Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၂.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

*****************************************

ဆောင်းပါးကဏ္ဍ

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ

မိုတင့်

(ဇူလိုင်လ(၁၀)ရက်နေ့ထုတ် NEWSWEEK  ဂျာနယ် အတွဲ(၂) အမှတ်(၃၈)မှ ထုတ်ယူဖော်ပြသည်။)

နိုင်ငံတကာက အခုထက်ထိ ဆီးရီးယားနိုင်ငံကို အရေးယူမှု ထိထိရောက်ရောက် မပြုလုပ်နိုင်သေးတာကိုက ထူးဆန်းသလို ခံစားမိပါတယ်။ အရပ်သားတွေကို ဘယ်သူကပဲဖြစ်ဖြစ် အစုလိုက်အပြုံလိုက် ဖြစ်ပျက်နေကြတွေ လက်ရှိအစိုးရကို မလိုချင်တော့လို့ ဆန္ဒပြနေကြတာတွေ၊ လက်ရှိ အစိုးရနဲ့ အစိုးရကို ထောက်ခံသူတွေကနေ အတိုက်အခံအဖွဲ့အစည်းအပါအဝင် အရပ်သားတွေကို ရက်ရက်စက်စက် နှိမ်နင်းနေတာတွေကို ဂျာနယ်တွေ၊ အင်တာနက် ပေါ်မှာ ပလူပျံနေအောင် ဖတ်ရှုရပါတယ်။

ထိုကိစ္စကို အမေရိကန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးများ အပါအဝင် ကုလသမဂ္ဂအဖွဲ့အည်းများ နိုင်ငံတကာအဖွဲ့အစည်းများက ရှုတ်ချပြီး အရေးယူ ဆောင်ရွက်ချင်ပေမယ့် ထုံးစံအတိုင်း အမေရိကန်၊ အနောက်အုပ်စုတို့နဲ့ ဆန့်ကျင်ဘက်မှာ အမြဲနေတဲ့ ရုရှားနဲ့ တရုတ်က ကန့်ကွက်ခဲ့၊ ကန့်ကွက်ဆဲ ကန့်ကွက် နေကြပါတယ်။

တရားစီရင်ရေးတွေမှာ တရားခံဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် မခုခံမကာကွယ်တော့ဘူး။ ဥပမာ ရှေ့နေမငှားတော့ဘူးဆိုရင်တောင် ဥပဒေအရ ဘောင်ဝင်အောင် အစိုးရက တရားခံအတွက် ရှေ့နေငှားပေးကြရတယ်။ အဲဒီ အစိုးရရှေ့နေကလည်း တရားခံအပြစ်ထင်ရှားတာကို သိပေမယ့်လည်း တရားခံ လွတ်လိုလွတ်ငြား လျှောက်လဲထုချေ ပေးရတယ်။ ပြီးမှသာ ဥပဒေအရ အရေးယူရတာ ဖြစ်ပါတယ်။

ဆီးရီးယားအရေးအပါအဝင် ကမ္ဘာ့နိုင်ငံအရေးတွေ တော်တော်များများမှာ အမေရိကနဲ့ အနောက်နိုင်ငံများက တရားခံရှာဖွေပြီး တရားရုံးတင် အရေးယူဖို့ ဆောင်ရွက်သမျှကိစ္စ အားလုံးနီးပါးကို အယူဝါဒချင်းမတူညီတဲ့ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံက အစိုးရရှေ့နေ၊ တရားခံရှေ့နေအဖြစ် ဆောင်ရွက်လေ့ ရှိကြပါတယ်။ အလားတူ ရုရှားနဲ့ တရုတ်နိုင်ငံကိစ္စတွေမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေများက တရားခံအကျိုးဆောင်တွေအဖြစ်နဲ့ သိသိသာသာတစ်မျိုး၊ မသိမသာ တစ်မျိုး ရပ်တည်ပေးကြတယ်။ ဒါမှလည်း အင်အားကြီတွေက အင်အားငယ်တွေကို တရားလက်လွတ် အနိုင်မကျင့်နိုင်အောင်လို့ Power Balance လုပ်ပေးကြ ပါတယ်။

ဒါပေမယ့် အင်အားကြီး ကျွဲနှစ်ကောင်ခတ်နေတဲ့ကြားမှာ ပြည်သူလူထုတွေပဲ ဖြစ်ကြရပါတယ်။ အင်အားငယ်နိုင်ငံတွေကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ တွေဟာ အင်အားကြီးနိုင်ငံတစ်ခုခုဘက်ကို အမှီပြုပြီး ပြည်သူလူထုတွေကို စိတ်ရှိတိုင်း ထင်တိုင်းကြဲတတ်ကြပါတယ်။

အထူးသဖြင့် အာဏာကို ပြည်သူလူထုဆီကို လွှဲမပေးချင်တဲ့ အာဏာရှင်နိုင်ငံတွေမှာ မကြာခဏဆိုသလို တွေ့ရပါတယ်။

ဗီတိုအာဏာပိုင်ဆိုင်ကြတဲ့ အင်အားကြီးငါးနိုင်ငံဟာ ကမ္ဘာပေါ်မှာ မိမိတို့အာဏာ လွှမ်းမိုးဖို့အတွက် တတိယကမ္ဘာ့နိုင်ငံတွေအပေါ်မှာ စီးပွားရေးသမား တွေမှာ စီးပွားရေးသမားတွေ ဈေးကွက်လုသလိုမျိုး အမျိုးမျိုးဗျူဟာသုံးပြီး ဝင်ရောက်စွက်ဖက်လေ့ ရှိကြပါတယ်။ တချို့ အနည်းငယ်သော ကိစ္စလောက်မှာ မအောင်မြင်လို့ နောက်ဆုတ်လိုက်ကြပေမယ့် များသောအားဖြင့်တော့ မစားရတဲ့အမဲကို သဲနဲ့ပက်ဖို့ ဝန်မလေးကြသလို ပက်လဲပက်ကြလေ့ ရှိတယ်။ တတိယ ကမ္ဘာ့နိုင်ငံ အများစုဟာ နိုင်ငံကြီးများရဲ့ ကူညီမလိုလိုနဲ့ ဝင်ရောက်စွက်ဖက်ပြီး သဲနဲ့ပက်တဲ့ဒဏ်ကိုသာ အများစု ခံကြရတယ်။ အမြဲ တမ်း ရန်သူမရှိ အမြဲတမ်း မိတ်ဆွေ မရှိဆိုတဲ့မူကို နိုင်ငံကြီးတွေကသာ အများဆုံး ကျင့်သုံးလေ့ရှိပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းစ နုနယ်သေးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံ အများစုဟာ ခံစားချက်ကိုယ်စီ ရည်မှန်းချက်ကိုယ်စီအမျိုးမျိုး ဖြစ်နေစအချိန်လို့ ပြောလို့ရတဲ့အချိန် ဖြစ်ဆေနပါသေးတယ်။ အသစ်ရောက်လာမယ့် နိုင်ငံသစ် စီးပွားရေးသမားအသစ်တွေရဲ့ ရည်ရွယ်ချက်ခံစားချက်နဲ့ အရင်ရှိပြီးသား နိုင်ငံတွေရဲ့ စီးပွားရေးသမားဟောင်းတွေရဲ့ ရည်ရွယ်ချက် ခံစားချက်တွေကတော့ ကွဲပြားခြားနားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လိုသူတွေ ပါရှိသလို မတည်မြီငိမ် ဖြစ်နေစေချင်သေးတဲ့သူတွေလည်း ရှိနိုင်ပါတယ်။

ရပြီးသားအနေအထား၊ ရပြီးသားနေရာကို မဖယ်ပေးချင်ကြတာ သဘာဝပါ။ မြန်မာနိုင်ငံထဲမှာ အချိန်ကြာမြင့်စွာ နေရာယူ အကျိုးအမြတ် ရယူခဲ့ကြတဲ့ သူတွေက သူတို့ရနေတဲ့ အထူးအခွင့်အရေးတွေကို နောက်လူကို ဝေစုမပေးချင်၊ နေရာမပေးချင် ဖြစ်နေမယ်ဆိုတာလည်း လူ့သဘာဝပါပဲ။

ဒါပေမယ့် မြန်မာနိုင်ငံက တာဝန်ရှိအမြော်အမြင်ရှိကြတဲ့  လူကြီးတွေဟာ ရဲရဲဝံ့ဝံ့ နိုင်ငံ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်လာကြပြီဆိုတော့ ပထမလူက နောက်လူကိုလည်း နေရာဖယ်ပေးသင့်ရင် ဖယ်ပေးရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူ ပြည်သားတွေအတွက်ကတော့ ရွေးချယ်စရာ တွေ ပိုများလာပြီး ပိုကောင်းတာတွေကို ရွေးချယ်ခွင့်ရကြတော့မှာ သေချာပါတယ်။

အခုလိုအချိန်မှာ မစားရတဲ့အမဲကို သဲနဲ့ပက်တဲ့သူတွေရဲ့ အန္တရာယ်ကို မေ့ထားလို့မရပါဘူး။ မြန်မာပြည်သူပြည်သားတွေ အားလုံး သတိရှိရမယ့် အချိန်လည်း ဖြစ်ပါတယ်။ ယခုအချိန်မှ မဟုတ်ပါဘူး။ တစ်လျှောက်လုံး သတိထားကြရပါတော့မယ်။

လက်ရှိအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို မတည်မငြိမ်ဖြစ်စေချင်တဲ့ ဆန္ဒတွေ နောက်ကွယ်မှာ ရှိနေကြသလားဆိုတာကို ဆင်ခြင် သတိချပ်သင့်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေ ကျွဲနှစ်ကောင်ကြားက မြေစာပင် မဖြစ်သွားစေချင်ပါ။ ဒေါသ၊ အာဃာတတရားတွေ ရှေ့ထားပြီး ပြဿနာတွေ ကြီးမားလာလို့ရှိရင် မတည်မငြိမ်ဖြစ်စေချင်တဲ့သူတွေ ရှိပါက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်သွားပါလိမ့်မယ်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment