၂၁.၆.၂၀၁၂
ဆောင်းပါးကဏ္ဍ
- မြန်မာလားဘားမားလား
*****************************************
ဆောင်းပါးကဏ္ဍ
မြန်မာလားဘားမားလား
မောင်အံ့ (မဟာဝိဇ္ဖာ-ဘုံဘေ)
(ဇွန် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြသည်)
မြန်မာတို့သည် နိုင်ငံကို မြန်မာနိုင်ငံဟူ၍လည်းကောင်း၊ လူမျိုးကို မြန်မာလူမျိုးဟူ၍လည်းကောင်း ခေါ်ဆိုသုံးနှုန်းခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်ချီ၍ ကြာမြင့်ခဲ့လေပြီ။ အိမ်နီးချင်းဖြစ်သောတရုတ်လူမျိုးများက (မြန်) ဟူ၍ စကားလုံးတစ်လုံးတည်းဖြင့် ခေါ်ဆိုသုံးနှုန်းကြသည်။ တိဗက်လူမျိုးများ ကလည်း ကျွန်ုပ်တို့ကို ‘မြန်’ ဟူ၍ ခေါ်ဆိုကြသည်။
သို့ရာတွင် အန္ဒိယနိုင်ငံသားများက ကျွန်ုပ်တို့ကို (ဗြဟ္မာ(ဗရမာ)= ဗားရမား) ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ မြန်မာနိုင်ငံကို ဗရမားဒေးရှ်ဟူ၍ ခေါ် ဆိုပြီး မြန်မာနိုင်ငံသားတို့ကို (ပရမားဒေးရှီး) ဟူ၍ ခေါ်ဆိုကြသည်။ အဆိုပါ အိန္ဒယနိုင်ငံသားများမှတစ်ဆင့် အင်္ဂလိပ်လူမျိုးများက ကျွန်ုပ်တို့ကို (ဘားမား) (Burma) ဟူ၍ ခေါ်ဆိုပြီး ဂျာမန်လူမျိုးများက အင်္ဂလိပ်ထံမှတစ်ဆင့် (ဗူးရမား) ဟူ၍ ခေါ်ဆိုကြသည်။ ဂျပန်လူမျိုးများက (ဘိရှုမာ) ဟူ၍ ခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများက (ဖမ) ဟူ၍ ခေါ်ဆိုကြသည်။
ထို့ကြောင့် (မြန်မာ) ဟူသောဝေါဟာရနှင့် (ဗမာ) ဟူသောဝေါဟာရဟာ နှစ်မျိုးကွဲပြားလာခဲ့သည်။ ယင်းဝေါဟာရနှစ်မျိုးအနက် (မြန်မာ) ဟူ သောဝေါဟာရမှာ နှစ်ပေါင်းထောင်းချီ၍ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ပုဂံခေတ်ကျောက်စာများ၌ မြန်မာဟူ၍သာ သုံးနှုန်းရေးထိုးခဲ့ကြသည်။ အင်းဝခေတ်တိုင် အောင် ဗမာဟူသောဝေါဟာရအသုံးအနှုန်း မပေါ်ခဲ့သေးချေ။
အန္ဒိယနိုင်ငံသားစကားပြန်များမှ တစ်ဆင့်ရရှိသော (ဘားရမား) ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်များက တွင်ကျယ်စွာသုံးနှုန်းခဲ့သဖြင့် (Burma) ဟူသောအသုံးအနှုန်းသည် ကမ္ဘာသို့ ပြန့်နှံ့သွားခဲ့သည်။
လွတ်လပ်ရေးရသောအခါ နိုင်ငံအကြီးအကဲဖဆပလခေါင်းဆောင်များက ကျွန်ုပ်တို့နိုင်ငံ၏ တရားဝင်ရုံးသုံးအမည်နာမကို (ပြည်ထောင်စု မြန်မာနိုင်ငံတော်) ဟူ၍ နိုင်ငံတော်တံဆိပ်အတွင်း၌ စာတန်းထိုး၍ အတည်ပြုသုံးနှုန်းခဲ့ကြသည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာဝေါဟာရအတိုင်း (ဘား မား) ဟူ၍ အတည်ပြုသုံးနှုန်းခဲ့သည်။
ယင်းBurma ဟူသော အသုံးအနှုန်းမှာ အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသော (မြန်မာ) ဟူသောဝေါဟာရကို တိုက်ရိုက် အသံပြောင်း လဲခြင်း (Direct Transcription) မဟုတ်သဖြင့် တိုက်ရိုက်အသံထွက် ပြောင်းလဲခြင်း၊ (အက္ခရာ) ပြောင်းလဲခြင်းနည်းကို အသုံးပြု၍ (မြန်မာ) (Myanmar) ဟူ၍ တပ်မတော်အစိုးရ (န.ဝ.တ) က ပြောင်းလဲသုံးစွဲလိုက်သည်။
ထိုအခါ အင်္ဂလိပ်တို့၏ ဝေါဟာရ (ဗားမား)ကို အစွဲအလမ်းကြီးနေသော လူငယ်တစ်ချို့က ဒီလိုသာ ဗထက်ခြိုက်ကို (မ) ပြောင်းတမ်းဆိုရင် (ဗုဒ္ဓကိုလဲ=မုဒ္ဓလို့ပြောင်းပါတော့လား)ဟူ၍ မကျေမနပ်ထုတ်သံကို ကြားလိုက်ရဖူးပါသည်။
အမှန်စင်စစ် မြန်မာလူမျိုး၊ မြန်မာနိုင်ငံ၊ မြန်မာပြည်ဟူ၍ စတင်ခေါ်ဝေါ်သုံးစွဲမှု ဖြစ်ပေါ်လာပုံမှာ ပျူလူမျိုးအများစုနေထိုင်သော သရေခေတ္တရာ တိုင်းပြည်ကြီး ဖရိုဖရဲပြိုကွဲပျက်စီးသွားသောအခါ ဗျူ၊ ကမ်းယံ၊ သက် အုပ်စုသုံးစုကွဲသွားပြီးလျှင် (ကမ်း၊ ယံ) သည် ရခိုင်လူမျိုးဖြစ်သွားခဲ့၍ (သက်) မှာ စစ်တကောင်းတောင်တန်းတစ်လျှောက် (မစ္ဆဂီရိ) တိုင်းပြည်ဟူ၍ ဖြစ်ပေါ်လာခဲ့ကြသည်။
ပျူလူမျိုးအုပ်စုသည် ပုဂံဒေသသို့ ရောက်ရှိပြီးရွာကြီး ၁၉ ရွာကို စုပေါင်းပြီး တိုင်းပြည်တည်ထောက်ခဲ့ကြောင်း ယင်းသောအခါ လူမျိုးစု ခေါင်းဆောင် ထက်မြက်သူတစ်ဦးကို အကြီးအကဲဘုရင်မင်းအဖြစ် တင်မြှောက်ကြသည်။ ယင်းအကြီးအကဲကို (သမ္မုတိရာဇာ) (ပြည်သူအများကတင် မြှောက်သော ဘုရင်) ဟူ၍ အဓိပ္ပယ်ရသည်။ ထိုဘုရင်ကို (သမ္မုတိရာဇ်) (သမုဒ္ဒရာဇ်) မင်းဟူ၍လည်း ခေါ်ဆိုကြသည်။ အဆိုပါ သမုဒ္ဒရာဇ်မင်းကြီးသည် တိုင်းသစ်ပြည်သစ် နိုင်ငံသစ်တည်ထောင်ရာ၌ မိမိနိုင်ငံအတွင်း လူမျိုးစုအသီးသီးကွဲပြားနေသည်ကို မလိုလားသဖြင့် နိုင်ငံတွင်းရှိ လူမျိုးအားလုံးကို (လျင် မြန်-သန်မာ-သောလူမျိုး)ဟူ၍ အဓိပ္ပယ်ဖြင့် (မြန်မာ) ဟူ၍ မှည့်ခေါ်လိုက်လေသည်။ မြန်လည်းမြန်သည်။ မာရေကျောရေလည်းရှိသည်။ ထိုကြောင့် နိုင်ငံ အတွင်းရှိလူမျိုးအားလုံးသည် မြန်မာလူမျိုးဖြစ်ကြ၍ နိုင်ငံသည်လည်း မြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လတော့သည်။
ဤကဲ့သို့ အတိတ်ကောင်း၊ နိမိတ်ကောင်းအနက်အဓိပ္ပယ်နှင့် ပြည့်ဝသော မင်္ဂလာအပေါင်းခညောင်းသော အမည်နာမအသစ်ဖြင့် တိုင်းသစ်၊ ပြည်သစ်၊ လူမျိုးသစ်အဖြစ် တည်ထောင်ခဲ့သည်ကို အစွဲပြု၍ ပုဂံခေတ်ကျောက်စာများ၌ မြန်မာလူမျိုး၊ မြန်မာပြည်ဟူ၍ ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။ ကျွန်ုပ်တို့ မြန်မာများ၏ ယဉ်ကျေးမှုအစဉ်အလာ၊ မျိုးရိုးအစဉ်အလာကို မသိသူများ (သိသော်လည်း မြန်မာ့အစဉ်အလာ မြန်မာ့ယဉ်ကျေးမှုကို လက်မခံလို သော ပယ်ဖျက်လိုသောလူအချို့သည် မြန်မာလူမျိုး၊ မြန်မာပြည်၊ မြန်မာနိုင်ငံဟူသော မြန်မာအသုံးအနှုန်းကို မသုံးနှုန်းဘဲ ကိုလိုနီနယ်ချဲအင်္ဂလိပ်များ အမည်ပေးသုံးစွဲခဲ့သော (ဗားမား) (Burma) ဟူသောဝေါဟာရကိုသာ သည်းခြေခြိုက် စွဲလမ်းနှစ်သက်စွာ ဆက်လက်သုံးစွဲနေကြလေတော့သည်။
ဤတိုင်းပြည်နှင့် ဤနိုင်ငံသားအားလုံးတို့ကို (မြန်မာ- Myanmar) အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းချက်အရ ကုလသမဂ္ဂသို့ အမည်စာရင်း ပေးသွင်းရာ၌ ယခင်ကရေးသားခဲ့သော (ဗားမား) (Burma) ဟူသောအမည်အစား (မြန်မာ) (Myanmar) ဟူ၍ အမည်သစ်တင်သွင်းခဲ့သည်ကို ကုလ သမဂ္ဂအဖွဲ့ကြီးက အတည်ပြု သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် အင်္ဂလိပ်၊ အမေရိကန်အုပ်စုနှင့် ယင်း၏ သြဇာခံသတင်းစာများ၊ အသံလွှင့်ဌာနများကမူ ကျွန်ုပ်တို့ဥပဒေနှင့် အညီ အတည်ပြုထားသော (မြန်မာ) ဟူသောဝေါဟာရကို လုံးဝမသုံးစွဲဘဲ (ဗားမား) ဟူ၍သာ ခေါင်းမာစွာ အစွဲကြီးလွန်းစွာ သုံးနှုန်း ပြောဆိုလျက်ရှိကြသည်။
အင်္ဂလိပ်တို့သည် သီဟိုဋ္ဌ်နိုင်ငံကို ယခင်က စီလုံ (Celon) ဟု ခေါ်ဆိုခဲ့ကြသော်လည်း လွတ်လပ်ရေးရသောအခါ သီရိလင်္ကာ (Srilanka) ဟူ၍ အမည်ပြောင်းလိုက်သည့်အတိုင်း လိုက်နာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ် ဆဋ္ဌသဂါင်္ယနာ တင်ပြီးသည့်အချိန်ထိ ယိုးဒယားနိုင်ငံကို စီယမ် (SIAM) ဟူ၍ သတ်မှတ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် စီယမ် (SIAM) ဟူသောအမည်ကိုဖျောက်၍ ထိုင်းလင်း/ ထိုင်းနိုင်ငံ (Thaialnd) ဟူသော အမည်သစ်ပြောင်းလိုက်သည်ကို အင်္ဂလိပ်၊ အမေရိကန်တို့သည် ကျေနပ်စွာ လိုက်နာသုံးနှုန်းခဲ့ကြသည်ကို တွေ့ရှိရပေသည်။
သို့ရာတွင် ကျွန်ုပ်တို့နိုင်ငံ၏ အမည်ကို (ဘားမား) (Burma) ဟူသောဝေါဟာရမှ (မြန်မာ) (Myanmar) ဟူ၍ အခြေခံဥပဒေဖြင့် ပြောင်းလဲသတ် မှတ် ပြဋ္ဌာန်းလိုက်သည်ကို အဘယ်ကြောင့် လက်မခံနိုင်ရပါသနည်။ ကျွန်ုပ်တို့လူမျိုးနှင့် ကျွန်ုပ်တို့နိုင်ငံသည် နှစ်ပေါင်း (၆၀)ကျော် လွတ်လပ်ရေးရပြီးဖြစ် သော်လည်း အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတစ်ခုဖြစ်နေပြီဆိုသည်ကို ဘဝင်မကျ အသိအမှတ်မပြုနိုင်ဘဲ (တချိန်တစ်ခါက ငါတို့ရဲ့ ခြေဖဝါး အောက်မှာနေခဲ့ရပြီး မျက်နှာဖြူတို့ရဲ့ မျက်နှာတော်ကိုမော်၍မျှမကြည့်ရဲသော ဒီတိုင်းပြည်၊ ဒီလူမျိုးက မင်းတို့ပြောင်းချင်းရာပြောင်းလို့မရဘူး၊ ငါပေးထား တဲ့နာမည်ပဲ ဆက်လက်ခံယူရမည်) ဟူ၍ စွဲလမ်းနေပုံရသည်။
ထို့ကြောင့် အသင်စာရှု့သူအနေဖြင့် ဤနိုင်ငံသည် မြန်မာ(Myanmar)လော၊ ဘားမား(Burma)လော သင်ကိုယ်တိုင် ကြိုက်နှစ်သက်ရာ ဆုံးဖြတ်ပါလော့။
(မြန်မာမင်းသားကြီး (ဝန်ထောက်မင်း) ဦးမောင်မောင်တင် ရေးသားပြုခဲ့သော ရွှေနန်းသုံးဝေါဟာရအဘိဓာန် စာမျက်နှာ-၂၅၇-၈)
*****************************************