Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၄.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. လက်နက်ကိုင်သူပုန်များကို အဖြေတစ်ခု၏ အစိတ်အပိုင်းအဖြစ် မြန်မာသမ္မတ ရှုမြင်

(Fianancial Times မှ 11 July 2012 ရက်စွဲပါ Gwen Robison ၏ Myanmar president sees rebels as part of solution ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

လက်နက်ကိုင်သူပုန်များကို အဖြေတစ်ခု၏ အစိတ်အပိုင်းအဖြစ် မြန်မာသမ္မတ ရှုမြင်

(Fianancial Times မှ 11 July 2012 ရက်စွဲပါ Gwen Robison ၏ Myanmar president sees rebels as part of solution ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်သည် ၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်က တပ်စိတ်တစ်စိတ်ကိုဦးဆောင်ကာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ကွန်မြူနစ် ကျောထောက်နောက်ခံ သူပုန်များအား သွားရောက်တိုက်ခိုက်ခဲ့သည်။ ထိုစဉ်က သူသည် ငယ်ရွယ်သောတပ်မတော်အရာရှိ တစ်ဦးဖြစ်သည်။

သူသွားရောက် ကျင်လည်ခဲ့ရသည့်နေရာဒေသများမှာ တောတောင်လျိုမြောင်ပေါများပြီး ငှက်ဖျားရောဂါနှင့် သေနတ်ပစ်သံများမှလွဲ၍ အခြား ထူးထွေဆန်းပြားသောအရာမျိုး မည်သို့မျှရှိနိုင်မည်မဟုတ်ပေ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့အနေဖြင့် နန်းတော်ကြီးပမာ ကြီးကျယ်ခမ်းနားလှသော နေရာသို့ရောက်ရှိသွားကာ တိုင်းပြည်ကိုဦးဆောင်နိုင်ရလိမ့်မည်ဟူသော အတွေးမျိုးလည်း ရှိနိုင်ခဲ့မည် မဟုတ်ပေ။ မြန်မာနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ကျေးရွာငယ်လေးတစ်ခုတွင်နေထိုင်သော ဆင်းရဲသားလယ်သမားမိဘနှစ်ဦး၏ သားငယ်လေးတစ်ယောက်က မြန်မာနိုင်ငံကို အာဏာရှင်စနစ်အောက်မှ ကင်းဝေးသွားအောင် ဦးဆောင်လုပ်ပေးနေသည်ဟူသော အချက်မှာလည်း အလားတူပင် ဖြစ်နိုင်ခြေမရှိသောကိစ္စ ဖြစ်လေသည်။

ယခုအခါ သမ္မတဦးသိန်းစိန်သည် ယခင်ကတပ်မတော်၌စစ်မှုထမ်းစဉ် ဆယ်စုနှစ်များစွာဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသားပဋိပက္ခများကိုဖြေရှင်းရန် ကတိကဝတ်များ ပြုနေပြီဖြစ်သည်။ "ကျွန်တော် တစ်လျှောက်လုံးလုပ်ခဲ့တာက စစ်သား၊ အဲဒီ လက်နက်ကိုင်အုပ်စုတွေကို တိုက်ခိုက်ခဲ့တယ်။ သူတို့ကို ရန်သူလို့ရှုမြင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် သမ္မတဖြစ်လာတော့ ကချင်စစ်သားတစ်ယောက်သေဆုံးတာဟာ တပ်မတော်သားတစ်ဦးသေဆုံးတာ၊ မြန်မာနိုင်ငံသားတစ်ဦးသေဆုံးတာနဲ့ တူညီတယ်၊ အဲဒီအတွက် တိုင်းပြည်ရဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်ဆိုတာကို သဘောပေါက်လာတယ်"ဟု သမ္မတ ဦးသိန်းစိန်က Financial Times နှင့် ပထဆုံးပြုလုပ်သည့် အင်တာဗျူးတွင် ပြောဆိုသည်။ "ယခုဆိုလျှင် သူတို့(သူပုန်တပ်ဖွဲ့များ)တွေကို ရန်သူတွေလို့ မမြင်တော့ပါဘူး။ ဒါပေမဲ့ အဖြေတစ်ခုရဲ့အစိတ်အပိုင်းလို့မြင်မိပါတယ်"ပာု ပြောကြားသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ရှိသည့်အနက် ၁၀ ဖွဲ့ နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ် ရေးထိုးထားနိုင်ပြီဖြစ်သည်။ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တိုးတက် ဖြစ်ထွန်းမှုမရှိသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်ကို အမြစ်မှ လှန်ကာပြောင်းလဲပစ်သည်။ ထိပ်တန်းပြုပြင်ပြောင်းလဲရေးသမားဖြစ်သော ဝန်ကြီး ဦးအောင်မင်းကို ငြိမ်းချမ်းရေးကြိုးပမ်းရာ၌ ဦးဆောင်စေသည်။

ဦးသိန်းစိန်၏ ဘဝတွင်အရေးကြီးသော အလှည့်အပြောင်းတစ်ရပ်မှာ ၂၀၀၇ ခုနှစ်အတွင်း ဗိုလ်ချုပ်ကြီးရာထူးနှင့်အတူ စစ်အစိုးရ၏ ဝန်ကြီးချုပ်ရာထူး ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်သော စစ်အစိုးရ လက်အောက်တွင်ဖြစ်သည်။

ပြင်ပလောကနှင့် အဆက်ဖြတ်ထားသည့် စစ်လောကတွင် နှစ်များစွာနေထိုင်ခဲ့ရသူ ဦးသိန်းစိန်သည် မြန်မာဝန်ကြီးချုပ်အဖြစ် အိမ်နီးချင်း နိုင်ငံများသို့သွားရောက်ပြီး အဆင့်ချင်းတူညီသော ခေါင်းဆောင်များနှင့်တွေ့ဆုံခွင့် ရရှိခဲ့ရုံသာမက အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံပင် တက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ်တာဝန်ရယူထားစဉ် နှစ်ကာလများအတွင်း ဦးသိန်းစိန်ကို ပုံသွင်းပေးလိုက်သည့် အတွေ့အကြုံတစ်ရပ်မှာ နာဂစ်ဆိုက်ကလုန်း မုန်တိုင်းနှင့်ပတ်သက်သော အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရခြင်းပင်ဖြစ်သည်။

ထိုအချိန်ကာလများတွင် ရက်စက်ကြမ်းတမ်းသော၊ ပြည်ပပုဂ္ဂိုလ်များနှင့် နိုင်ငံများအပေါ် သံသယကြီးလွန်းပြီး သဘာဝလွန်ကိစ္စများ လွန်စွာ ယုံကြည်တတ်သောခေါင်းဆောင်အဖြစ် သတ်မှတ်ပြောဆိုခံရသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ အခြေခံအပြောင်းအလဲများအတွက် တိတ်တဆိတ် အစီအစဉ်ရေးဆွဲလျက် ရှိခဲ့သည်။ လွှတ်တော်များပါဝင်မည့် နိုင်ငံရေးစနစ်၊ အစိုးရအဖွဲ့ အပြောင်းအလဲကိစ္စအပါအဝင် မိမိကိုယ်တိုင် အငြိမ်းစားယူမည့် ကိစ္စအတွက်ပါ အစီအစဉ် ချမှတ်နေခဲ့သည်။

မြန်မာ့အရေး လေ့လာဝေဖန်သူများကို ယနေ့ထက်တိုင် အံ့အားသင့်စေလျက်ရှိသည့် ကိစ္စတစ်ရပ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးသိန်းစိန်အား ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေပြီး ၎င်း၏နေရာကို ဆက်ခံစေလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီတို့သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ အတုအယောင် ရွေးကောက်ပွဲအဖြစ် သတ်မှတ်ပြီး သပိတ် မှောက်ခဲ့ကြသည်။ အဆိုပါ ရွေးကောက်ပွဲဖြင့် ဦးသိန်းစိန် သမ္မတဖြစ်ကာ အာဏာရရှိလာပြီးနောက် ၎င်းအား "ဗိုလ်ချုပ်မှူးကြီး၏ သစ္စာခံလူယုံတော်"အဖြစ် အများက သတ်မှတ်ပြောဆိုကြသည်။

သို့သော် ၂၀၁၁ ခုနှစ်၊ နှစ်ဝက်ကာလခန့်တွင် သမ္မတဦးသိန်းစိန်သည် အခြေခံကျသော ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်လာသည်။ စစ်တပ်၏ စီမံခန့်ခွဲမှုအောက်တွင် ပြားပြားဝပ်ခဲ့သည့် မြန်မာ့လူ့အဖွဲ့အစည်းကို ပွင့်လင်းလာအောင် အစွမ်းကုန်လုပ်ဆောင်သည်။ ထို့နောက် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးခြင်း၊ ပင်စင်လစာများ တိုးမြှင့်ပေးခြင်း၊ ကျပ်ငွေလဲလှယ်မှုနှုန်းထားအား နှုန်းရှင်မျှောမှုအပါအဝင် ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခဲ့သည်။

မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးစနစ် ပြောင်းလဲသွားသည်။ "အစစအရာရာ ဒီအတိုင်းဆက်သွားနေလို့မဖြစ်ဘူး၊ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ နားလည်သဘောပေါက်မှုရှိခဲ့တယ်။ အဲဒါကြောင့် စနစ်ပြောင်းသွားတာ"ဟု ဦးသိန်းစိန်က ပြောသည်။ "ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေတ်ကာလက ယခုနိုင်ငံရေးစနစ် ပေါ်ထွန်းဖို့ အုတ်မြစ်ချတယ်၊ ယခု ကျွန်တော်တို့ အစိုးရခေတ်မှာ ကျွန်တော်နဲ့ ကျွန်တော့်အစိုးရဦးဆောင်ပြီး ရှေ့ဆက်သွားဖို့ကြိုးပမ်းတယ်"ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လုပ်ကိုင်ဆောင်ရွက်ရမည့် အရေးကိစ္စများစွာလည်း ကျန်ရှိနေသေးကြောင်း ဦးသိန်းစိန်က Financial Times သတင်းစာသို့ ပြောကြားသည်။

ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ရမည့်ကိစ္စများကို စာရင်းတို့ကြည့်မည်ဆိုပါက ဥပဒေစနစ်အမြစ်ကလှန်ပြောင်းလဲရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးတိုးတက်ကောင်းမွန်အောင် အဆင့်မြှင့်တင်ရေး အစရှိသည်တို့အပြင် ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး စသည်တို့မှာလည်း ထိပ်ဆုံးက ဦးစားပေးနေရာတွင် ရှိနေသည်။

"ကျွန်တော်ကိုယ်တိုင်က ဆင်းရဲသားဘဝကနေ လာခဲ့တာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဆင်းရဲနွမ်းပါးမှုကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရပါတယ်။ ကျွန်တော်သမ္မတဖြစ်လာပြီးချင်း ဆန္ဒဖြစ်လာတာက မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ဦးစားပေးလုပ်ဆောင်သွားဖို့ပါပဲ"ဟု ၎င်းကပြောကြားသည်။

ဦးသိန်းစိန်သည် လက်ရှိတိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုနှုန်း(စုစုပေါင်းလူဦးရေ၏) ၂၆ ရာခိုင်နှုန်းကို လာမည့် ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းထိ ဖြစ်အောင်လျှော့ချရန် ရည်မှန်းချက်ထားရှိထားသည်။ လက်ရှိ လူတစ်ဦးချင်းစီ၏ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၇၅၀ ကိုလည်း အဆိုပါ ၂၀၁၅ ခုနှစ်တွင် သုံးဆအထိ မြင့်တက်စေလိုသည့် ဆန္ဒရှိသည်။ တစ်ဦးချင်းစီဝင်ငွေ မြင့်တက်မည့်ကိစ္စအတွက် တက်ကြွမှုရှိပြီး အလုပ်လုပ်လိုသော ပြည်သူများရှိရန် လိုအပ်ကြောင်း၊ ထိုကိစ္စမှာ ရည်မှန်းချက် ကြီးစွာထားရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသားများနှင့်တူညီကြောင်း ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဖိအားပေးရန် အာရုံစိုက်လျက်ရှိသည်။ သူ၏ အစိုးရအဖွဲ့တွင်း ရာထူးပြောင်းလဲ ခန့်အပ်မှုများကို ပြုပြင်းပြောင်းလဲမှု ဒုတိယလှိုင်းတွင် တွေ့မြင်ရလာဖွယ်ရှိသည်။ ထို့အတူ ဦးအောင်မင်း(မီးရထားဝန်ကြီး)ကဲ့သို့ ပြုပြင်ပြောင်းလဲမှု လိုလားသော ဝန်ကြီးများရာထူးအဆင့် ထပ်မံတိုးမြှင့်ခံရမှု၊ အချို့သော ဝန်ကြီးဌာနများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတို့ ဖြစ်ပေါ်လာမည်ဟု ခန့်မှန်းရသည်။ အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသမီးဒုဝန်ကြီး တစ်ဦးကိုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကြီးအကဲ(ဝန်ကြီး)အဖြစ်ခန့်အပ်ဖွယ်ရှိသည်။

"အစိုးရအဖွဲ့ထဲမှာ လုပ်ကိုင်ဆောင်ရွက်တာနှေးကွေးတာ ဒါမှမဟုတ် အစိုးရရဲ့ဦးတည်ချက်တွေကို သဘောပေါက်အောင် မကြိုးစားဘူးလို့ ယူဆရတဲ့သူအချို့ရှိတယ်။ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်နေတဲ့အတွက် အဲဒီလိုဖြစ်နေတာပါ"ဟု ဦးသိန်းစိန်က ပြောကြားသည်။

သမ္မတဦးသိန်းစိန်က မြန်မာစစ်တပ်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး သတိကြီးစွာပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကရရှိထားသော်လည်း စစ်တပ်၏အာဏာမှာ အကန့်အသတ်ရှိသည်ဟုဆိုသည်။

"မြန်မာနိုင်ငံဟာ လုံခြုံရေးကိစ္စမှာတပ်မတော်အပေါ် နှစ်ပေါင်းများစွာမှီခိုအားထားခဲ့ရပါတယ်။ အဲဒီတော့ တပ်မတော်ကိုလုံးလုံးလျားလျား ချန်မထားရစ်ခဲ့ဖို့ဆိုတာ အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့ရဲ့အခန်းကဏ္ဍဟာ အကန့်အသတ်ရှိပါတယ်"ပာု ဦးသိန်းစိန်က ဆက်လက် ပြောကြားသည်။

လက်ရှိအချိန်အထိ စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နောက်ကွယ်မှကြိုးကိုင်လျက် ရှိသည်ဟူသောကိစ္စအပေါ် သမ္မတဦးသိန်းစိန်က ယခုလို မှတ်ချက်ပေးပြောဆိုသည်။ "လက်ရှိအစိုးရရဲ့အရေးကိစ္စတွေမှာ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုမှပါဝင်ပတ်သက်မှု မရှိတော့ပါဘူး။ ဒါပေမဲ့ သူဟာ အရင်တုန်းကကျွန်တော့်ရဲ့ ဆရာတစ်ဦးပါ။ ကျွန်တော်လေးစားရတဲ့သူတစ်ဦးပါ"ပာု ပြောကြားခဲ့သည်။

 *****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment