Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၈.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ယိုယွင်းပျက်စီးမှုများအကြား တွားသွားသွားနေရသည့် မြန်မာ့စီးပွားရေး

(Economist စာစောင်မှ 5 July 2012 ရက်စွဲပါ Myanmar’s economy, Crawling up through the wreckage ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ယိုယွင်းပျက်စီးမှုများအကြား တွားသွားသွားနေရသည့် မြန်မာ့စီးပွားရေး

(Economist စာစောင်မှ 5 July 2012 ရက်စွဲပါ Myanmar’s economy, Crawling up through the wreckage ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာသည် ဒေသတွင်းနိုင်ငံများ၏ တိုးတက်မှုနှင့်နှိုင်းယှဉ်ပါက နောက်ဘက်တွင်များစွာ ပြတ်ကျကျန်ရစ်ခဲ့ပြီ ဟူသောအချက်ကို မြန်မာပြည်သို့ သွားရောက်လည်ပတ်သူများ ရှင်းရှင်းလင်းလင်း သိမြင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။

ယခင်မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မြို့တွင် အခြားသောအာရှနိုင်ငံမြို့ကြီးပြကြီးများ တွေ့မြင်ရလေ့ရှိသည့် အအေးခန်း ရှော့ပင်းမောလ်ကြီး များနှင့် ကုန်တိုက်ကြီးများထက် ယိုယွင်းပျက်စီးနေပြီဖြစ်သော ကိုလိုနီခေတ်လက်ရာ အဆောက်အအုံဟောင်းများကိုသာ တွေ့မြင် ရသည်။ အမှန်ပြောရလျှင် အာဆီယံဒေသမှ မြို့ကြီးများဖြစ်သည့် ကွာလာလမ်ပူ သို့မဟုတ် ဘန်ကောက်ကဲ့သို့သော မြို့များနှင့် ရန်ကုန်ကို နှိုင်းယှဉ် ကြည့်ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ လွဲမှားစွာ အုပ်ချုပ်လာသည့် စစ်ဗိုလ်ချုပ်ကြီးများ အဘယ်ကြောင့် အပြောင်းအလဲဖြစ်ရန်

မလွဲမရှောင်သာ ပြုလုပ်လာကြသည်ဟူသော ကိစ္စအတွက် အကြောင်းပြချက်များစွာ ရှိသည့်အနက် ရန်ကုန်နှင့် ကွာလာလမ်ပူ သို့မဟုတ် ဘန်ကောက်အကြား ဝမ်းနည်းစရာကောင်းလောက်အောင် ကံတရားများ မတူညီမှုသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လွန်ခဲ့သည့် ၁၉၆၄ ခုနှစ်တွင် ထုတ်ဖော်ခဲ့သော "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်စနစ်က ဖန်တီးပေးခဲ့သည့် ပျက်စီးယိုယွင်းမှုအတိုင်းအတာကို လက်ရှိအချိန်တွင် အပြည့်အဝ မြင်တွေ့နေရသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလမှစတင်ကာ နိုင်ငံရေး၊ စီးပွားရေးတံခါးဖွင့် မူဝါဒကျင့်သုံးခဲ့ခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းများ ရရှိလာသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ မတိုင်မီကဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေမှာ မြောက်ကိုရီးယားအတိုင်းပင် အထီးကျန် ဖြစ်နေခဲ့ရသည်။ မြန်မာ့စီးပွားရေး၏ ပကတိအခြေအနေမှန်များနှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ယခု ရက်သတ္တပတ်အတွင်း အစီရင်ခံစာတစ်ရပ်ထုတ်ပြန်သည်။ အစီရင်ခံစာတွင်ပါသော သုံးသပ်ချက်များမှာ တစ်ခုမှ အားရစရာမရှိပေ။

တစ်ချိန်တစ်ခါက ကြွယ်ဝချမ်းသာခဲ့သည့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ တာမျှ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်ကြောင့် နိမ့်ကျ သွားရပုံများကို လှစ်ပြ ထားခြင်းဖြစ်သည်။ ကဏ္ဍအသီးသီးရှိနေသော အလားအလာများနှင့် အခွင့်အလမ်းများကြောင့် အဆီရစ်ကာ မူးယစ်ရီဝေနေသည့် အကောင်းမြင်လွန်းသူ ရင်းနှီးမြှုပ်နှံသူများကိုပင် ADB ၏ အစီရင်ခံစာက မျက်လုံးပြူးသွားအောင် လုပ်နိုင်လောက်သည်။ ထို့အတူ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သဘောထားတင်းမာသူများအားချပြပြီး ပျက်စီးနေသောမြန်မာ့စီးပွားရေး ပြန်လည်ပြင်ဆင်နိုင်မည်ဟု မျှော်လင့်ထားကြသည့် အစိုးရ အဖွဲ့ဝင် ပြုပြင်ပြောင်းလဲရေးသမားများလည်း ယင်းအစီအရင်ခံစာဖတ်ကို ဖတ်မိပါက သောကဗျာပါဒစိတ်များ ဝင်ကောင်းဝင်သွားနိုင်သည်။ ADB အစီရင်ခံစာတွင် ယခုလို အခိုင်အမာဆိုထားသည်။

"မြန်မာနိုင်ငံသည် မြောက်မြားစွာသော စွမ်းအင်ရင်းမြစ်များ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ သို့သော်ငြားလည်း မြန်မာနိုင်ငံ၏ ပြည်တွင်း စွမ်းအင်သုံးစွဲမှုမှာ အာရှနှင့် အရှေ့တောင်အာရှဒေသတွင် အနိမ့်ပါးဆုံး အဆင့်တွင်ရှိသည်။ မြန်မာပြည်၏ စုစုပေါင်း လျှပ်စစ်သုံးစွဲမှုပမာဏမှာ ၂၆ ရာခိုင်နှုန်းသာရှိသည်။ တွေ့ရှိချက်များအရ ဝေးလံခေါင်သီသောဒေသများအတွက် တစ်နေ့လျှင် နှစ်နာရီမျှသာ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်သည်”ဟု ဆိုသည်။

အမှန်ပြောရလျှင် အင်အားကြီးဗမာတိုင်းရင်းသားများ အများစုနေထိုင်သော မြို့ပြဒေသအချို့နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကွဲပြား ခြားနားနေသည်။ ဝေးလံသည့် ဒေသများတွင်မူ ကချင်၊ ရှမ်းနှင့် ကရင်ကဲ့သို့သော ဗမာမဟုတ်သည့် တိုင်းရင်းသား လူနည်းစုများအများစု နေထိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့မှုမှာ ၆၇ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသများမှာမူ ၁၆ ရာခိုင်နှုန်းသာဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုမှာ ကျေးလက်ဒေသများသည် မြို့ပြဒေသများထက် နှစ်ဆခန့်မြင့်မားပြီး ဆင်းရဲနွမ်းပါးမှုစုစုပေါင်း ၈၅ ရာခိုင်နှုန်းရှိသည်။

ကျေးလက်ဒေသများတွင် နေထိုင်သော ကလေးသူငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ မူလတန်းအဆင့်တွင် ပညာသင်ယူမှု အဆုံးသတ်ကြရသည်။ မြို့ပြဒေသတွင် မူလတန်းအဆင့်ပြီးဆုံးသူ ကလေးသူငယ် ၆၃ ရာခိုင်နှုန်းမှာ အထက်တန်းအဆင့်သို့ ဆက်လက်တက်ရောက်ကာ ပညာသင်ကြားနိုင်ကြသည်။ အဆိုပါ သာတူညီမျှမရှိမှုတို့က ဗမာနှင့် ကချင်၊ ကရင်တို့အကြား အဆုံးမသတ်နိုင်သည့် ပဋိပက္ခများကို ဖြစ်ထွန်းစေသည်။ ယင်းသို့သော ကွာဟချက်များကို မလျှော့ချနိုင်သမျှ တိုင်းရင်းသား လူနည်းစုများနှင့် ဗမာလူမျိုးများအကြား တင်းမာမှုကြီးမှာ ဆက်လက် တည်ရှိနေမည်သာပင်ဖြစ်သည်။

အရေးကိစ္စများစွာကျန်ပါသေးသည်။ စနစ်တကျစီမံခန့်ခွဲနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမရှိသော လမ်းပန်းဆက်သွယ်ရေး စနစ်ဖြစ်သည်။ အစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံများအတွက် လမ်းပိုင်းသိပ်သည်းမှုမှာ လူ ၁၀၀၀ လျှင် ၁၁ ကီလိုမီတာ ဖြစ်သည်။ မြန်မာတွင်မူ လူ ၁၀၀၀ အတွက် ၂ ကီလိုမီတာသာရှိသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် လူ ၁၀၀၀ လျှင် မော်တော်ယာဉ် ၂၅၀ နှင့် ၃၇၀ စီးခန့်ရှိကြသည်။ မြန်မာတွင်မူ ၁၈ စီး မျှသာရှိသည်။

အကယ်၍ ငွေကြေးနှင့် အတတ်ပညာသာရှိမည်ဆိုပါက လမ်းများကို အခြားနိုင်ငံများနည်းတူ လျှင်မြန်စွာ ဖောက်လုပ် သွားနိုင်မည်ဖြစ်သည်။ ပညာရေးစနစ်မှာလည်း ဆုတ်ယုတ်ပျက်စီးလျက်ရှိပြီး ပြန်လည် ကောင်းမွန်နိုင်ရေးအတွက် အချိန်ကာလများစွာ ယူရဦးမည်ဖြစ်သည်ဟု ADB ကဆိုသည်။ မြန်မာအစိုးရက ပညာရေးကဏ္ဍအတွက် အမျိုးသား ဘတ်ဂျက်၏ ၃ ဒဿမ ၇၄ ရာခိုင်နှုန်းသာ သုံးစွဲလျက်ရှိရာ နိုင်ငံတကာ စံချိန်စံနှုန်းများအရ ဆိုပါက အလွန်အမင်း နိမ့်ကျသည့် ပမာဏပင်ဖြစ်သည်။ မူလတန်းကလေးငယ်များ၏ လေးပုံတစ်ပုံမှာ မည်သည့်အခါမျှ အထက်တန်းပညာရေး ဆက်လက် သင်ယူနိုင်ကြခြင်းမရှိပေ။ သင်ကြားမှုနှင့် သင်ယူမှု အရည်အသွေးမှာလည်း လွန်စွာညံ့ဖျင်းလွန်းလှသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အထက်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၏ ၆၁ ဒဿမ ၃ ရာခိုင်နှုန်းမှာ စာမေးပွဲကျရှုံးကြသည်။ စာသင်ကျောင်းများ၏ မစို့မပို့မျှသော ဘတ်ဂျက်များကို ကျောင်းဆရာ၊ ဆရာမများ၏ လစာငွေအဖြစ် အသုံးပြုသည်။ သင်ရိုးစာအုပ်နှင့် အခြားသော ထောက်ပံ့ပစ္စည်းများအတွက် မည်သည့်အခါကမျှ အသုံးမပြုနိုင်ပေ။

ADB ၏ အရှေ့နှင့်တောင်အာရှဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Steven Groff က “သိသာထင်ရှားသော  တိုးတက် ဖြစ်ထွန်းမှုများ ကျွန်ုပ်တို့တွေ့မြင်နိုင်ရန် မျိုးဆက်တစ်ဆက် စောင့်ရဦးမည်”ဟု အစီရင်ခံစာတွင် နိဂုံးချုပ် ရေးသားသည်။

ထို့ပြင် ၎င်းက “အကယ်၍ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ကမောက်ကမဖြစ်မှုများနှင့် နောက်ကြောင်းပြန်လှည့်မှုများ ရှိမည်မဟုတ်ဟု ဆိုသည့်တိုင် မြန်မာအနေဖြင့် ယနေ့ထိုင်းနိုင်ငံ၏ အခြေအနေမျိုးသို့ ရောက်ရှိရန် နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်လိမ့်မည်” ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့မှ ပြုပြင်ပြောင်းလဲရေးသမားများအနေဖြင့် ယခုကဲ့သို့သော ADB ၏ မြန်မာနိုင်ငံအပေါ် အကဲဖြတ်သုံးသပ်ချက်များကို ကောင်းစွာဖတ်ရှုကြမည့် သဘောတွင်ရှိသည်။ ထိုသို့ဖတ်ရှုပြီး တိုင်းပြည်အတွက် ပိုမိုကြိုးပမ်းရန် စေ့ဆော်မှုရရှိနိုင်သည်။ သို့သော် သောကဗျာပါဒလည်း ပိုမိုဖြစ်ထွန်းစေနိုင်သည်။

မည်သို့ပင်ဆိုစေ လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်တစ်ရပ် ဖြစ်ထွန်ပွင့်လင်းလာမှုအပေါ် စစ်တပ် ကျောထောက်နောက်ခံ အရပ်သားအစိုးရအတွင်း မကျေမနပ်ဖြစ်နေသူများစွာ ရှိနေသည်ဟူသော အချက်မှာ လူတိုင်း သိသည့်ကိစ္စဖြစ်သည်။ သို့သော် ထိုသို့မကျေမချမ်းဖြစ်နေသူ အရာရှိကြီးများအား မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်အား လက်ခံသဘောတူရန် ပြုပြင်ပြောင်းလဲရေးသမားများက ကောင်းစွာဖျောင်းဖျ ပြောဆိုထားပြီး ဖြစ်ပါလိမ့်မည်။

စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆမတန်ဝင်ရောက်ကာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သန်းပေါင်းများစွာသော ပြည်သူများအား ဆင်းရဲတွင်းထဲမှဆွဲထုတ်နိုင်မည်ဟူသော အကြောင်းပြချက်များဖြင့် ဖျောင်းဖျနှစ်သိမ့်ထားပြီး ဖြစ်လိမ့်မည်။ သို့သော် ADB ကထုတ်ပြသော အသေးစိတ် အချက်အလက်များကိုကြည့်လျှင် မြန်မာပြည်နှင့်ပတ်သက်သော မျှော်လင့်ထားချက်များ လက်တွေ့ သဘောနှင့် မည်မျှအတိုင်းအတာအထိ ကင်းကွာနေသည်မှာ ထင်ရှားသည်။ ထိုအမှန်တရားက သင့်အားလွတ်မြောက်ခွင့်ရအောင် လုပ်ဆောင်နိုင် ပေမယ့်လည်း မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေလာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

                         *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment