Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး

*****************************************

ဆောင်းပါးကဏ္ဍ

Cronies တွေနဲ့ နိုင်ငံသစ်၏ စီးပွားရေး

ဒေါက်တာခင်မောင်ညို

(ဇွန် ၂၉ ထုတ် BiWeekly ELEVEN အတွဲ (၅) အမှတ် (၁၃) မှ ထုတ်ယူဖော်ပြသည်။)

Crony အကြောင်းပြောချင်ပါတယ်။ Crony ရဲ့ မူလအဓိပ္ပယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ။ ကျွန်တော်တို့ဆီမှာရှိတဲ့ Dictio -nary အတော်များများမှာတော့ Crony ရဲ့ အဓိပ္ပယ်ဟာ ရိုးစင်းတယ်။ (Crony; Close friend of someone especially one of long standing) အနီး ကပ်မိတ်ဆွေ၊ အနီးမိတ်ဆွေ။ ရှေးကတည်းက ခင်မင်တဲ့ မိတ်ဆွေကောင်းမိတ်ဆွေဟောင်းပါပဲ။ ဒါပေမဲ့ ခေတ်သစ်ကိုရောက်လာတော့ စကားလုံးရဲ့ အဓိပ္ပယ်ဟာလည်း ပြောင်းလာတယ်။ Merriam Webster Dictionary မှာကတော့ Crony ဆိုတာ အာဏာရှိသူများနှင့် ပေါင်းစားနေကြသူ စီးပွားရေး သမားများလို့ ဆိုထားပါတယ်။ စာအုပ်ထဲက အတိုင်းဖော်ပြရရင်တော့ A Close friend of someone especially; a friend of someone powerful (such a politician) who is unfairly given special treatment or favours ပါပဲ။ ဥပမာလေး ပေးထားတယ်။ The mayor rewarded his cronies with high paying jobs after he was elected လို့ဖြစ်တယ်။ မြို့တော်ဝန်ဟာ ရွေးချယ်ခံရပြီးတဲ့နောက် သူရဲ့အပေါင်းအသင်း Cronies များကို ပိုက်ဆံရတဲ့ နေရာကောင်းတွေပေးထားတယ်လို့ဆိုတာပါပဲ။

အရည်အချင်းထက်ခင်ရာမင်ရာကို ပစားပေးထားတာမျိုး ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်းပြောတဲ့ ဟာသလေးရှိတယ်။

“ဟို ညွန်ချုပ်ရာထူးလွတ်နေတယ်ဆို”

“မလွတ်တော့ဘူး”

“ဟင် ဘယ်သူ့ကို ပေးလိုက်လဲ”

“မောင်ညစ်ကို”

“ဟုတ်လား အဲဒီရာထူးကို မောင်ညစ်ကို ဘာလို့ပေးတာလဲ”

“သူတော်လို့ပေါ့”

“ဘယ်နေရာမှာတော်လဲ”

“ဆွေမျိုးတော်တာလေ” ဆိုတာမျိုးပေါ့။

ကျွန်တော်နေထိုင်ရာ လမ်း ၃၀ အိမ်မှာ သူငယ်ချင်းမောင်ဘသစ်နဲ့ မကြာခဏတွေ့တတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်ဟာ ကျောင်းက တည်းက ငယ်သူငယ်ချင်းတွေပါ။ သူက အငြိမ်းစားပါမောက္ခဖြစ်တယ်။ စာတော်သလောက် စာအင်မတန်ဖတ်သူဖြစ်တယ်။ သူက ရှုပဗေဒဌာနက ဖြစ်သော်လည်း နိုင်ငံရေးစီးပွားရေးကိုလည်း အတော်သိတယ်။

“ကိုဘသစ်ရောက်လာတာနဲ့ အတော်ပဲ။ ကျွန်တော်မေးစရာလေးရှိလို့ပါ”

“မေးလည်းမေးပေါ့။ ဟိုဘက်လမ်းက ရွှေညာလက်ဖက်ရည်ဆိုင်လည်း သွားကြတာပေါ့” သူက လက်ဖက်ရည်အတော်ကြိုက်သူဖြစ်တယ်။ ကျွန် တော်တို့နှစ်ယောက်ဟာ မြန်မာ့ဓလေ့လို့တောင် ပြောလို့ရတဲ့ ခုံပုလေးတွေမှာ ထိုင်ကာ လက်ဖက်ရည်မှာကြပါတယ်။

“ကဲ ခင်ဗျားသိချင်တာဘာလဲ” ဟုဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံမှာ ခရိုနီ Crony တွေ အများကြီးရှိတယ်ဆိုတာ ဟုတ်လား”

“ဒါကတော့ နိုင်ငံတကာမှာလည်းရှိတယ်လေ။  ဘယ်နေရာမဆို ထုံးစံပဲကွ။ အာဏာရသူဟာလည်း သူကိုယ်တိုင်မလုပ်ချင်တဲ့ Dirty Job တွေ ကို Crony တွေကိုအပ်တယ်။ Crony တွေကို ပစားပေးပြီး ချမ်းသာမှုဝေစုကို သူတို့ရတာကိုး”

“ဘယ်သူတွေကရတာလဲ”

“အာဏာရှိသူက ဝေစုရတာပေါ့”

“ဒါကြောင့် Crony သို့မဟုတ် Cronies ဟာ မူလအဓိပ္ပယ်ကနေ ပြောင်းသွားတဲ့ စီးပွားရေးဝေါဟာရ ဖြစ်လာတာကိုး”

“ဟုတ်ပ ခေတ်ရဲ့လိုအပ်ချက်ပေါ့”

“ဟုတ်ပါတယ် Crony ရဲ့ မူလအဓိပ္ပယ်ကတော့ မိတ်ဆွေကောင်း မိတ်ဆွေဟောင်းပါပဲ”

“ခင်ဗျားမေးတာ ကျွန်တော်အထာနည်းနည်းပေါက်သလိုပါပဲ”  လက်ဖက်ရည်သောက်ရင်းကို ဘသစ်က ပြောပါတယ်။

“သဘောပေါက်ရင် ခုလာမယ့်အပြောင်းအလဲတွေမှာ တွေ့ရမယ့် Cronies တွေအကြောင်း ပြောပါဦး”

“ကျွန်တော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေကြတယ်။ နိုင်ငံရေးပြောင်းလဲတော့ ကျန်တဲ့စီးပွားရေးတို့ ပညာရေးတို့လည်း ပြောင်း လာမှာပေါ့။ ဒီတော့ နိုင်ငံတစ်ခုတိုးတက်တယ်ဆိုတာ စီးပွားရေးကောင်းတာက အတော်လေး အဓိကကျတယ်။ ဒီလိုစီးပွားရေးကောင်းဖို့ဟာ စီးပွားရေး သမားကောင်းတွေ လိုတယ်။ မြန်မာပြည်မှာ စီးပွားရေးသမား နှစ်မျိုှးရှိတဲ့အထဲမှာ Cronies တွေဟာ ချမ်းသာပြီး အခွင့်အလမ်းကောင်းတွေ ရနေသူတွေ ဖြစ်တယ်”

“စီးပွားရေးသမားနှစ်မျိုးဆိုတာ ရှင်းပါဦး။ ဝိသမာလောဘသမားတွေလို့ ဆိုလိုတာလား”

“ကျွန်တော်က အာဏာရှိသူတွေနဲ့ ပေါင်းစားတဲ့စီးပွားရေးသမားတွေနဲ့ စီးပွားရေးကို စီးပွားရေးအမြင်နဲ့လုပ်တဲ့ စီးပွားရေးသမားလို့ ပြောချင်တာ ပါ။ ဘယ်သူက သမာအာဇီဝကျတယ်၊ မကျဘူးလို့ မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးဆိုတာ အမြတ်အစွန်းအတွက် လုပ်တာပဲမဟုတ် လား။ Crony တွေကိုတော့ ငါးသလောက်စီးပွားရေးသမားများလို့ ခေါ်တယ်။ ခင်ဗျားကြည့်လေ ငါးသလောက်ဟာ ပေါင်းစားရင် အရိုးမထိတဲ့အပြင် အရ သာလည်းရှိတာကိုး ဟား ဟား”

“ဒါဆိုရင် ကျွန်တော်က အပြုသဘောမျိုးနဲ့မေးချင်တယ်”

“ဟာဗျာ။ ခင်ဗျားကလည်း မေးတာပဲ မေးစရာရှိရင်မေးပေါ့။ ဘယ်သူကမှ အဖျက်သဘောမျိုးမေးတာ မဟုတ်ဘူး။ မေးလိုက်တဲ့အခါ ပွင့်လင်း သွားတယ်လေ။ သူ့ကို အခွင့်အလမ်းပေးလိုက်တာမျိုးတွေ အများကြီးရှိတယ်”

“ဒါပေမဲ့ တချို့မေးခွန်းတွေဆို မမေးသင့်ဘူးလေ။ ဝန်ကြီးပြုတော့မယ်ကြားတယ်။ ဟုတ်ပါသလားဆိုတာမျိုးပေါ့”

“ဒါလည်း အပြင်မှာ ကောလာဟာလဖြစ်နေလို့ သတင်းထောက်မေးတာဖြစ်မှာပေါ့။ ဝန်ကြီးကမသိရင် ကျွန်တော် မသိပါဘူးလို့ဖြေလိုက်ရင် ပြီး တာပါပဲ။ သိနေရင်လည်း ကောလဟာလဆိုတာ မကောင်းပါဘူး။ လူများထိခိုက်တယ်ဆိုတာမျိုး ပြောလို့ရပါတယ်။ တစ်ခုပဲရှိတယ်။ အရေးကြီးတဲ့ ထုတ် ပြန်ချက်တွေသိဖို့ အခြားသူတွေမေးနိုင်တဲ့ အခွင့်အလမ်းတွေ ပိတ်သွားတာတွေဖြစ်ရင်တော့ မကောင်းဘူး။ ကျွန်တော်တစ်ခါကဖတ်ဖူးတယ်။ သတင်း ထောက်က ဝန်ကြီးကို ခင်ဗျားဘယ်နေ့က ဘယ်ဟိုတယ်မှာ အမျိုးသမီးတစ်ယောက်နဲ့ တွေ့တယ်လို့ ပြောနေကြတယ်။ အဲဒါ ခင်ဗျားဇနီးလည်း မဟုတ် ဘူးတဲ့။ အဲဒါဟုတ်ပါသလားလို့မေးရင် ဘယ်လိုဖြေရှင်းမလဲ”

“အင်း အတော်ဆိုးတာပဲ”

“မဆိုးပါဘူး။ ဝန်ကြီးကဖြေတယ်။ တကယ်တော့ ကျွန်တော့်ညီမက သူ့ယောကျာ်းနဲ့ပြဿနာဖြစ်လာလို့ အိမ်ကိုရောက်လာတယ်။ ကျွန်တော်က လည်း ခရီးထွက်မယ့်ဆဲဆဲဖြစ်လို့ သူကျွန်တော့်နောက်လိုက်လာတယ်။ ကျွန်တော်တို့ ဟိုတယ်မှာတည်းကြတော့ သူလည်းပါလာတယ်။ ဟိုတယ်နာမည် လိပ်စာကို ကျွန်တော်ပေးပါမယ်။ ကျွန်တော်ညီမရဲ့ မှတ်ပုံတင်ကအစ စုံစမ်းလို့ရပါတယ်”

“အင် ဒါဆိုလည်း ဝန်ကြီးဟာ ဖြေရှင်းခွင့်ရလိုက်တာပဲပေါ့”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ဒါဟာ သတင်းစာထဲထည့်လို့ကောင်းတာမျိုးတော့ မဟုတ်ဘူး။ ကိုယ်ရေးကိုယ်တာတွေက အဓိကဖြစ်နေတယ်။ ကျွန်တော်ဆိုလိုတာက ဘယ်မေးခွန်းကမှ အဖျက်သဘောနဲ့ မေးတာမဟုတ်ဘူးလို့ စဉ်းစားလို့ရပါတယ်။ ခင်ဗျားမေးစရာရှိရင် တည့်တည့်သာမေးပါ။ မြန်မာတွေက မေးခွန်းမေးတာတွေရော မေးခွန်းမေးခံရမှာကော ကြောက်နေတယ်”

“ဟုတ်ကဲ့ပါ ကိုဘသစ်ရာ။ မြန်မာပြည်ဟာ ခုလိုပြောင်းလဲတဲ့ခါတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ရောက်လာမယ်။ ဒီအခါမှာ Cronies တစ်စု ကပဲ ကြီးပွားလာမယ်လို့ ထင်တယ်။ အဲဒါ ဟုတ်ပါသလား”

“ဒါအများကြီးဖြစ်နိုင်တာပေါ့။ သူတို့မှာ အရင်းအနှီးတွေအများကြီးရှိလို့ လုပ်ငန်းတွေအများကြီးလုပ်နိုင်မှာ အသေအချာပေါ့။ ဒါပေမဲ့ အခြားလူ တွေလည်း စီးပွားရေးလုပ်ငန်းမှာ တစ်စတစ်စနဲ့ ဝင်တိုးလာလို့ ရလာနိုင်ပါတယ်။ ဘယ်နေရာမဆို ဒီလိုပဲဖြစ်မှာပါ။

“ခက်တော့ခက်မှာပေါ့နော်”

“ခက်မှာပဲ။ ခုလို ပြောင်းလဲလာတဲ့အါ စီးပွားရေးလုပ်ငန်းတွေ အားလုံးကို ပွင့်လင်းမြင်သာအောင် ဥပဒေတွေနဲ့ ထိန်းရမယ်။ အချိန်တော့ကြာ မယ်။ အမှားအယွင်းတွေ ရှိဦးမှာပဲ။ ဒါကို လက်ခံကြရမယ်။ မြန်မာလူငယ်တွေဟာလည်း Business Tycoon တွေ ဖြစ်လာနိုင်တာပဲ။ သူတို့မှာ ကြိုးစား နိုင်တဲ့အခွင့်အရေးတွေ ရှိလာနိုင်တယ်။ ဥပဒေနဲ့ ထိန်းနိုင်ပြီး တိုင်းပြည်ဟာပွင့်လင်းမြင်သာလာတဲ့အခါ Cronies တွေရဲ့ လက်ဝါးကြီးအုပ်မှုဟာ နည်း လာမယ်။ သူတို့လည်း သဘောပေါက်ပြီး ဈေးကွက်စီးပွားရေးစနစ်မှာ အမှန်အကန်နည်းလမ်းက ပါဝင်လာမှာပါပဲ”

“သူတို့တွေနဲ့ လွယ်ပါ့မလား”

“သူတို့ကို တိုက်ထုတ်တယ်ဆိုတာ မမှန်တဲ့လမ်းပါ။ စီးပွားရေးမှာ မှန်မှန်ကန်ကန်နဲ့ ယှဉ်ပြိုင်သွားရမယ်။ အစိုးရကလည်း လက်ဝါးကြီးအုပ်တဲ့ စနစ်မဖြစ်အောင် ထိန်းရပါတယ်။ အမေရိကန်မှာ အဲဒီလိုဥပဒေရှိတယ်”

“ဟုတ်ကဲ့”

“ဒီခေတ်မှာ ပညာနဲ့လည်း ချမ်းသာလို့ရတယ်။ Bill Gate တို့၊ Steve Jobs တို့ Michael Dell တို့ဆိုရင် လူငယ်လေးတွေ ဘာအရင်းအနှီးမှမရှိ ဘဲ ချမ်းသာလာတယ်”

“သူတို့က Technocrat တွေမဟုတ်လား။ ပညာတော်တယ်လေ”

“ဟုတ်တယ် ဝါရင်းဘို့ဖတ်ဆိုရင် ရင်းနှီးမြုပ်နှံမှုကနေ ချမ်းသာလာတယ်။ ဝေါ့ဒစ္စနီကော အကြိမ်ကြိမ်ဒေဝါလီခံရတဲ့ ကာတွန်းရုပ်ရှင် ထုတ်တဲ့ သူပါ”

“ခင်ဗျားပြောတာ ဟုတ်ပါတယ်”

“အခွင့်အလမ်းတွေရရင် အဆင်ပြေလာနိုင်ပါတယ်။ တိကျတဲ့ဥပဒေတွေနဲ့လုပ်ရင်ကြိုးစားတဲ့ လူတော်တွေဟာ ချမ်းသာလာနိုင်ပါတယ်။ သူတို့ ဟာ Crony ဖြစ်စရာမလိုပါဘူး။ ခင်ဗျားကို ဝါရင်းဘို့ဖတ်ရဲ့ စာတွေ ပေးဖတ်ဦးမယ်”

“ကိုဘသစ်က Cronies တွေကို ထောက်ခံတာပေါ့ ဟုတ်လား”

“ဒါကတော့ ကျွန်တော်တို့ရဲ့ ရွေးချယ်ဖို့လမ်းတွေအများကြီးထဲမှာ ဒါဟာ မလွဲမသွေ ရင်ဆိုင်ရမယ့်လမ်းပါပဲ။ Crony တွေကို လမ်းကြောင်းတည့် ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပွင့်လင်းတဲ့ခေတ်မှာ သူတို့လည်း မကောင်းတာတွေလုပ်လို့မရဘူး”

“ပြဿနာတော့ အကြီးကြီးပဲ”

“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ကျွန်တော်တို့တစ်တွေ ကြိုးစားလုပ်ဆောင်မှုပေါ်မှာ မူတည်နေတယ်။ အားလုံးသဘောပေါက်တာတွေနဲ့ သက် ဆိုင်တယ်”

“အားလုံးကြိုးစားကြမှာပါ”

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment