Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၉.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ လျှို့ဝှက်သော မြို့တော

(17 June 2012 ရက်စွဲပါ The Guardian တွင် Nic Dunlop ရေးသားသော Burma’s secret capital ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံပာာ နောက်ထပ် အံ့သြဖွယ် ပေါ်လာမည့် ဈေးကွက်သစ်ဖြစ်နိုင်ပါ၏လော

(17 Jan 2012 ရက်စွဲပါ BBC News မှ Lucy Hooker ရေးသားသော Could Burma be the next emerging market miracle? သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ငြင်းမရသော အမှန်တရားများ အက်ကြောင်းများသဖွယ်ပေါ်ထွက်

(Asia Times မှ 17 June 2012 ရက်စွဲပါ Francis Wade ၏ Myanmar’s true stripes revealed ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ လျှို့ဝှက်သော မြို့တော

(17 June 2012 ရက်စွဲပါ The Guardian တွင် Nic Dunlop ရေးသားသော Burma’s secret capital ကိုဘာသာပြန်ဆိုသည်)

ယခုတစ်ပတ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ (၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်လျှက်ရှိသည်။ သူမသည် အပြန်တွင်လွှတ်တော်သို့ တက်ရောက်မည်ဆိုပါက ကြီးမာလှပြီး ခြောက်ကပ်နေသော မြို့တော်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသစ်သို့ သွားရောက်ရမည် ဖြစ်သည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်အဆောက်အအုံသစ်ကြီးတွင် တက်ရောက်ခဲ့ပြီးဖြစ်သည်။ လွှတ်တော်ကြီးသည် မြို့တော်သစ်ဖြစ်သော နေပြည်တော်တွင်တည်ရှိပြီး သမ္မတဦးသိန်းစိန်လက်ထက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်များ၏ ဗဟိုဌာနဖြစ်သည်။ သို့သော် အဆိုပါ အဆောက်အဦးများသည် အသစ်ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုလော သို့မဟုတ် တစ်ဦးတည်းကချုပ်ကိုင်သော အာဏာအတွက် ကြီးကျယ်ခမ်းနားမှုပြသခြင်းပေလော။

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက်တွင် ဘုရင်များသည် မင်းဆက်သစ်တစ်ခုစတင်တိုင်း ၎င်းတို့၏ မြို့တော်ကို ရွှေ့တက်ကြသည်။ နေပြည်တော်သည် ဗြိတိသျှတည်ခဲ့သော မြို့တော်ဟောင်းရန်ကုန်၏မြောက်ဖက် မိုင်(၁၀၀) ခန့်အကွာ ချုံပုတ်များနှင့် သစ်ပင်အသေးများသာရှိသော တောင်များအလယ်တွင် တည်ထားသောမြို့ဖြစ်ပြီး၊ မြန်မာနိုင်ငံအလယ် ပူပြင်းသောဒေသတွင် ဝန်ကြီးဌာနကြီးများ၊ ဝန်ထမ်းနေအိမ်များနှင့် အစိုးရအဆောက်အဦးများ ထူးဆန်းစွာစုစည်းထားသော နေရာဖြစ်သည်။ ကုစားရန်မလွယ်ကူသော ကာလကြာရှည် လျှပ်စစ်မီးမလုံလောက်မှု ဖြစ်နေခြင်းကြောင့် နိုင်ငံ၏ နေရာအတော်များများ အမြဲတမ်းမီးမပေးနိုင်သော်လည်း မြို့တော်သစ်ကြီးမှာ(၂၄)နာရီ လျှပ်စစ်မီးဖြင့် ထိန်ထိန်ညီးလျှက်ရှိသည်။ ဗိုလ်ချုပ်များသည် အာရှ၏အဆင်းရဲဆုံးနိုင်ငံ၌ အဆိုပါ အဆောက်အဦးများ တည်ဆောက်ရန် ငွေဘီလီယံချီ၍ အသုံးပြုခဲ့သည်။

တစ်စုံတစ်ယောက် ပထမဆုံး သတိပြုမိသည့်အချက်မှာ မြို့တော်တွင် လူမရှိခြင်းပင်ဖြစ်သည်။ လှုပ်ရှားသက်ဝင် ဆူညံနေသော ရန်ကုန်မြို့နှင့်ယှဉ်လျှင် နေပြည်တော်သည် ခြောက်ကပ်လျက်ရှိသည်။ ၎င်းသည် ၂၇၀၀ စတုရန်းမိုင် ကျယ်ဝန်းပြီး၊ ကြီးမားကျယ်ပြန့်ခြင်းကြောင့် လူတစ်သန်းနေထိုင်သော မြို့ဖြစ်သည်ဆိုသည်ကို ယုံရန်ခက်ခဲလှသည်။ အဆောက်အဦးများမှာ ခြုံထူထပ်သော နေရာများတွင် အစီအစဉ်တကျမဟုတ်ဘဲ လာချထားသလိုဖြစ်နေသည်။ သို့သော် နေပြည်တော်၏ နေရာရွေးချယ်ထားမှုမှာ ကြုံသလိုလုပ်ဆောင်ထားမှုတစ်ခုတော့ မဟုတ်ပေ။ မြို့တော်သစ်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အာဏာရှင်လက်ထက်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ မြန်မာပြည်အလယ်ပိုင်း သီးသန့်နေရာတွင် တည်နေပုံမှာ စစ်ရေးအမြင်ဖြင့် တည်ဆောက်ထားမှုကို ထင်ဟပ်နေသည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၁ ခုနှစ်တွင် လျှို့ဝှက်စွာစတင်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ် မြို့တော်အသစ်အဖြစ် ကြေညာချိန်အထိ လုပ်ငန်းများပြီးစီးမှု မရှိသေးပေ။

မြို့တော်၏ ဗဟိုတွင်အသစ်ဖြစ်တည်သော မြန်မာနိုင်ငံ၏ အသည်းနှလုံးသင်္ကေတအဖြစ် လွှတ်တော်အဆောက်အအုံရှိသည်။ ပြည်ထောင်စုလွှတ်တော်ကို အမျိုးသားလွှတ်တော်ဟုခေါ်သော အထက်လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဟုခေါ်သော အောက်လွှတ်တော်တို့ဖြင့် ဖွဲ့စည်းထားသည်။ လွှတ်တော်အဆောက်အဦး(၃၁)လုံးပါဝင်ရာ မြန်မာများ၏ စကြာဝဠာယုံကြည်မှုတွင် သတ္တဝါများကျင်လည်ရာ သုံးဆယ့်တစ်ဘုံကို ရည်ညွှန်းဆောက်လုပ်ထားသည်ဟု ယုံကြည်ရသည်။ အဆောက်အဦးများတွင် စုလစ်မွတ်ချွန်းကနုတ်ပန်းများဖြင့် ဆင်ယင်ထားရာ၊ ဗုဒ္ဓဘာသာ၏ အသွင်သဏ္ဍာန်ကို ပေါ်လွင်စေသည်။ အစိုးရသည် မငြိမ်သက်သော တိုင်းရင်းသားဒေသများတွင်ပါ ဗုဒ္ဓဘာသာကို သွတ်သွင်းလျှက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခေါင်းဆောင်အချို့သည် နက္ခတ်ဆရာများ၊ လက္ခဏာဆရာများ၊ အကြားအမြင်ဆရာများနှင့် တိုင်ပင်မှုမှာ ယဉ်ပါးနေသောဓလေ့ဖြစ်ရာ၊ မြို့တော်သစ်စီစဉ်ခြင်းမှာလည်း အဆိုပါကိစ္စရပ်အတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ထိုကိစ္စများ၊ ကိန်းဂဏန်းများ ယုံကြည်ကိုးကွယ်သူတစ်ဦး ဖြစ်သည်။ သို့သော် နေပြည်တော်သည် အမှန်တကယ်ပြုပြင်ပြောင်းလဲမှုများ၏ သင်္ကေတတစ်ခုဟုတ်၊ မဟုတ်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။

                                                    ********************************

မြန်မာနိုင်ငံပာာ နောက်ထပ် အံ့သြဖွယ် ပေါ်လာမည့် ဈေးကွက်သစ်ဖြစ်နိုင်ပါ၏လော

(17 Jan 2012 ရက်စွဲပါ BBC News မှ Lucy Hooker ရေးသားသော Could Burma be the next emerging market miracle? သတင်းကို ဘာသာပြန်ဆိုသည်)

ရန်ကုန်တွင် ပိာုတယ်လုပ်ငန်းနှင့် ပတ်သက်သော မျှော်လင့်ချက်များ မြင့်တက်လျက်ရှိသည်။ တွန်းတွန်းတိုက်တိုက် လုပ်ကိုင်လေ့ရှိသော သြစတြေးလျသတ္တုတူးဖော်သူများသည် ခံစားချက်ကို ဦးစားမပေးသော အမေရိကန်ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှုပ်နှံသူများကို ပုခုံးချင်းယှဉ်လာနေသည်။ အင်ဒိုနီးရှားအခြေခံအဆောက်အဦး ကျွမ်းကျင်သူပညာရှင်များနှင့် ဂျပန်အရောင်းမြှင့်တင်ရေးပုဂ္ဂိုလ်များသည် အရိုင်းမြေတွင် ကင်းထောက်လျက်ရှိသည်။

ယခင်က အပယ်ခံနိုင်ငံဖြစ်ခဲ့သော မြန်မာနိုင်ငံတွင် စီးပွားရေးအတွက် တံခါးဖွင့်လာသောအခါ ခြေလှမ်းဦးနိုင်ရန် လူတိုင်းက စိတ်ဝင်စားလျက်ရှိသည်။

အခွင့်အလမ်းများစွာရှိရာ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ကျောက်မျက်အစရှိသဖြင့် ကုန်ကြမ်းများရှိသည်။ ထို့အပြင် (၅၅)သန်းသော လူဦးရေအတွက် အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုအစ စမတ်ဖုန်းအဆုံး အရာရာလိုအပ်လျက်ရှိသည်။

“ကျွန်တော်ထင်တယ် မြန်မာနိုင်ငံပာာ ကမ္ဘာပေါ်မှာ နောက်ဆုံးတစ်ခုတည်းကျန်တဲ့ မတို့မထိရသေးတဲ့ အပျိုစင်ဈေးကွက်တစ်ခုဖြစ်လိမ့်မယ်”ပာု အမေရိကန်တွင် ပညာသင်ခဲ့သော စင်္ကာပူနိုင်ငံသား Vinud Chugani ကပြောသည်။

“လွန်ခဲ့သော (၁၂)နှစ်၊ ကျွန်တော် တရုတ်ပြည်မှာ ရှိနေတုန်းကလည်း အခုလိုခံစားခဲ့ရဘူးတယ်”ပာု ၎င်းကပြောသည်။

Vinod Chugani သည် ရန်ကုန်တွင် ပင်နာဆိုးနစ်လိုင်းစုံတယ်လီဖုန်းများ၊ ထမင်းချက်အိုးများနှင့် ပရိုဂျက်တာများ ရောင်းရန်ရောက်ရှိနေသည်။

“ပြိုင်ဆိုင်မှု ကြီးမားနေပါတယ်”ပာု ၎င်းက ပြောသည်။

“မြန်မာနိုင်ငံပာာ မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ နောက်ဆုံးကျန်တဲ့ အရိုင်းမြေတွေပါပဲ”ပာု Vriens and Partners မှ ရန်ကုန်ရုံးအကြီးအကဲ Romain Caillaud ကပြောသည်။

၎င်းသည် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံစုံမှ လူများကို အကြံဉာဏ်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပထဝီအနေအထားအရ အဓိကကျသော ဆုံမှတ်တွေရှိနေသေးသည်။

“မြေပုံကိုကြည့်လိုက်ရင် မြန်မာနိုင်ငံပာာ အိန္ဒိယ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ကို ဖြတ်သွားတဲ့ဆုံရပ်မှာရှိနေပြီး တည်နေရာပာာ မပာာဗျူပာာကျနေတာ တွေ့ရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ အမြန်ဆုံး တိုးတက်နေတဲ့ ဒေသတွင်းရဲ့အလယ်မှာ ရှိနေပါတယ်”ပာု ၎င်းကပြောသည်။

ဗိုလ်ချုပ်များသည်မြန်မာနိုင်ငံကို နှစ်ပေါင်း(၅၀)ခန့် အုပ်ချုပ်ပြီးနောက် အမည်ခံအရပ်သားအစိုးရသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။

၎င်းတို့သည် စီးပွားရေးကို ပြုပြင်ပြောင်းလဲရန် ယာယီခြေလှမ်းများ စတင်ခဲ့သည်။

ထို့ကြောင့် အနောက်နိုင်ငံများက အရေးယူမှုများ ယာယီရုတ်သိမ်းပေးခြင်းဖြင့် ဆုလာဒ်များပေးခဲ့ကြသည်။

ကမ္ဘာ့စီးပွားရေးနှင့် နှစ်ပေါင်း(၅၀)ခန့် အထီးကျန်ဖြစ်ခဲ့ရခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ရပြီး၊ ငွေကြေးစနစ်များတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည်။

ရန်ကုန်မြို့လယ်ရှိ ရိုးမဘဏ်တွင် ဖောက်သည်များသည် ငွေစက္ကူများကို ပလတ်စတစ်အိတ်ဖြင့် ထည့်၍ သွားနေကြသည်။ အဝတ်လျှော်စက်များ တန်းစီထားသကဲ့သို့ထားရှိသော ငွေရေတွက်စက်များ၏ အသံကို လူများ၏အသံက မလွှမ်းမိုးနိုင်ပေ။ ဝန်ထမ်းများကလည်း စားပွဲပေါ်တွင် တောင်လိုပုံအောင်တင်ထားသော ငွေပုံကြီးနောက်တွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

အမေရိကန်၏ ငွေကြေးဆိုင်ရာ အရေးယူမှုများနှင့် ပြည်တွင်းတွင်ဖြစ်ခဲ့သော ဘဏ်ပြဿနာများကြောင့် မြန်မာနိုင်ငံ၏ ဘဏ်စနစ်သည် အားနည်းကာပျက်စီးခဲ့ရပြီး၊ ပြည်သူအများသည် ၎င်းတို့ ပိုင်ဆိုင်သော ငွေများကို ငွေသားအသွင်ဖြင့်သာ သိမ်းဆည်းထားကြရသည်။

တစ်စုံတစ်ဦးသည် ကားဝယ်ချင်လျှင်သော်လည်းကောင်း၊ အိမ်ဝယ်ချင်လျှင်သော်လည်းကောင်း ကားထဲတွင် ငွေထုတ်များထည့်၍ လုပ်ကိုင်ကြရသည်။

ရန်ကုန်မြို့တွင် ငွေထုတ်ယူနိုင်သည့် စက်အနည်းငယ်ရှိသော်လည်း နိုင်ငံခြားသားများအတွက် အသုံးမဝင်ပေ။ ခရက်ဒစ်ကတ်များ အသုံးပြုနိုင်သည်ဆိုသော်လည်း ဝန်ဆောင်ခကြီးမားသည့်အပြင် ယင်းစက်များမှာ ထိပ်တန်းပိာုတယ်အချို့တွင်သာ ရှိသည်။

ထိုအရာများအားလုံးသည် အမေရိကန်၏ ငွေကြေးဆိုင်ရာအရေးယူမှုများ ရုတ်သိမ်းပေးခြင်းကြောင့် မကြာမီတွင် ပြောင်းလဲသွားနိုင်သည်။

သို့သော် ခေတ်နောက်ကျနေသော ဘဏ်စနစ်သည် စီးပွားရေးလုပ်ကိုင်ရန် တစ်ခုတည်းသော အတားအဆီးမပာုတ်ပေ။

စွမ်းဆောင်ရည်(Capacity)သည် လူတိုင်းပါးစပ်ဖျားတွင် ပြောနေသော စကားလုံးပင်ဖြစ်သည်။ အကြီးမားဆုံး စိုးရိမ်ရသည့်အချက်မှာ မြန်မာနိုင်ငံတွင် ယခုပြောင်းလဲမှုဆိုသည့် ဒီရေလှိုင်းကြီးမှ ကြုံတွေ့ရသည့်အခက်အခဲများကို အောင်မြင်အောင် ကိုင်တွယ်နိုင်သည့် အစိုးရအုပ်ချုပ်ရေးမှတစ်ဆင့် တိုင်းနှင့်စာရေးတစ်ဦး အဆင့်တိုင်းပါဝင်သော လူ့စွမ်းအားအရင်းအမြစ်လွန်စွာ အားနည်းခြင်းဖြစ်သည်။

ပီတာသိန်းသည် လွန်ခဲ့သောအနှစ် နှစ်ဆယ်ကတည်းက မြန်မာ Yellow Pages ကို တည်ထောင်ခဲ့ သူ ဖြစ်ပြီး၊ ဈေးကွက်သုတေသနပြုသည့် ကုမ္ပဏီကိုတည်ထောင်လုပ်ကိုင်နေသူ ဖြစ်သည်။

၎င်းက မြန်မာနိုင်ငံသို့အသစ်ဝင်ရောက်လာသူများသည် မြန်မာနိုင်ငံ၏ အိမ်နှင့်မြေကဲ့သို့သော အခြေပစ္စည်းဈေးနှုန်းမြင့်မားမှုနှင့် အဆင့်မီသောဝန်ထမ်းရှားပါးမှုကို ကြည့်၍ တုန်လှုပ်သွားနိုင်သည်ဟု ဆိုသည်။

"တစ်ခုခုတတ်မြောက်တဲ့လူအားလုံးနီးပါး မြန်မာနိုင်ငံကထွက်သွားကြပါပြီ" ဟု ၎င်းကဆိုသည်။ ၎င်းတွင် အလုပ်ခန့်ထားရန်လိုသော ဝန်ထမ်း ၁၀၀၀၀ ခန့်စာရင်းရှိသော်လည်း၊ ၎င်းတို့ထဲမှ ၁၀-၁၅% သာ အဆင့်မီသည်ဟု ဆိုသည်။

                "အခက်ခဲဆုံးအချက်ကတော့ ကျွန်တော့်ဝန်ထမ်းတွေဆီက စဉ်းစားဖို့၊ ဥာဏ်ရှိဖို့ ပြောရတာပါပဲ" ဟု ၎င်းကပြောသည်။

အားလုံး၏ထိပ်ဆုံးတွင်ရှိသော အားနည်းချက်များမှာ တရားဥပဒေစိုးမိုးမှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ လျှပ်စစ်မီးမလုံလောက်ခြင်း၊ သုံးမရအောင်တစ်စစီဖြစ်နေသော အခြေခံအဆောက်အဦးနှင့် ပီတာသိန်းက လက်ဖက်ရည်ဖိုးဟုခေါ်သော နှေးကွေး၍ရှုပ်ထွေးသော ဗျူရိုကရေစီယန္တရားကြီး မြန်ဆန် အောင်ပေးရသော လာဘ်ပေးရခြင်းများဖြစ်သည်။

သို့ဆိုလျှင် မြန်မာနိုင်ငံသည် ယခုပွင့်လင်းလာသောအခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ပါမည်လော။

မြန်မာနိုင်ငံပြည်တွင်းစက်မှုလုပ်ငန်းများသည် အထီးကျန်ဖြစ်ခဲ့ရသည့် နှစ်များအတွင်း မအောင်မြင် နိုင်အောင် အတားအဆီးများ လုပ်ခံခဲ့ရခြင်း၊ တစ်စစီပြိုကွဲခဲ့ရခြင်းများ ရှိနေသည့်အထဲတွင် ယခုအခါ ပြည်ပ မှ ပြိုင်ဆိုင်မှုများကို တုန်လှုပ်ဖွယ်ကြုံတွေ့လာရသည်။

ဦးမြင့်စိုး၏ အထည်ချုပ်စက်ရုံသည် ရန်ကုန်မြို့ပြင်တွင်ရှိပြီး အမေရိကန်ပြည်ထောင်စုရှိ Kmart နှင့် Walmart တို့သို့ အထည်ချုပ်ပေးပို့ရသည်။ အနောက်နိုင်ငံအရေးယူမှုများချမှတ်ခြင်း ခံရပြီးနောက် လုပ်သားအင်အား သုံးပုံနှစ်ပုံခန့် လျှော့ချပစ်ရသည်။

"အခုဖောက်သည်အဟောင်းတွေပြန်ရမယ်လို့ ထင်ပါတယ်" ဟု ဦးမြင့်စိုးက တက်ကြွစွာ ပြောသည်။

"နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေဟာ ဈေးကွက်တွေရော နည်းပညာကိုပါ ယူဆောင်လာနိုင်ပါတယ်" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ဦးစွာလုပ်အားခ ဈေးသက်သာမှုကို အသာစီးယူ၍ ယှဉ်ပြိုင်ရမည်မှာ ရှင်းသည်။

"ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ နှိုင်းယှဉ်နေပါတယ်၊ ကမ္ဘောဒီးယားထက်တော့ သက်သာပါတယ်၊ ဒီတော့ကောင်းကောင်းယှဉ်နိုင်ပါတယ်"ဟု ဦးမြင့်စိုး က ပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းမှဂေါက်ကွင်းအထိ ရင်းနှီးမြပ်နှံမှုများပြုလုပ်နေသူ Serge Pum ကလည်း မြန်မာနိုင်ငံ၏အနာဂါတ်သည် တောက်ပနေသည်ဟု ယုံကြည်နေသည်။

"မြန်မာနိုင်ငံဟာ အသစ်ဖြစ်လာမယ့် ကျားတစ်ကောင်ဆိုတာကို ကျွန်တော်သံသယ မရှိပါဘူး" ဟု ၎င်းက ပြောသည်။

"မြန်မာလူမျိုးတွေ စီးပွားရေးလုပ်တတ်ပါတယ်" ဟု၎င်းကပြောသည်။

သို့သော် မြန်မာနိုင်ငံအားအဆင့်မီရန် အချိန်မည်မျှယူရမည်နည်း ဟူသော မေးခွန်းနှင့်ပတ်သက်၍ Romain Caillaud က ပြောကြားရာတွင် "အချိန်အကြာကြီးယူရပါမယ်" ဟု၎င်းက ပြောသည်။

"နောက်အနှစ် နှစ်ဆယ်မှာ ဗီယက်နမ်နိုင်ငံရဲ့ ဒီနေ့အခြေအနေဖြစ်တဲ့ အခြေခံအဆောက်အဦး၊ ဆက်သွယ်ရေးနဲ့ ငွေကြေးစနစ်တို့ကို အမှီလိုက်နိုင်ပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

"မြန်မာနိုင်ငံကိုဝင်လာတဲ့ကုမ္ပဏီတွေအနေနဲ့ အမြန်ဆုံးအမြတ်အစွန်းရဖို့ မမျှော်လင့်သင့်ပါဘူး" ဟု ၎င်းကပင် ဆိုသည်။

                                                    ***************************************

မြန်မာနိုင်ငံ၏ ငြင်းမရသော အမှန်တရားများ အက်ကြောင်းများသဖွယ်ပေါ်ထွက်

(Asia Times မှ 17 June 2012 ရက်စွဲပါ Francis Wade ၏ Myanmar’s true stripes revealed ကိုဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၂၄ နှစ်တာမျှ ဝေးကွာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပဒေသသို့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက်ရှိလာမှုမှာ အချိန်ကောင်း၊ အခါကောင်းဖြစ်သည်ဟုပင်ဆိုရမည်။ သူမသည် ရခိုင်ပြည်နယ်တွင်း လူမျိုးရေး၊ ဘာသာရေးနှင့် ဂိုဏ်းဂဏရေးရာ ဆူပူအုံကြွမှုများဖြစ်ပေါ်နေစဉ် မြန်မာနိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အဓိကအင်အားကြီးစိုးသော ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်လူနည်းစုတို့အကြား နှစ်ပေါင်းများစွာ အစိုင်အခဲဖြစ်နေခဲ့သည့် တင်းမာမှုကို အဆိုပါ ဆူပူအုံကြွမှုများက ရုပ်လုံးကြွလာအောင် ဖန်တီးပြုလုပ်ပေးလိုက် သကဲ့သို့ရှိသည်။

ရက်သတ္တတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများနှင့် ဆူပူအုံကြွမှုတို့ကြောင့် များစွာချီးမွမ်းခံထားရသည့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိတ်ဝင်တစားစောင့်ကြည့်စရာ အခင်းအကျင်းသစ်တစ်ခု ထပ်မံပေါ်ပေါက်လာရသည်။ ထို့ပြင် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် လွဲမှားမှုများစွာရှိနေပြီး တိုင်းရင်းသားလူမျိုးများအကြား ကာလကြာရှည်စွာ အမြစ်တွယ်နေသည့် နာကျည်းမုန်းတီးမှုများကို ယင်းပြုပြင်ပြောင်းလဲမှုများက ပြေလည်အောင် လုပ်ဆောင်နိုင်စွမ်းမရှိဟူသော အချက်မှာ ရခိုင်ပြည်နယ် အရေးကိစ္စများကြောင့် ပို၍ပေါ်လွင်လာသလိုရှိသည်။

တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ် အခြေအနေအရပ်ရပ်တို့က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ဝမ်းကွဲလွဲမှုများကို မည်သို့မည်ပုံပြေပျောက်အောင် လုပ်ဆောင်စွမ်းရှိသည်၊ ပြည်သူများကို မည်သို့ဦးဆောင်မည်ဟူသော အရည်အချင်းထုတ်ဖော်နိုင်ရေးအတွက် စိန်ခေါ်စမ်းသပ်ချက်တစ်ရပ်အသွင် ဆောင်လာသည်။ ထို့ပြင် ဆူပူအုံကြွမှုများက နုနယ်လှသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အပေါ် ခြိမ်းခြောက်မှုတစ်ခု အသွင်ဆောင်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥရောပဒေသသို့ ခရီးထွက်ရန်ဆုံးဖြတ်ချက်က မှားယွင်းသောနိုင်ငံရေးအဆင့်သို့ ရောက်အောင် တွန်းပို့နိုင်သည့် အနေအထားတွင်ရှိသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါလီမန်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သလို ပြည်တွင်း၊ပြည်ပသို့လည်း လွတ်လပ်စွာ ခရီးသွားလာခွင့်ရရှိခဲ့သည်။ အမှန်တွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများတွင် နိုင်ငံခြားသားများအပေါ် အယုံအကြည်မရှိ ထိတ်လန့်တတ်သည့် သဘောသဘာဝများ ရှိနေသည်ဟူသောအချက်ကို ရခိုင်ပြည်နယ်တွင်း ဆူပူအုံကြွမှုများက မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

မကြာသေးမီ ရက်သတ္တပတ်အတွင်း  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ထင်မြင်သုံးသပ်ချက်ကို ကြည့်လျှင်သိနိုင်သည်။ ကိုကိုကြီးက ရိုဟင်ဂျာများကို အချုပ်အခြာအာဏာ ထိပါးအောင်လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။ မြန်မာနိုင်ငံသား ဖြစ်ခွင့်မရရှိကြသော အဆိုပါ ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများ၏ အဓိကဇာတ်ကောင်များသဖွယ် ဖြစ်ခဲ့သည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့က“နိုင်ငံတော်ဦးဆောင်သော အကြမ်းဖက်အုပ်စုသည် ရိုဟင်ဂျာများကို မျိုးသုဉ်းပျောက်ကွယ်အောင် လုပ်ဆောင်လာသည်။ သို့သော် ၎င်းတို့အား ကာကွယ်စောင့်ရှောက်မည့်သူ တစ်စုံတစ်ဦးမျှ မြန်မာပြည်၌မတွေ့ရပေ”ဟု ဆိုသည်။ ကုလသမဂ္ဂကမူ ရိုဟင်ဂျာများသည် “မိတ်ဆွေအပေါင်းအသင်းမရှိသလောက်” ဖြစ်နေကြောင်း မှတ်ချက်ပေးသည်။

မကြာသေးခင်က ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည် တစ်သိန်းခွဲခန့်အား စည်းလုံးညီညွတ်ရေး အကြောင်းပြောဆိုခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယနေ့အချိန်အထိ ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ ရှောင်ကွင်း ပြောဆိုနေဆဲပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပပြုလုပ်သောဖိုရမ်၌ ရိုဟင်ဂျာအရေးကိစ္စ ထုတ်ဖော်ပြောဆိုရန် ဖြစ်လာသောအခါ သူမက “မြန်မာအနေဖြင့် နိုင်ငံသားဖြစ်ခွင့်ကိစ္စနှင့် ပတ်သက်ပြီး တိကျခိုင်မာသော ဥပဒေစည်းမျဉ်းများ လိုအပ်လျက်ရှိသည်”ဟုသာ ပြောဆိုသွားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုများသည် တရားမဝင် ဝင်ရောက်နေထိုင်မှုအပေါ် စိုးရိမ်ကြောက်လန့်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေး နယ်ပယ်အတွင်း မလိုမုန်းတီးမှုများ ပျံ့နှံ့နေခြင်းကြောင့်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သမိုင်းကြောင်းကိုကြည့်လျှင် အရပ်သားအစိုးရခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုလက်ထက်မှစ၍ စစ်အစိုးရခေါင်းဆောင်များ အုပ်ချုပ်သည့်ကာလတစ်လျှောက် မွတ်စလင်များကို မြန်မာ့လူ့အဖွဲ့အစည်း၏ အစွန်အဖျားနေရာတွင် ထားရှိခဲ့ပြီး ရိုဟင်ဂျာများကိုမူ ပို၍အလှမ်းဝေးကွာသော နေရာတွင်ထားရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများအပေါ် သဘောထားကြေညာချက်တစ်စုံတရာ မထုတ်ပြန်သေးသည်ကိုကြည့်လျှင် ရိုဟင်ဂျာအရေးကိစ္စသည် မည်မျှအတိုင်းအတာအထိ အကဲဆတ်သည် ဟူသောအချက်မှာ ပေါ်လွင်နေသည်။

“နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိသူအားလုံး အနေဖြင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိမှာ ဖြစ်ပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ကိုကြည့်လျှင် သိနိုင်သည်။ ယခင်ကဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်သည် တန်းတူအခွင့်အရေး၊ သာတူညီမျှဖြစ်ရေးအစရှိသော အရေးကိစ္စများကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ NLD ပါတီမှတာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာများ၏ ဇာတ်မြစ်နှင့်ပတ်သက်၍ အငြင်းအခုန် လုပ်ရမည့်ကိစ္စမှာ လွန်စွာသိမ်မွေ့နက်နဲကြောင်း၊ မိမိတို့ပါတီအတွင်း၌ပင် ရိုဟင်ဂျာဟူသော မေးခွန်းအတွက် အဖြေအတည်တကျ မထုတ်ရသေးကြောင်းပြောဆိုသည်။

“ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေမဟုတ်ပါဘူး”ဟုပင် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

လတ်တလောကာလအတွင်း အင်တာနက်ဖိုရမ်များတွင် အဆိုပါ အရေးကိစ္စအပေါ် လူမျိုးရေး၊ ဘာသာရေးမုန်တီးမှုပါသော ထင်မြင်သုံးသပ်ချက်များ ပြင်းပြင်းထန်ထန် ရေးသားကြသည်ကို တွေ့ရသည်။ ဆူပူအကြမ်းဖက်မှုတွင် ဘက်နှစ်ဖက်ရှိသည်မှ ရှင်းရှင်းလင်းလင်းပင်ဖြစ်သော်လည်း ရိုဟင်ဂျာများကို အဓိကဦးတည်သော ပြောဆိုတိုက်ခိုက်မှုများက အဓိကလွှမ်းမိုးထားသည်။

ပြည်ပအခြေစိုက် မြန်မာမီဒီယာများက ဆူပူအကြမ်းဖက်မှုများ အပေါ်မဝံ့မရဲသဘောမျိုးဖြင့် ရေးသားကြသည်။ မီးလောင်ရာလေပင့်သဘောမျိုး ဖြစ်မည်စိုးသောကြောင့်လည်း ဖြစ်ဟန်ရှိသည်။

ပြည်တွင်းမီဒီယာများကမူ “ဘင်္ဂါလီရိုဟင်ဂျာများ ရခိုင်မြို့များအပြင်ဘက်တွင် ချောင်းမြောင်းလျက်ရှိ” ဟူသော ခေါင်းစဉ်မျိုးဖြင့် နှိမ်ချရေးသားကြသည်ကို တွေ့ရသည်။

အဆိုပါရိုဟင်ဂျာကိစ္စအပေါ် တုံ့ပြန်ဆောင်ရွက်ချက်များမှာ သမ္မတဦးသိန်းစိန်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်းရှိသည်။

သမ္မတဦးသိန်းစိန်၏ နိုင်ငံတကာအမြင်နှင့် ပြုမူဆောင်ရွက်ချက်များသည် ယခင်စစ်အာဏာရှင်အစိုးရက ပုံဖော်ပေးထားခြင်းဖြစ်သည်ဟု ဆိုသည်များလည်းရှိသည်။ အချို့ကမူ အဆိုပါ အဓိကရုဏ်းသည် “အာရှဒေသတွင် အဆိုးရွားဆုံးဖိနှိပ်ခွဲခြားဆက်ဆံခံရသည့် လူနည်းစုများ”ဟုသတ်မှတ်ခံရသော ရိုဟင်ဂျာကိစ္စပြေလည်ရေးအတွက် အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု ရှုမြင်ကြသည်။ သမ္မတဦးသိန်းစိန်ကမူ အကယ်၍ မြန်မာလူမျိုးများက ဘာသာရေးနှင့် လူမျိုးရေးကိစ္စကို ရှေ့တန်းတင်ကြမည်ဆိုပါက အခြေအနေအရပ်ရပ်မှာ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် ဦးသိန်းစိန်၏ အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဆူပူအကြမ်းဖက်မှုမှ အကျိုးအမြတ်ထွက်ပေါ်နိုင်သည့် အခြေအနေမျိုးလည်းရှိနေသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများကို စစ်တပ်အကူအညီ ရယူဖြေရှင်းရမည်ဟူသော ဦးသိန်းစိန်၏အမိန့်ကြောင့် နှစ်ပေါင်းများစွာ ပြည်သူများ၏ မုန်းတီးမှုခံခဲ့ရသောစစ်တပ်အား“ရခိုင်တို့၏ကယ်တင်ရှင်”အဖြစ် ရှုမြင်လာကြမည်ဖြစ်သည်။ ရခိုင်တို့က မြန်မာစစ်တပ်သည် သမိုင်းကြောင်းတစ်လျှောက် ရခိုင်ပြည်ကို ကိုလိုနီနယ်ချဲ့သိမ်းပိုက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ ပို၍ဆိုရလျှင် ရခိုင်ပြည်နယ်တွင်း ဆူပူအကြမ်းဖက်မှုများက ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်နှင့် တရုတ်နယ်စပ်ဒေသတွင်ဖြစ်ပွားနေသော ကချင်လက်နက်ကိုင်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ(ပြည်တွင်းစစ်မီး)အပေါ် ပြည်သူများ၏ အာရုံကျရောက်မှုအား လမ်းလွဲသွားအောင် တစ်နည်းတစ်ဖုံ ပြုလုပ်ပေးနိုင်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းမှစကားလုံးများကို ကြည့်မည်ဆိုပါက ၎င်းသည် အများနှင့်မတူ လွန်စွာလိမ္မာပါးနပ်ကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ဆိုနိုင်သည်။ မိန့်ခွန်းပြောရာ၌ မည်သည့် ‘ဘက်’တွင်မျှရပ်တည်ခြင်းမရှိဘဲ မိမိကိုယ်ကိုယ် ဘက်လိုက်မှုမရှိသော၊ အကွဲအပြဲဖြစ်နေသော တိုင်းပြည်တစ်ခုအတွက် တံတားထိုးပေးနိုင်သော ခေါင်းဆောင်တစ်ဦးအဖြစ် ပုံဖော်သွားနိုင်သည်ကို တွေ့ရသည်။ ဆိုရလျှင် ဦးသိန်းစိန်သည် ရာစုနှစ်ဝက်တာကာလအတွင်း ယင်းသို့ လုပ်ကိုင်ပြနိုင်သော ပထမဆုံးခေါင်းဆောင် ဖြစ်ဟန်ရှိသည်။

သို့သော် စိတ်မကောင်းစရာဖြစ်သည့်အချက်မှာ အကျပ်အတည်းများနှင့် ပဋိပက္ခများကို အဓိက ကြိုးကိုင်မောင်းနှင်နေသူများမှာ မြန်မာတို့ ကိုယ်တိုင်ပင် ဖြစ်နေခြင်းပင်။ မြန်မာတို့သည် တန်းတူအခွင့်အရေးရရှိရေးနှင့် စစ်အာဏာရှင်စနစ်ဖယ်ရှားပေးရေးကို နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ကြရာမှ ယခုအခါတွင် အခြားအရေးကိစ္စ တစ်ခုဘက်သို့ အာရုံပြောင်းသွားကြပြီဖြစ်သည်။

၂၀၀၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သောအင်တာဗျူး၌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များမှာ ယခုအခါ မြန်မာပြည်အတွက် ကြီးမားသောဝန်တစ်ရပ်ဖြစ်လာသည်။ “ကျွန်မတို့ရဲ့ ခံယူချက်ကတော့ ကျွန်မတို့လူမျိုး အများစုဟာ ကြီးမားတဲ့တာဝန်ကိုယူပြီး ဒီမိုကရေစီစနစ်ကို ထောက်ပံ့ပေးသွားမယ်ဆိုတာပါပဲ”ဟု သူမက အဆိုပါ အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

များစွာသေချာသည်မှာ ရခိုင်ပြည်နယ်ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသော လူများစုမဟုတ်ဘဲ လူနည်းစုသာဖြစ်သော်လည်း တိုင်းရင်းသားစိတ်ဝမ်းကွဲပြားမှုများ ရှိနေသည်ဟူသော အချက်မှာပေါ်လွင်လှသည်။

ထို့အတူ လွတ်လပ်မှု၊ မျှတမှု အစရှိသည်တို့အတွက် တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီစံချိန်စံနှုန်းများနှင့် ပတ်သက်၍လည်း သံသယဖြစ်စရာများ ထွက်ပေါ်လာသည်။

********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment