Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၄.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကိုကာကိုလာ အလောသုံးဆယ်လုပ်ငန်းမစဘဲ၊ မြန်မာဈေးကွက်ကိုလေ့လာ

(Reuters မှ 13 July 2012 ရက်စွဲပါ “Coca-Cola eys Myanmar no immediate prospects” သတင်းကို ဘာသာပြန်ဆိုသည်)

  1. IMF  ကမြန်မာကို ကူညီရန် ထိုင်းတွင် ရုံးဖွင့်မည်။

(AFP သတင်းမှ 13 July 2012 ရက်စွဲပါ“ IMF to open Myanmar office in Thailand” သတင်းကို ဘာသာပြန်ဆိုသည်။)                

                        ***************************************************************

ဘာသာပြန်သတင်းများ

ကိုကာကိုလာ အလောသုံးဆယ်လုပ်ငန်းမစဘဲ၊ မြန်မာဈေးကွက်ကိုလေ့လာ

(Reuters မှ 13 July 2012 ရက်စွဲပါ “Coca-Cola eys Myanmar no immediate prospects” သတင်းကို ဘာသာပြန်ဆိုသည်)

ကိုကာကိုလာအချိုရည်ကုမ္ပဏီသည် မြန်မာနိုင်ငံမှကြီးမားသော အလားအလာကိုလေ့လာကာ အလားအလာကောင်းသော မြန်မာ စီးပွားဖက်များနှင့် ဆွေးနွေးနေသော်လည်း လုပ်ငန်းများမစတင်မီ အချိန်ကြန့်ကြာနိုင်သည်ဟု ကိုကာကိုလာဒေသဆိုင်ရာအကြီးအကဲက သောကြာနေ့တွင် ပြောကြားသည်။

ကမ္ဘာတွင် ကိုကာကိုလာကုမ္ပဏီ မရောက်သေးသော ၃ နိုင်ငံထဲတွင် ပါဝင်ပြီး၊ စစ်အုပ်ချုပ်ရေးမှရုန်းထွက်နေသော မြန်မာနိုင်ငံသည် ဆွဲဆောင်အားကောင်းသော ဈေးကွက်တစ်ခုဖြစ်သော်လည်း ကမန်းကတန်း သဘောတူစာချုပ်များကို အပြေးအလွှားချုပ်ဆိုမည် မဟုတ်ပါဟု ကိုကာကိုလာ၏ အာဆီယံဒေသအကြီးအကဲ မန်နူရယ်အာရိုယိုက ပြောကြားသည်။

“မြန်မာဈေးကွက်ရဲ့ အလားအလာကောင်းကတော့ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် လုပ်ငန်းမစတင်မီမှာ အလွန်ရှင်းလင်း၊ ပွင့်လင်း၊ ပြတ်သား၊ မြင်သာတဲ့လမ်းကြောင်းကို ကျွန်တော်တို့လျှေက်သွားဖို့ လိုအပ်ပါတယ်”ဟု ကမ္ဘောဒီးယားရှိ အမေရိကန်ကုမ္ပဏီများ အစည်းအဝေးတွင် ပြုလုပ်သော အင်တာဗျူး၌ မန်နူရယ်အာရိုယိုက ရိုက်တာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အလားလာကောင်းတဲ့စီးပွားဖက်တွေနဲ့ တခြားရွေးစရာလုပ်ငန်းတွေကို အကဲဖြတ်နေပါတယ်။ဒါမှမဟုတ် ကျွန်တော်တို့ ကိုယ်တိုင်လုပ်မလားလို့လည်း စဉ်းစားနေပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

“တကယ်လုပ်ငန်း စတင်နိုင်ဖို့အတွက် လပေါင်းများစွာအလုပ်တွေ အများကြီးလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အခုမှတကယ့်ကို သန္ဓေ တည်နေတုန်းအဆင့်ပါ”ဟု ကိုကာကိုလာ အာဆီယံဒေသ အကြီးအကဲက ဆိုသည်။

ယခုတပတ် သမ္မတအိုဘားမားထုတ်ပြန်ကြေညာခဲ့သော မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခွင့်ပြုမည့် စည်းကမ်းသစ်များအရ မြန်မာနိုင်ငံတွင်းမှ အလားအလာကောင်းသော စီးပွားဖက်များ သင့်လျှော်မှန်ကန်မှုရှိရဲ့လားဆိုသည်ကို သေချာစေရန် အမေရိကန်နိုင်ငံခြားရေးဌာနနှင့် အနီးကပ်ဆက်သွယ် ဆောင်ရွက်နေသည်ဟု ၎င်းကပြောကြားသည်။

မြန်မာပြည်တွင်း အချိုရည်ကုမ္ပဏီများအနက် ကိုကာကိုလာ၏ လက်တွဲဖော်ဖြစ်နိုင်သူများ Pinya Maunfacturing Co. Myanmar Golden Star(MGS) နှင့် Loi Hein Co တို့ဖြစ်သည်ဟု သိရှိရသည်။

“ဒီ ၃ ဖွဲ့အပြင် တခြားကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့လေ့လာနေပါတယ်။ အကောင်းဆုံးစီးပွားဖက်နဲ့တွဲလုပ်မလား၊ ကိုယ်တိုင်လုပ်မလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကျွန်တော်တို့ အဲဒီမှာပဲ အလုပ်လုပ်နေကြတုန်းပါ”ဟု အာရိုယိုက ဆိုသည်။

၁၉၆၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကုမ္ပဏီများ ရပ်ဆိုင်းသွားခဲ့သော်လည်း ထိုင်းနိုင်ငံနယ်စပ်မှ မှောင်ခိုသွင်းယူလာသော ကိုကာကိုလာအချိုရည်များ နိုင်ငံအနှံ့တွင် ပျံ့နှံ့လျက်ရှိသည်ဟု သိရှိရသည်။

                                                            *************************************************

IMF  ကမြန်မာကို ကူညီရန် ထိုင်းတွင် ရုံးဖွင့်မည်။

(AFP သတင်းမှ 13 July 2012 ရက်စွဲပါ“ IMF to open Myanmar office in Thailand” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသည် ယင်း၏ နှစ်ရှည်အပယ်ခံချွတ်ခြုံကျစီးပွားရေးကို ပြန်လည်ပြုပြင်ရန်ကြိုးစားနေခြင်းကြောင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးရန်အတွက် ရုံးခန်းအသစ်တစ်ခုဖွင့်လှစ်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ ခရစ်စတင်းလာဂါဒီက ဆိုသည်။

မြန်မာနိုင်ငံအား နည်းပညာအကူအညီပေးရန်အတွက် ဘန်ကောက်ရှိ Bank of Thailand BOTတွင် အခြေစိုက်မည့် ၎င်း IMF ရုံးသည် လုပ်ရည်ကိုင်ရည် တည်ဆောက်မှုနှင့် လေ့ကျင့်သင်တန်းပေးမှုတို့အပေါ် IMFကအလေးထားကြောင်း ပြသနေသည်ဟု လာဂါဒီက ဆိုသည်။

မြန်မာနိုင်ငံအား နည်းပညာအကူအညီပေးရန်အတွက် ဘန်ကောက်တွင် ရုံးခန်းဖွင့်လှစ်ကြောင်းကြေညာရခြင်းကို ဝမ်းသာပျော်ရွှင်မိသည်ဟု သူမက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံကိုပါ အကူအညီပေးမည့် အဆိုပါ ရုံးသစ်ဖွင့်လှစ်မည့်ရက်ကို သူမက အသေးစိတ်ပြောကြားခြင်း မပြုသော်လည်း IMF အနေဖြင့် နှစ်နိုင်ငံစလုံးအပေါ် ပံ့ပိုးကူညီမှုကို ပိုမိုအားကောင်းစေချင်မည်ဟု သူမက ပြောကြားသည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ခန့်အလွဲလွဲအချော်ချော် ကိုင်တွယ်စီမံခဲ့သည့် တပ်မတော်အစိုးရက နာမည်ခံအရပ်ဖက်အစိုးရထံ မနှစ်က အာဏာ လွှဲပြောင်းပေးပြီးနောက်တွင် IMF နှင့် မြန်မာအစိုးရအကြား ဆက်ဆံရေးကောင်းမွန်လာခဲ့သည်။

ပြီးခဲ့သော မေလတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးမြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို IMF က ထုတ်ပြန်ခဲ့ပြီး၊ ငွေကြေးကဏ္ဍခေတ်မှီအောင် ပြုပြင်ခြင်း၊ ကုန်သွယ်ရေးလွတ်လပ်ခွင့်ပေးခြင်းအပါအဝင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုနယ်ပယ်တိုးတက်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို မြန်မာအာဏာပိုင်များကို တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ တံခါးပိတ်အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရက စီမံခန့်ခွဲမှုအလွဲများနှင့် အဂတိလိုက်စားမှုများ ပူးတွဲ ကျူးလွန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုံးဝပြိုလဲသွားခဲ့ခြင်း ဖြစ်သည်။

သို့သော် တရုတ်နှင့်အိန္ဒိယအကြား မဟာဗျူဟာမြောက် ကြားညှပ်တည်ရှိနေပြီး အလုပ်သမားလစာဈေးပေါ၍ သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံတွင်ခြေချရန် နိုင်ငံတကာကုမ္ပဏီများ ပွတ်လောရိုက်လျက်ရှိသည်။

ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် သမ္မတအိုဘားမားက ရေနံ၊ ဓါတ်ငွေ့ အပါအဝင် မြန်မာ့စီးပွားရေးနယ်ပယ်၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ ကြရန် မီးစိမ်းပြကာ စီးပွားရေးဒဏ်ခတ်မှုများကို ဖြေလျော့ပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံပါတီက အမေရိကန်အစိုးရ၏ နောက်ဆုံးဆောင်ရွက်ချက်ကို ကြိုဆိုခဲ့သော်လည်း၊ ယခုထက် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် တောင်းဆိုထားသည်။

မြန်မာအစိုးရပိုင် MOE (ရေနံနှင့်ဓါတ်ငွေ့လုပ်ငန်း)နှင့် စီးပွားရေးလက်တွဲခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ကြာသပတေးနေ့က အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်း၏ သတိပေးပြောကြားချက်သည်လည်း NLD ပါတီ အယူအဆနှင့် ထပ်တူကျလျှက်ရှိသည်။

ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်ထားသော နိုင်ငံတော်အကြီးအကဲဟောင်းသည် သူလိုချင်သောအနေအထားများ(အနောက်အုပ်စုက sanctions များ ရုတ်သိမ်း၍ ရင်းနှီးမြှုပ်နှံလာခြင်း၊ တရုတ်နိုင်ငံကို ဟန်ချက်ပြန်ထိန်းခြင်း၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာတွင် ပုံမှန်အဆင့် လူရာပြန်ဝင်လာခြင်း(သို့)မြန်မာအစိုးရကို နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုခြင်း၊ လေဒီနှင့် NLD ကို အထိုက်အလျောက် လွတ်လပ်ခွင့်ပေးခြင်းဖြင့် ပြည်သူလူထု၏ဒေါသကို ချွေးသိပ်နိုင်ခြင်း)ကို ရရှိထားပါက ပြုပြင်ပြောင်းလဲမှုကို အရှိန်ပြန်လျှော့ကာ ပိုနေမြဲ၊ ကျားနေမြဲအခြေအနေကို ဆက်လက် ထိန်းထားမည့်အန္တရာယ်ရှိနေသည်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်အချို့က မှတ်ချက်ပေးထားသည်။

                                        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment