Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အသွင်းပြောင်း မြန်မာနိုင်ငံခြားဆက်ဆံရေး

*****************************************

ဆောင်းပါးကဏ္ဍ

အသွင်းပြောင်း မြန်မာနိုင်ငံခြားဆက်ဆံရေး

ဇေယျသူ

(ဇွန်လ (၇)ရက်နေ့ထုတ် The Voice Weekly ဂျာနယ်အတွဲ (၈) အမှတ် (၂၉)မှ ထုတ်ယူဖော်ပြသည်။)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ရန်ကုန်နှင့် နေပြည်တော် အခမ်းအနားများတွင် မြင်တွေ့ရတော့မည်။ သမ္မတကြီးဦးသိန်းစိန် ဗြိတိန်နိုင်ငံသို့ ခရီးထွက်တော့မည်။ မြန်မာနိုင်ငံအကြောင်း စပ်နှံ့လှသည်ဆိုသော မည်သည့်ပညာရှင်မဆို လွန်ခဲ့သောတစ်နှစ်ကျော်အတွင်း လောက ကြီးနှင့် အဆက်ပြတ်နေပါက ယခုအဖြစ်အပျက်များကို အိပ်မက်ပမာ ထင်နေလိမ့်မည်။ တစ်နည်းပြောရလျှင် အစိုးရအသစ်တက်အပြီး တစ်နှစ်ကျော် အတွင်း ယူပစ်လိုက်သလို ပြောင်းလဲသွားသည်မှာ နိုင်ငံခြားဆက်ဆံရေးဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ ဥဒဟိုလာနေသော အကျော်ဇေယျပုဂ္ဂိုလ်တို့ကိုကြည့်လျှင်ပင်  မြန်မာနိုင်ငံခြားဆက်ဆံရေးကို ဂရုပြုနိုင်သည်။ အကျော် အမော်သံတမန် ဟီလာရီကလင်တန်၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ တောင်ကိုးရီးယားသမ္မတ၊ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း စသည့် ပုဂ္ဂိုလ်ကြီးတို့သည် သီတင်းပတ်တိုင်လိုလို ဝင်လာမစဲ ရှိနေကြသည်။ ဆက်စပ်သံရုံးများ၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာများမှာ ဝန်ပိကြ သည်အထိ အလုပ်များကြသည်။ အချို့သံရုံးတို့ဆိုလျှင် ဝန်ထမ်းထပ်မံ တိုးချဲ့ကြရသည်။ သို့တိုင် သံရုံးတို့၏ အလုပ်ခွင်ပြက္ခဒိန်များတွင် လာမည့်ခရီးစဉ် များက အပြည့်။ သင်္ကြန်ရက်တစ်ရုံးလုံး ခရီးထွက်လေ့ရှိကြသည့် သတင်းမီဒီယာများလည်း “လာလည်းလာနိုင်ကြပါပေ့”ဟု ညည်းယူရသည်။

အောက်ပါအချက်များမှ အသွင်သစ် မြန်မာ့နိုင်ငံခြားဆက်ဆံရေး၏ စရိုက်လက္ခဏာများဖြစ်သည်။

ပုံရိပ်ကောင်း

မြန်မာနိုင်ငံ၏ပုံရိပ်သည် နိုင်ငံတကာတွင် ပြောင်းသွားခဲ့သည်။ မြန်မာဆိုသောဝေါဟာရသည် နိုင်ငံတကာတွင်  နှုတ်တရွရွ ရွတ်ဆိုရသော စကားလုံး ဖြစ်လာသည်။ ပညာရှင်များက မြန်မာ့ဖြစ်ရပ်ကို ကြံဆောင်ကြ၊ ချဉ်းကပ်ကြ ပုစ္ဆာထုတ်ကြ လုပ်လာကြသည်။ နိုင်ငံတကာမီဒီယာတို့သည် မြန်မာနိုင်ငံအကြောင်းကို အဆိုးဘက်မှရေးခဲ့ရာမှ အကောင်းဘက်သို့ ဦးတည်လာကြသည်။ ယခင်က နိုင်ငံရေးကိုသာ အားပြုခဲ့သော်လည်း စီးပွားရေး လူမှုရေးတို့ဘက်သို့ပါ ကူးပြောင်းဖော်ပြလာကြသည်။ စာရင်းဆိုး အမှတ်ပေးဇယားဆိုးတို့တွင် မြန်မာနိုင်ငံ အောက်သို့ကျလာသည်။ အပေါင်းလက္ခဏာ ဆောင်သော ပုံရိပ် (Positive Image) နိုင်ငံတကာတွင် ပေါ်ထွန်းလာခဲ့သည်။

အနောက်နိုင်ငံကြီးများနှင့် ဆက်ဆံရေး

အနောက်နိုင်ငံများနှင့်ဆက်ဆံရေး အကောင်းဘက်သို့ သိသာစွာ ပြောင်းလဲသွားသည်။ အဓိက သဲကြီးမဲကြီးဝေဖန်သူများဖြစ်သည့် ဥရောပ သမဂ္ဂရော အမေရိကန်ပြည်ထောင်စုကပါ အရေးယူပိတ်ဆို့မှုများ ဆိုင်ငံ့လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ပေးခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုတွင် အမာခံထောက်ပံ့သူဖြစ်သည့် နော်ဝေသည် မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုကို ပထမဆုံး အဆုံးသတ်လိုက်သည့် အနောက်နိုင်ငံ ဖြစ်လာသည်။ မြန်မာအစိုးရအဖွဲ့ဝင်များ၊ လတ်တော်ကိုယ်စားလှယ်များသည် အနောက်နိုင်ငံများသို့ သွားရောက် လေ့လာကြသည်။ အနောက်နိုင်ငံများမှ  ကမ္ဘာကျော်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံအတွင်းသို့ဝင်ရန် ခြေလှမ်းပြင်လာကြသည်။ သို့သော် ဆက်ဆံရေးပြေလည်လာချိန်တွင် ထိုနိုင်ငံတို့ ချည့်နဲ့ချိန်နှင့် တိုက်ဆိုင်နေသောကြောင့် အားကောင်းချိန်ကလောက် အကူအညီအထောက်အပံ့တို့ ရနိုင်ခြေမရှိ။

နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်ဆံရေး

ကုလသမ ဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ အာရှဖွံ့ဖြိုးဘဏ်စသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကောင်းမွန်လာခဲ့သည်။ အဆိုပါအဖွဲ့အစည်းများတွင် ငွေအများအပြားထည့်ဝင်ထားသလို သြဇာညောင်းသည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန် စသည့် အလှူရှင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းလာခြင်းသည် အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံ၏ မီးစိမ်း ပြခြင်းသည် ထိုအဖွဲ့အစည်းကြီးမျာ၏ ငွေကြေးနှင့် နည်းပညာအကူအညီများရရှိရန် လမ်းခင်းပေးခဲ့သည်။ မြန်မာနိုင်ငံ အပူတပြင်းလိုအပ်သည့် အခြေခံ အဆောက်အဦး (လမ်း၊ တံတား၊ လျှပ်စစ်) တို့အတွက် ချေးငွေထောက်ပံ့ငွေတို့ လမ်းပွင့်သွားသည်။

ဖြန့်ကြက်ခြင်း

“Don’t pull on your eggs in one basket” ခြင်းတစ်ခြင်းတည်းတွင် ကြက်ဥအားလုံးမထည့်ရ။

မြန်မာ့နိုင်ငံခြားဆက်ဆံရေး၏ အဓိကအောင်မြင်မှုမှာ Diversification ခေါ် ဖြန့်ကြက်ခြင်း၊ ရွေးချယ်စရာများလာခြင်း ဖြစ်သည်။ နိုင်ငံတကာ ရေးရာများတွင် နိုင်ငံအနည်းငယ်ကိုသာ မှီခိုရမှု လျော့ကျသွားသည်။

သို့သော် မြန်မာနိုင်ငံခြားဆက်ဆံရေးတွင် အခြားနိုင်ငံနှင့် ပြေလည်အေင်ကြိုးစားရင်း အခြားတစ်နိုင်ငံနှင့် ဆက်ဆံရေးလျော့ကျစေခြင်း မရှိ စေသင့်ပါ။ နိုင်ငံတစ်နိုင်ငံနှင့် ဆက်ဆံရေးကိုထိန်းထားရင်း အခြားနိုင်ငံတစ်နိုင်ငံနှင့်ဆက်ဆံရေးကို တိုးတက်အောင် ဆောင်ရွက်နိုင်လျှင် အတိုင်း ထက်အလွန်ပင် ဖြစ်သည်။

မြောက်ကိုးရီးယာနှင့်ဆက်ဆံရေး၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတို့သည် မြန်မာနိုင်ငံခြားဆက်ဆံရေးတွင် မကြာခဏ မီးမောင်းထိုးခံရသော ဆက်ဆံရေးများ ဖြစ်သည်။ အခြားနိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လာမှုကြောင့် အဆိုပါနိုင်ငံများနှင့် ဆက်ဆံရေးကျဆင်းနိုင်သည်ဟု ထင်ကြေး ပေးခြင်း ခံရသည်။ တောင်ကိုးရီးယားသမ္မတ လာရောက်အပြီးတွင် တောင်ကိုရီးယား-မြန်မာဆက်ဆံရေး တိုးတက်လာခဲ့သလို မြောက်ကိုးရီးယား- မြန်မာဆက်ဆံရေး အားနည်းသွားနိုင်သော်လည်း မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယားနှင့်ပတ်သက်သည့် နိုင်ငံတကာပုံရိပ် ကောင်းလာခဲ့သည်။ မြစ်ဆုံ ရေးအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်အပြီးတွင် တရုတ်-မြန်မာဆက်ဆံရေး ကျဆင်းသွားမည်ဟု ထင်ကြေးပေးလာကြသည်။ သို့သော် မြန်မာအစိုးရနှင့် အစဉ်အဆက် (ပါလီမန်ခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ ဆိုရှယ်လစ်ခေတ်၊ SPDCခေတ်) သည် တရုတ်ကို အမြဲဂရုထား စဉ်းစား ခဲ့သလို မြန်မာနိုင်ငံသည် တရုတ်၏ စွမ်းအင်အကျိုးစီးပွား၊ပထဝီအကျိုးစီးပွားတို့တွင် မဟာဗျူဟာမြောက် အရေးပါလာသောကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ဆက်လက်နွေးထွေးနေဦးမည်။

အိမ်နီးချင်းရွေးချယ်မရနိုင် “One cannot choose his or her neighbours” ဟုဆိုသည့်အတိုင်း ပြောင်းပြေးမရသည့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးသည် နိုင်ငံတိုင်းအတွက် အထူးအရေးကြီးသည်။ မြန်မာနိုင်ငံသည်လည်း ရွေးချယ်စရာများလာသည့်တိုင် အိမ်နီးချင်းများနှင့် ဆက်ဆံရေး အပေါ် အဓိကအာရုံစိုက်ရဦးမည်။ မြန်မာ့အိမ်နီးချင်းနိုင်ငံများအနက် အိန္ဒိယနှင့် တရုတ်တို့မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံငယ်သလောက် ဆင်းရဲမွဲတေမှုမြင့်သလို လူဦးရေသိပ်သည်းဆ မြင့်မားနိုင်သည့်နိုင်ငံ ဖြစ်သည်။ တရုတ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးဘက် ပေါင်းစုံတွင် အင်အားကြီးနိုင်ငံဖြစ်လာရန် တာစူနေသည့်နိုင်ငံ ဖြစ်သည်။ အိန္ဒိယမှာ တရုတ်နှင့် ပြိုင်ဘက်အဖြစ်လည်းကောင်း၊ တရုတ်နှင့် အင်အားချိန် ခွင်လျှာညှိရန် နိုင်ငံအဖြစ်လည်းကောင်း ရှုမြင်ခံထားရသည့် ဒေသတွင်းအင်အားကြီးနိုင်ငံ ဖြစ်သည်။

အင်အားကြီးနိုင်ငံများ ပြိုင်ဆိုင်မှုတွင် (Rivalry of Powers) သို့ မြန်မာနိုင်ငံ မသိလိုက်မသိဘာသာ စီးမျောမသွားအောင် သတိထားရမည်။ မြန်မာနိုင်ငံသည် ထိုအန္တရာယ်ကို ကောင်းစွာသိမြင်ကြောင်း စစ်အေးကာလတစ်လျှောက်လုံး မြန်မာ့နိုင်ငံခြားရေးမူဝါဒကိုကြည့်လျှင် မြင်နိုင်သည်။

နိုင်ငံရေး၊ စီးပွားရေး၊ ဆက်ဆံရေး

လတ်တလောတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများဆက်ဆံရေးသည် နိုင်ငံရေးရော စီးပွားရေးပါ ပူးတွဲပါဝင်နေသည်။ နိုင်ငံခေါင်းဆောင်များနှင့် အတူ စီးပွားရေးခေါင်းဆောင်များ ခပ်လျှိုလျှိုတစ်နည်း မြင်သာထင်သာတစ်ဖုံ ပါလာကြသည်။ အကွက်အကွင်းကြည့်ပုဂ္ဂိုလ်များက သီးသန့်လာတတ် သည်။ စီးပွားရေးအကွက်အကွင်းအရ နောက်ဆုံးနယ်မြေသစ် (Last Frontier) အဖြစ် ရှုမြင်ခြင်းသည် အရှေ့အနောက်မဟူ၊ အနီးအဝေးမခြား၊ အစိမ်း အကျက်မရွေး မြန်မာနိုင်ငံအပေါ် ဘုံသဘောထားပင် ဖြစ်သည်။

ပြည်တွင်းနိုင်ငံရေး

မြန်မာနိုင်ငံခြားဆက်ဆံရေးတွင် “သံခင်းတမန်ခင်းပိုမိုတက်ကြွလှုပ်ရှားခြင်း” Active Diplomacy ကြောင်)