Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မှားယွင်းသော ဥပဒေ အသိပညာပေးမှုများ

*****************************************

ဆောင်းပါးကဏ္ဍ

မှားယွင်းသော ဥပဒေ အသိပညာပေးမှုများ

ဦးအောင်ဝင်း(တရားရေး)

ဘယ်ပညာရပ်ဆိုင်ရာ ကိစ္စဖြစ်စေ၊ မှားယွင်းစွာ အသိပညာပေးခြင်းဟာ ဆရာဝန်ဆေးတိုက်မှားတာထက် ဆိုးတတ်ပါတယ်။ ဆရာဝန် ဆေးတိုက် မှားတာက လူတစ်ဦးတည်းကို ထိခိုက်စေနိုင်ပေမယ့် အသိပညာပေးမှားတာက လူအများကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။ ဥပဒေရေးရာ၊ တရားစီရင် ရေးရာတွေနဲ့ ပတ်သက်လို့လည်း မှားယွင်းတဲ့ အသိပညာပေးမှားမိတာတွေ ရှိတတ်ကြပါတယ်။ ဒါတွေကို သိသင့်တဲ့အပြင် ဆင်ခြင်သင့်တာမို့ တင်ပြလိုက် ရတာပါ။ မကြာခဏ ကြုံရတာ များလှပါပြီ။ မြောက်မြားစွာထဲက ပိုအမှတ်ရရရှိနေတာလေး တချို့ကို တင်ပြပါရစေ။

တင်ပြသူ ဗဟိုဝန်ထမ်း တက္ကသိုလ်တက်တဲ့ ၁၉၈၃ခုနှစ်မှာ အဲဒီတက္ကသိုလ်က ရုပ်ရှင်ရုံမှာ ဇာတ်ကားဟောင်းတစ်ခု ကြည့်ခွင့်ရခဲ့ပါတယ်။ ဇာတ် ကားနာမည်တော့ အပြည့်အစုံ မမှတ်မိတော့ပါဘူး။ ဖဲကြိုးဝါ ဆိုတာတော့ ပါတယ်လို့ မှတ်မိပါတယ်။ ဂျပန်ဇာတ်ကား Yellow handkerchiefs ကို မြန်မာမှု ပြုထားတာလို့ တချို့ပြောပြလို့ မှတ်သားရဖူးပါတယ်။ မင်းသားက (ဦး)ကျော်ဟိန်း ဖြစ်ပြီးတော့ မင်းသမီးနဲ့ ဇာတ်ရံတွေကိုတော့ မမှတ်မိတော့ပါဘူး။

ဇာတ်ကားမှာ ယာခင်းထဲ ပေါက်တူးတစ်လက်နဲ့ အလုပ်လုပ်နေတဲ့ ကျော်ဟိန်းကို ဗီလိန် သရုပ်ဆောင်က သေစေလောက်တဲ့ လက်နက် တစ်ခု ခုနဲ့ သေလောက်အောင် အနေအထားနဲ့ ရန်ပြုလာပါတယ်။ ကျော်ဟိန်းက အသင့်ရှိတဲ့ ပေါက်တူးနဲ့လား မမှတ်မိ၊ ခုခံကာကွယ်ရင်း ပြန်ပေါက်မိရာက ဗီလိန် သေရပါတယ်။ ကျော်ဟိန်းကို အမှုစစ်တဲ့ တရားရုံးက လူသတ်မှုနဲ့ သက်ညှာတဲ့ ထောင်ဒဏ် ၃နှစ်ချပါတယ်။

ဒီကိစ္စမှာ အန္တရာယ်ပြုလာသူ ဗီလိန်ကို ကျော်ဟိန်း ကာကွယ်တုံ့ပြန်ခြင်းဟာ ကာကွယ်ခုခံပိုင်ခွင့် ဥပဒေအရ အန္တရာယ်ပြန်ပြုနိုင်တဲ့ အတိုင်း အတာရယ်၊ အန္တရာယ်ပြန်ပြုနိုင်တဲ့ ကာလအတွင်းရယ် ဖြစ်နေတဲ့အပြင် မလျော်တဲ့ အခွင့်အရေးယူခဲ့တာ မရှိလို့ အမှန်အားဖြင့် ကွင်းလုံးကျွတ် (ယခုတရား စီရင်ရေးအသုံးအနှုန်း- အပြီးအပြတ်လွှတ်) ရမှာ ဖြစ်ပါတယ်။

ဒါဟာ ဥပဒေရေးရာ၊ တရားစီရင်ရေးရာ အကြီးအကျယ် မှားယွင်းတဲ့ အသိပညာပေးမှု ပြကွက်ပါပဲ။ လူတိုင်းမှာ ဥပဒေအရ မိမိကိုယ်ကို၊ မိမိရဲ့ စည်းစိမ်ဥစ္စာကို ကာကွယ်ခုခံပိုင်ခွင့် ရှိရက်နဲ့ ဒီအခွင့်အရေး မရှိသလို သိသွားစေပါတယ်။

ဒီ့ထက် ဒီဂရီမြင့်တာ တင်ပြပါရစေ။ တစ်ခါသောအခါက မြန်မာ့ရုပ်မြင်သံကြားမှာ မှုခင်း ပဟေဠိဝှက်တမ်း ပြခဲ့ဖူးပါတယ်။ ဒုတိယရဲမှူးဝတ်စုံနဲ့ အမျိုးသမီးတစ်ဦး ပါဝင်ဆောင်ရွက်ပြီး အဖြေမှန်သူကို တီဗီမှာ အခမ်းအနားနဲ့ ပြသဆုချပါတယ်။

ပဟေဠိဇာတ်လမ်းတစ်ခုမှာ လူတစ်ယောက်ကို လူတစ်ယောက်က သေနတ်နဲ့ ပစ်သတ်တာကို ပြပါတယ်။ သတ်သူကို သေနတ် ထုတ်ပေးပြီး နောက်ကွယ်က ကြိုးကိုင် ငွေပေးသတ်ခိုင်းသူ ဆရာကြီးဖြစ်နိုင်ချေတစ်ဦးမက ပါဝင်တဲ့ ဇာတ်ကွက် ဆင်ထားပါတယ်။ အဓိက တရားခံဆိုပြီးတော့ ကြိုးကိုင်သတ်ခိုင်းတဲ့ ဆရာကြီးကို ဖော်ထုတ်ခိုင်းထားပါတယ်။

ဥပမာမှာ ကိုယ်ထိလက်ရောက် သေနတ်နဲ့ ပစ်သတ်သူဟာ အဓိကတရားခံဖြစ်ပြီးတော့၊ သေနတ်ထုတ်ပေးပြီး ငွေပေးသတ်ခိုင်းသူ ဆရာကြီး ကတော့ အားပေးကူညီမှု ၃မျိုးထဲက တမင်ကူပံ့ခြင်းဖြင့် အားပေးကူညီသူသာ ဖြစ်ပါတယ်။ ဆိုလိုတာက ဆရာကြီးဟာ ဥပဒေအရ အဓိက တရားခံမဟုတ် ပါဘူး။ ဒီတော့ အဓိက တရားခံ ဖော်ထုတ်ပါဆိုရင် အကြီးအကျယ် မမှားပေဘူးလားခင်ဗျာ။

ဒီဂရီတစ်ခု ထပ်ပြီးမြှင့်လိုက်ပါရစေ။ လူကုန်ကူးမှုနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေမှာ အခမဲ့ဖြန့်ဝေလေ့ရှိပြီး အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ထုတ်တဲ့ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း စာအုပ်မှာပါ။ စာအုပ်မျက်နှာဖုံးမှာ ပြည်တွင်းဌာနတစ်ခုနဲ့ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်းပြန်ဆို ထုတ်ဝေတယ်လို့ ဆိုထားပါတယ်။

စာအုပ်ရဲ့နေရာတချို့တွေမှာ မှားတာတွေ တွေ့ရပါတယ်။ အဲဒီထဲက အပိုဒ်တစ်ခုမှာ ‘တရားရေးဝန်ထမ်းများအား အရေးယူခြင်း’ လို့ တွေ့ရပါ တယ်။ ဒီအပိုဒ်ခေါင်းစီးရဲ့ မူရင်း အင်္ဂလိပ်ဘာသာကို ကြည့်လိုက်တော့ ‘Liability of Legal Persons လို့ တွေ့ရပါ တယ်။

ဥပဒေသမားတွေ သိထားတဲ့ Legal Person  ဆိုတာကို ရှင်းပြပါရစေ။ လူဆိုရာမှာ သဘာဝလူ(natural person) နဲ့ ဥပဒေအရလူ (Legal Person) လို့ရှိပါတယ်။ သဘာဝလူဆိုတာက ရိုးရိုး သက်ရှိထင်ရှားလူပုဂ္ဂိုလ်ကို ဆိုလိုတာပါ။ လူဖြစ်ရင် တရားစွဲဆိုနိုင်ခွင့်ရှိသလို တရားစွဲဆိုခံနိုင်ခွင့်လည်း ရှိပါတယ်။ ဥပဒေအရ လူဆိုတာကတော့ လူတစ်ဦးလို တရားစွဲဆိုနိုင်တဲ့၊ တရားအစွဲခံနိုင်တဲ့ ဥပဒေအရ တည်ထောင်ထားတဲ့ အစုအဖွဲ့၊ အသင်းတွေ ဖြစ်ပါ တယ်။ ကုမ္ပဏီ၊ ဖက်စပ်လုပ်ငန်း၊ သမဝါယမအသင်း၊ တခြား အသင်းအဖွဲ့တွေကို ရည်ညွှန်းပါတယ်။ အစိုးရဌာနတစ်ခုခုလည်း ပါနိုင်ပေမယ့် ဒါတွေ အတွက်က သီးခြား ပြဋ္ဌာန်းချက်တွေ ရှိပါတယ်။ ဆိုလိုတာက ကုမ္ပဏီတစ်ခုက နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းမှာ ပါဝင်ကျူးလွန်ရင် ပါဝင်ကျူးလွန်တဲ့ ကုမ္ပဏီကို ပြစ်မှုကြောင်း၊ တရားမကြောင်း၊ စီမံခန့်ခွဲရေး လမ်းကြောင်းတွေနဲ့ အရေးယူနိုင်အောင် စီမံထားတဲ့ အစီအမံတွေ ဖြစ်ပါတယ်။

ဒီတော့ အသင်းအဖွဲ့တစ်ခုခုက ဆိုခဲ့တဲ့ ပြစ်မှုမှာ ပါဝင်ကျူးလွန်ရင် ဘာမှမဖြစ်ဘဲ တရားရေးဝန်ထမ်းတွေ ကျူးလွန်မှ အရေးယူမယ်ဆိုရင် မခက် ပေဘူးလားခင်ဗျာ။ အဲဒီ အသင်းအဖွဲ့တွေရဲ့ကျူးလွန်မှု ကိစ္စကိုလည်း ကွန်ဗင်းရှင်းမှာ ထည့်သွင်းစဉ်းစားပြဋ္ဌာန်းခြင်း မရှိခဲ့သလို ဖြစ်မနေပေဘူးလား ခင်ဗျာ။

ဒါတွေလောက်တော့ မှားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေလည်း ရှိသေးတာပဲလို့ ရသေ့စိတ်ဖြေပြောလို့ မရပါဘူး။ လူကုန်ကူးမှုဥပဒေနဲ့ ကလေးသူငယ်ဥပဒေရဲ့ တစ်နေရာမှာ မူရင်းအင်္ဂလိပ်စာ Abduction ကို သွေးဆောင်ခေါ်ယူခြင်းလို့ သုံးထားပြီး ကလေးသူငယ်ဥပဒေရဲ့ တခြား တစ်နေရာမှာတော့ ဘာသာမပြန်ဘဲ ချန်ထားတာလား၊ ကွဲလွဲဘာသာပြန်ထားတာလားမသိ ရှိနေပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ မြန်မာ ဘာသာပြန်ဥပဒေကော်မတီက ဘာသာပြန်ဆိုခဲ့တဲ့ ရာဇသတ်ကြီး (ပြစ်မှုဆိုင်ရာ ဥပဒေ) ပုဒ်မ-၃၆၂မှာ Abduction ကို သွေးဆောင်ဆွဲခေါ်မှုလို့ သုံး ထားပြီး၊ အခုအခါ ဒီသုံးနှုန်းမှု အသားသေနေပြီဖြစ်သလို တရားဝင်ဘာသာပြန်မှုလည်း ဖြစ်ပါတယ်။

အမှန်တော့ Abduction ဆိုရာမှာ လူကို သွေးဆောင်ခေါ်ယူတဲ့အခါ အနိုင်အထက်ပြုမှုဖြင့် အတင်းအဓမ္မပြုခြင်း၊ လှည့်ဖြားမှုဖြင့် သွေး ဆောင်ခြင်း တစ်ခုခု ပါရပါတယ်။

ဒီတော့ သွေးဆောင်ဆွဲခေါ်တယ်လို့ သုံးတာနဲ့ သွေးဆောင်ခေါ်ယူတယ်လို့ သုံးတာနဲ့ ဘယ်ဟာ ကောင်းမလဲပေါ့လေ။ ဥပဒေကို ကောက်ယူမှုနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု မှားခဲ့ရင် တစ်သီကြီး မှားသွားနိုင်ပါတယ်။ စဉ်းစားပေးစေချင်ပါတယ်။

မမှားသောရှေ့နေ၊ မသေသော ဆေးသမားမရှိဘူးလို့ ဆိုရိုးရှိပါတယ်။ မမှားသောရှေ့နေဆိုရာမှာ ရှေ့နေရှေ့ရပ်တွေအပြင် ဥပဒေနဲ့ အလုပ်လုပ် ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဥပဒေအရာရှိတွေ၊ တရားရေးအရာရှိတွေလည်း ပါနိုင်ပါတယ်။ ကျွန်တော်လည်းမှားမှာပါ။ သူတို့လည်း မှားကြမှာပါ။ ဒါပေမဲ့ အများပြည်သူကို အသိပညာပေးမှု မှားတာကိုတော့ ပြုပြင်စေချင်တဲ့ စေတနာနဲ့ တင်ပြခြင်း ဖြစ်ပါတယ် ။ မှားမှုတိုင်းမှာ အတိုင်းအတာနဲ့ ပမာဏချင်း မတူ ပေမယ့် အန္တရာယ်ရှိစေလိုက်တာ ချင်းတော့ အတူတူပါပဲ။ တရားသူကြီးတွေက ဥပဒေအတိုင်း အမှန်မကောက်ယူနိုင်ရင် သက်သေခံချက်တွေကို အမှန် မဆင်ခြင်နိုင်လို့ လွဲမှားစွာကောက်ယူရင် အဂတိ တရား ၄ ပါးထဲက မောဟဂတိ ဖြစ်ပါတယ်။ သူတို့တစ်တွေ မှားတာကိုကော ဒီလိုခေါ်နိုင်မလား ခင်ဗျာ။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment