖတ်ပရိသတ်တစ်ဦးက “ပျော်ရမလား၊ ဝမ်းနည်းရမလားမသိဘူး။ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးက ရခိုင်လား၊ ရိုဟင်ဂျာလားဆိုတာမသိလို့ပဲ”ဟု ကွန်းမန့်ရေးသားခဲ့သည်။

                                                                ********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment