Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. သမိုင်းကောင်းဖို့

*****************************************

ဆောင်းပါးကဏ္ဍ

သမိုင်းကောင်းဖို့

မိုးမြင့်ငြိမ်း

သမိုင်းထဲရှိ ခေါင်းဆောင်များစွာထဲတွင် သမိုင်းကို ကောင်းအောင် ထုဆစ်သွားခဲ့သည့်သူများလည်း ရှိသလို သမိုင်းကို အရုပ်ဆိုးအကျည်းတန် သွားအောင် ဆောင်ရွက်သွားခဲ့သူများလည်း ရှိသည်။ သမိုင်းကိုသိထားလျှင် သမိုင်းအမှားထဲမှ သင်ခန်းစာယူနိုင်သည်။ သမိုင်းသစ်ကို လှလှပပ ထုဆု နိုင်မည်။ ထိုကြောင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက သမိုင်းသင်တာ “မအအောင်လို့” ဟု မှတ်ချက်ပေးခဲ့ဖူးသည်။ သမိုင်းထဲတွင် လေ့လာစရာ များစွာ ရှိပါသည်။ သမိုင်းအထောက်အထားများကို ရှာဖွေသည့် ပင်မရေစီးကြောင်း သမိုင်းပညာရပ်မှာ ဘာသာရပ်တစ်ခုအနေဖြင့် အခိုင်အခန့်ရှိခဲ့ သည်မှာ ကြာမြင့်လေပြီဖြစ်သည်။

သမိုင်းဆိုသည်မှာ လူမှုရေးသိပ္ပံပညာရပ်တစ်ခုဖြစ်သည်နှင့် အညီ သမိုင်းကို ဘာသာရပ်မှန်ပြောင်းများဖြင့် ကြည့်နိုင်လျှင် အတွေးအခေါ်အရ ရော၊ လက်တွေ့ဆောင်ရွက်ချက်များတွင်ပါ အသုံးဝင်မည်ဖြစ်သည်။ ပုဂံသမိုင်းကို ဖတ်ရှုလေ့လာနေသောသူတစ်ဦးသည် ပုဂံယဉ်ကျေးမှု၏ သမိုင်း အထောက်အထားများကို လေ့လာမှုထက်ကျော်လွန်ကာ ပုဂံနိုင်ငံရေးသမိုင်း၊ စီးပွားရေးသမိုင်း၊ လူမှုရေးသမိုင်းများကို သရုပ်ခွဲစိစစ်နိုင်လျှင် ပိုမို အဖိုး တန်မည်။ ပုဂံနိုင်ငံ၏ နိုင်ငံရေးအင်စတီကျူးရှင်းများ၊ စီးပွားရေးအင်စတီကျူးရှင်းများ မည်သို့ ပေါ်ထွန်းလာပုံ၊ လူမှုရေးနှင့် ဘာသာရပ်အင်စတီကျူး ရှင်းများ ပေါ်ထွန်းလာပုံတို့ကို လေ့လာလျှင် အမှန်တကယ် အဖိုးတန်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံ၏ သမိုင်းအစဉ်အလာကို အလေးထားကြသည်မှာလည်း ဤအချက်ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေါင်းဆောင်ကောင်းရပြီး ယဉ်ကျေးမှုထွန်းကာလာလေတိုင်းအရှေ့တောင် အရှနိုင်ငံများအား သြဇာလွှမ်းမိုးနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ဂလိုဘယ်လိုက် ဇေးရှင်းလိုင်းများ ရိုက်ခတ်လာသည့် ကုန်းဘောင်ခေတ်နှောင်းပိုင်း အာရှနိုင်ငံများထဲတွင် ပထမဦးဆုံး စက်မှုနိုင်ငံကို တည်ထောင်နိုင်သည့် နိုင်ငံလည်း ဖြစ်သည်။ တနည်းဆိုရလျှင် မြန်မာလူမျိုးမှာ မျိုးရိုးဗီဇအားဖြင့် စွမ်းရည်ရှိသည်ဟု ယေဘူယျ ဆို၍ရနိုင်သော်လည်း အားနည်းချက်များ ရှိနေသည်။ အာရှ တွင် မြန်မာကုန်းဘောင်ခေတ်နှင့်အပြိုင် ဂျပန် (မေဂျီခေတ်) သည်လည်း စက်မှုထူထောင်ရေးကို လုပ်ဆောင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံလို တွန့်ဆုတ် တွန့်ဆုတ်လုပ်ခဲ့သည်မဟုတ်၊ တံခါးကျယ်ကျယ်ဖွင့်ပေးခဲ့သည်။ ထို့အတွက်ကြောင့် ဂျပန်နိုင်ငံမှာစက်မှုဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်များစွာရရှိသွားခဲ့သည်။

မြန်မာနိုင်ငံကိုစက်မှုထူထောင်ရေးကိုကုန်းဘောင်ခေတ် ခေတ်မီရေး ရှေ့ဆောင်ပုဂ္ဂိုလ်များက အားတက်သရော ဆောင်ရွက်ခဲ့သော်ငြားလည်း နိုင်ငံရေးနှင့် ဘာသာရေးအကန့်အသတ်များနှင့် ကြုံတွေ့ခဲ့ရသည်။ ၁၇ရာစုနှင့် အင်္ဂလန်နိုင်ငံလို ဖြစ်နေခဲ့သည်။ စက်မှုထူထောင်ရေးအတွက် ကုန် ပစ္စည်းအသစ်များတီတွင် ဖန်တီးနိုင်သည့် အရည်အချင်းရှိသော စွန့်ဦးတီတွင်သူများ၏ ကုန်ထုတ်လုပ်မှုအသစ် တောင်းဆိုမှုများကို နိုင်ငံရေးမတည် မငြိမ် ဖြစ်ပေါ်လာမည်စိုးရိမ်၍ ငြင်းဆန်ခဲ့သည်။ ဘောဂဗေဒပညာရှင် ဂျိုးဇက်ရွှန်းပီတာဆိုခဲ့သလို တီတွင်ဖန်တီးမှု အဖျက်စွမ်းအားကို ကြောက်ရွှံ့ခြင်း ကြောင့်ဖြစ်သည်။ သူ၏အဆိုအရ လူ့အဖွဲ့အစည်းတစ်ခုတွင် ဈေးကွက်ရှိလျှင် စွန့်ဦးတီတွင်သူများ၏ တီတွင်ဖန်တီးမှုများလည်း ရှိမည်။ ယင်း တီတွင် ဖန်တီးမှုများက တည်ဆဲလူမှုရေးအစီအစဉ်ကို ရိုက်ခတ်နိုင်သည်။ လူမှုရေးမတည်မငြိမ် ဖြစ်ပေါ်လာပြီး နိုင်ငံရေးသြဇာအပေါ် စိန်ခေါ်မှုများရှိလာနိုင် သည်ဟု ဆိုသည်။

ထိုသို့ ကုန်းဘောင်ခေတ် ခေတ်မီရှေ့ဆောင်ပုဂ္ဂိုလ်များ၏ ကြိုးစားအားထုတ်မှုကြောင့် ရတနာပုံနေပြည်တော်တွင် မီးခိုးတလူလူ ထွက်နေ သော စက်ရုံများ ပေါ်ထွန်းလာခဲ့သော်လည်း နိုင်ငံရေးအင်စတီကျူးရှင်းများ မပြောင်းနိုင်ခဲ့သည့် (စည်းမျဉ်းခံဘုရင်စနစ်) အတွက်ကြောင့် စက်မှုထူ ထောင်ရေးမှာလည်း မအောင်မြင်ခဲ့သလို သူ့ကျွန်လည်းဖြစ်ခဲ့သည်။ ယောင်အတွင်းဝန် ဦးဘိုးလှိုင်ကဲ့သို့သော ပြုပြင်ပြောင်းလဲရေးပညာရှိ အမတ်က သီပေါ ဘုရင်ကိုဆုံးမသည့် ရာဇသင်္ဂဟကျမ်းတွင် နိုင်ငံ၏ စီးပွားရေးအင်စတီကျူးရှင်းများ၏ လုပ်ဆောင်ချက်ကို ပြင်ဆင်ရန်နှင့် စည်းမျဉ်းခံ ဘုရင်စနစ် ကို ကျင့်သုံးရန်တို့ပါဝင်သည်။ နောက်ထပ် ပညာရှိ ပြုပြင်ပြောင်းလဲရေးအမတ်တစ်ဦးမှာ ကင်းဝန်မင်းကြီးဖြစ်သည်။ သံတမန်ပရိယာယ် ကြွယ်ဝသည့် ကင်းဝန်မှာ ဗြိတိန်နိုင်ငံသို့ သံတမန်ခရီးသွားခဲ့စဉ်က အနောက်နိုင်ငံ၏ အင်စတီကျူးရှင်းများ အားကောင်းကောင်းနှင့် ဖွံ့ဖြိုးလျက်ရှိနေသည်ကို လျော့ (Shock) ရသွားပုံရှိသည်။ သူတို့လိုလားသည့် သီပေါကို နန်းတင်၍ စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးရန်တနည်း နိုင်ငံရေးအင်စတီကျူးရှင်းကို ဖန်တီး ရန် အားထုတ်ကြိုးပမ်းခဲ့သည်။

သို့သော်…..ဤသို့သော်ကပင် မြန်မာ့လူ့အဖွဲ့အစည်း ကြွယ်ဝဖို့ အဟန့်အတား ဖြစ်မည်ထင်သည်။ အာဏာနိုင်ငံရေးလုပ်ပိုင်ခွင့်နှင့် လူမျိုး၏ မျိုးရိုးဗီဇတွင် လွှမ်းမိုးနေသည့် တိုက်ချင်ခိုက်ချင်သည့်စိတ်တို့ ပူးပေါင်းလိုက်သည့်အခါ တိုင်းပြည်ကျွမ်းပြန်သွားခဲ့သည်။ တိုင်းတာမင်းကြီးလို စစ်လိုလား သည့် သြဇာရှိအမတ်နှင့် စုဖုရားလတ်လို ကန့်လကာနောက်ကွယ်က အာဏာရှင်တို့ပေါင်းပြီး အင်္ဂလိပ်တို့ကို စစ်ကြေညာခဲ့သည်။ နိုင်ငံတကာ အတွေ့ အကြုံမရှိသော စုဖုရားလတ်မှာ ဗြိတိသျှကို ယိုးဒယားနိုင်ငံလောက်ပဲရှိသည်ဟု ထင်မှတ်ခဲ့ပုံရသည်။ အမှန်စင်စစ်တွင် ကုန်ဘောင်းခေတ်နှောင်းပိုင်း တိုင်းပြည်ဝန်ကိုထမ်းခဲ့သည့် ခေတ်မီရေးရှေ့ဆောင်ပုဂ္ဂိုလ်များမှာ တိုင်းပြည်ကို ကျူးကျော်ဝင်ရောက်ချင်နေသည့် အနောက်နိုင်ငံများ၏ အန္တရာယ်နှင့် ယင်းနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို သဘောပေါက်နားလည်သည့်အလျှောက် တိုင်းပြည်ကိုပြုပြင်ရန် စေတနာအပြည့်ဖြင့် ကြိုးစားခဲ့သူများဖြစ်သည်။ မင်းတုန်းမင်းကြီးကျင့်သုံးခဲ့သည့် သံတမန်ပရိယာယ်တွေအတိုင်း အင်္ဂလိပ်နှင့် ပြင်သစ်နိုင်ငံတို့နှင့် ပြဿနာအနည်းဆုံးဖြစ်အောင်၊ စူပါပါဝါများကြား မိမိတို့နိုင်ငံမနစ်နာစေရန်နှင့် ကြားခံစစ်ပွဲ (Proxy war) မဖြစ်ပေါ်စေရန် သံခင်းတန်မံခင်းနည်းလမ်းများကို ပါးပါးနပ်နပ် ကျင့်သုံးခဲ့ပါသည်။ သို့သော် မအောင်မြင်ခဲ့ပါ။

ဤသည်မှာ ကုန်းဘောင်ခေတ်နှောင်းပိုင်းကို ဖော်ကျူးထားသည့် သမိုင်းတခန်းရပ် ပြဇတ်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံရေးအင်စတီကျူးရှင်းများ၊ စီးပွားရေးအင်စတီကျူးရှင်းများကို တီတွင်ဖန်တီး အကောင်အထည်ဖော်နေရသည့် ယခုလိုအခါ မျိုးတွင် သမိုင်းထဲကအမှားမျိုး မဖြစ်ပေါ်အောင်နှင့် သမိုင်းအမှားကိုယူနိုင်အောင် ကောင်းမွန်သည့် သမိုင်းသစ်ကိုဖန်တီးနိုင်ဖို့ နိုင်ငံရေးအင်အားစုများ အားလုံးတွင် တာဝန်ရှိပါကြောင်း…….။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment