Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ခရီးသွားလုပ်ငန်းကြောင့် မြန်မာနှင့်ထိုင်းအကြား ဆင်မှောင်ခိုအရောင်းအ၀ယ်ဖြစ်ပွားနေ

( The Guardian မှ 24 July 2012 ရက်စွဲပါ “Tourism driving illegal elephant trade in Burma and Thailand”  သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ကမ္ဘာတွင် ကျဆင်းမှုကြောင့်ဂျပန်၏ပို့ကုန် ဇွန်လတွင်ကျဆင်း

( 25 July 2012 ရက်စွဲပါ BBC News မှ Japan’s exports slide in June hurt by global slowdown ကိုဘာသာပြန်ဆိုသည်)

  1. နေပြည်တော်မှလေ့လာသင်ယူရန်ပြုံယမ်းကို အမေရိကန်သံအမတ်တိုက်တွန်း

(The Korea Times မှ 25 July 2012 ရက်စွဲပါ “US ambassador urges NK to learn from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ခရီးသွားလုပ်ငန်းကြောင့် မြန်မာနှင့်ထိုင်းအကြား ဆင်မှောင်ခိုအရောင်းအ၀ယ်ဖြစ်ပွားနေ

( The Guardian မှ 24 July 2012 ရက်စွဲပါ “Tourism driving illegal elephant trade in Burma and Thailand”  သတင်းကို ဘာသာပြန်ဆိုသည်။)

မျိုးသုန်းမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသော အာရှဆင်ရိုင်းများကို ထိုင်းခရီးသွားလုပ်ငန်းအတွက် အသုံးတော်ခံရန် နယ်စပ်ဖြတ်ကူး တရားမဝင် ရောင်းဝယ်နေမှုသည် ရှားပါးတိရိစ္ဆာန်မျိုးစိတ်များ၏ အနာဂါတ်ကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း Ecologist Film Unit(EFU)၏ စုံစမ်းစစ်ဆေး တွေ့ရှိမှုများက ဖော်ထုတ်လိုက်ပြီဖြစ်သည်။

နှစ်စဉ်အနည်းဆုံးအားဖြင့် အရေအတွက် ၅၀ မှ ၁၀၀ အကြားရှိသော ဆင်ပေါက်လေးများနှင့် ဆင်ပျိုမလေးသည် ၄င်းတို့၏နေရပ်ဇာတိ မြန်မာသစ်တောများမှခွာကာ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းစဉ်များတွင် အသုံးတော်ခံရန် တရားမဝင်ပို့ဆောင် ရောင်းချခြင်းခံနေရသည်ကို Link TV၊ Elephant family အင်ဂျီအိုနှင့် EFU တို့ ပူးပေါင်းစီစဉ် ထုတ်လုပ်သောဗီဒီယိုက ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

၎င်း တိရိစ္ဆာန်အများစုကို ထိုင်းနိုင်ငံ၌ပွဲတော်များတွင် လှည့်လည်ရန်၊ သဘာဝတောရိုင်းတိရိစ္ဆာန်ဥယျာဉ်များတွင် ဧည့်သည်များကို ဆွဲဆောင်ရန်နှင့် ခရီးသွားစခန်းများတွင် တိုးရစ်များစီးနင်းရန်အတွက် အသုံးပြုကြခြင်းဖြစ်သည်။

၎င်းဖြစ်ရပ်အတွင်း မရေတွက်နိုင်သောဆင်များ သေဆုံးခဲ့ကြပြီး မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော လက်ကျန်ဆင်မျိုးစိတ်များကို ခြိမ်းခြောက်နေပြီဟု ပတ်ဝန်းကျင်ထိန်းသိန်းရေး လှုပ်ရှားသူများက သတိပေး ပြောကြားခဲ့သည်။

သဘာဝသစ်တောများထဲမှ ဆင်ပေါက်ကလေးများကိုဖမ်းဆီးရာတွင် ခုခံကာကွယ်ကြသော ဆင်မိခင်များနှင့် ဆင်အုပ်မိသားစုဝင်ဆင်များကို အော်တိုမက်တစ်ရိုင်ဖယ်များဖြင့် ပစ်ခတ်နှိမ်နင်းသတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားတတ်သည်။ ဖမ်းဆီးရမိသော ဆင်ပေါက်များကို ကျိုးသွင်း၊ တုတ်နှောင်၊ အစာမကျွေးပဲ ရိုက်နှက်ညှင်းပန်းသော စိတ်ဓာတ်ဦးချိုးသည့် လုပ်ငန်းစဉ်တွင်လည်း ၃ ကောင်လျှင် ၁ ကောင်ခန့်သာ အသက်ရှင် ကျန်ရစ်သည်ဟု ခန့်မှန်းထားကြသည်။

ထိုင်းနိုင်ငံခရီးသွားစခန်းများသို့ နှစ်စဉ်လာရောက်လည်ပတ်သော ခန့်မှန်းခြေဗြိတိသျှခရီးသွားဧည့်သည် တစ်သန်းခန့်သည် အဆိုပါ လူမဆန်သော တိရိစ္ဆာန်အရောင်းအဝယ်ဖြစ်စဉ်ကို မရည်ရွယ်ပဲ မီးထိုးမြှောက်ပင့်ပေးရာ ရောက်နေသည်ဟူသော အငြင်းပွားမှုများ ထွက်ပေါ်လာသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၃ မတ်လတွင်ကျင်းပမည့် Convention on International Trade in Endangered Species of Fauna and Flora CITES ညီလာခံမတိုင်မီ အထက်ဖော်ပြပါ ဆင်မှောင်ခိုရောင်းဝယ်မှုများကို အသစ်ထပ်မံနှိမ်နင်းရန် တိရိစ္ဆာန်ကာကွယ်ရေးလှုပ်ရှားသူများက ထိုင်း အာဏာပိုင်များကို တောင်းဆိုထားသည်။

                                                                    ******************************************

ကမ္ဘာတွင် ကျဆင်းမှုကြောင့်ဂျပန်၏ပို့ကုန် ဇွန်လတွင်ကျဆင်း

( 25 July 2012 ရက်စွဲပါ BBC News မှ Japan’s exports slide in June hurt by global slowdown ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ဇွန်လတွင်းလေးလအတွင်း ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့သည်။ တရုတ်နှင့် ဥရောပကဲ့သို့သော အဓိက ဈေးကွက်များတွင် ဝယ်လိုအားထိခိုက်သောကြောင့် ကျဆင်းခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်သည် လွန်ခဲ့သောနှစ်ကထက်စာလျှင် ၂.၃% ကျဆင်းခဲ့ရာ လွန်ခဲ့သည့်လက ၁၀% ခုန်တက်ခဲ့သည်။

ဥရောပသမဂ္ဂသို့ သဘောင်္တင်ပို့မှုမှာ ၂၁.၃% ထိကျဆင်းခဲ့ပြီး တရုတ်နိုင်ငံသို့ သဘောင်္တင်ပို့မှုမှာ ၇.၃% ထိ ကျဆင်းခဲ့သည်။

ဂျပန်နိုင်ငံသည် တိုးတက်မှုအတွက် ပို့ကုန်ပေါ်တွင် ကြီးစွာမှီခိုရလျှက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမှုသည် ၎င်း၏စီးပွားရေးကို ထိခိုက်မည်ကို စိုးရိမ်မှုများရှိလာသည်။

သုံးသပ်သူများက သတိပေးရာတွင် ပို့ကုန်တင်ပို့မှုသည် လာမည့်အနီးကပ်ဆုံး အနာဂတ်တွင်လည်း အားနည်းနေနိုင်သေးကြောင်း ဆိုသည်။

“ပို့ကုန်ပာာ ဆက်လက်နှေးကွေးနေဆဲဖြစ်ပါတယ်။ အခုဘဏ္ဍနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ ဂျပန်စီးပွားရေးအတွက် ပြင်ပကမှာယူမှုကို များများမမျှော်လင့်နိုင်ပါဘူး”ဟု မစ်ဆူဟိုသုတေသနအဖွဲ့မှ အကြီးတန်းစီးပွားရေးပညာရှင် Yasuo Yamamoto က ပြောသည်။

Mr Yamamoto က ဆက်လက်ပြောကြားရာတွင် အကယ်၍ ဥရောပဇုန်မှ ကြွေးမြီပြဿနာနှင့် အမေရိကန်နှင့် တရုတ်တို့၏ စီးပွားရေးများ ဆက်လက်နှေးကွေးနေပါက ဂျပန်နိုင်ငံ၏ ပို့ကုန်နှင့်စီးပွားရေးမှာ ပို၍သတိပြုမိဖွယ် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။

“ဂျပန်ရဲ့စီးပွားရေးဟာ စီးပွားရေးပျက်ကပ်ဆီကို ကျဆင်းနေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

မူဝါဒချမှတ်သူများ စဉ်းစားရပိုမိုရှုပ်ထွေးစေသည့်အဖြစ်မှာ ဇွန်လတွင် သွင်းကုန်များလည်း ကျဆင်းသွားခြင်း ဖြစ်သည်။ ထိုအချက်က ပြသသည်မှာ ပို့ကုန်ကျဆင်းမှုကို ကာမိစေရန် ဂျပန်နိုင်ငံပြည်တွင်းစားသုံးမှုမှာလည်း တိုးတက်မလာကြောင်း ပြဆိုခြင်းဖြစ်သည်။

ဇွန်လတွင် ယခင်နှစ်ကနှင့်စာလျှင် ပို့ကုန်မှာ ၂.၂% ကျဆင်းခဲ့ပြီးမေလက ၉% ကျော် ခုန်တက်ခဲ့ပါသည်။

သွင်းကုန်ကျဆင်းမှု၏ အဓိကကဏ္ဍမှာ ရေနံဈေးနှုန်းကျဆင်းမှုကြောင့် ဖြစ်သည်။ သုံးသပ်သူများက ပြောကြားရာတွင် အခြားကုန်ပစ္စည်းများ ဂျပန်နိုင်ငံသို့ သဘောင်္ဝင်ရောက်မှုကျဆင်းခြင်းမှာ ပြည်သူစားသုံးမှုတွင်ခြုံကြည့်ပါက အားနည်းမှုရှိသည်ကို ပြသသည်ဟု ဆိုသည်။

သံနှင့်သံမဏိထုတ်ကုန်ပစ္စည်း တင်သွင်းမှုမှာ ၁၂% ကျဆင်းခဲ့ပြီး ဖဲရပ်မပါသောသတ္တု(Non-Ferrous metals)များ တင်သွင်းမှုမှာလည်း ၁၀% ကျော် ကျဆင်းခဲ့သည်။

ဝေဖန်သုံးသပ်သူများကပြောကြားရာတွင် ပို့ကုန်ကျဆင်းမှုတွင် ပြည်တွင်းစားသုံးမှုကျဆင်းမှုက ထပ်မံပံ့ပိုးလိုက်သောအခါ ဂျပန်နိုင်ငံ၏ တိုးတက်မှု နှေးကွေးနေဦးမည်ကို ပြသနေသည်။

“ဧပြီလကို ပြန်ကြည့်မယ်ဆိုလျှင် ဂျပန်နိုင်ငံရဲ့ အဓိကမြင်ကွင်းကတော့ ပြည်တွင်းစားသုံးမှု ပြန်လည်တက်လာရေးနဲ့ ပို့ကုန်တိုးချဲ့ရေးတွေမှာ ထူထူထောင်ထောင် ဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ပို့ကုန်သက်သက်ကို ကြည့်ရင်တော့ အခြေအနေ မကောင်းတော့ပါဘူး”ဟု Deutsche Securities မှ Seji Adachi က ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ နလံထူမှုဟာ အခုနှစ်ပထမနှစ်ဝက်က ထိပ်ဆုံးမှာရောက်ခဲ့ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

                                                                    ***********************************

နေပြည်တော်မှလေ့လာသင်ယူရန်ပြုံယမ်းကို အမေရိကန်သံအမတ်တိုက်တွန်း

(The Korea Times မှ 25 July 2012 ရက်စွဲပါ “US ambassador urges NK to learn from Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်သံအမတ်ကြီးက မြောက်ကိုရီးယားနိုင်ငံအား ပြည်သူများဘဝတိုးတက်စေရန်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လေ့လာသင်ယူရန် တိုက်တွန်းလိုက်သော်လည်း နျူကလီးယားရည်မှန်းချက်ကို မစွန့်လွှတ်ပါက ဆက်လက် ပစ်ပယ်ထားခြင်း ခံရလိမ့်မည်ဟု ပြုံယမ်းခေါင်းဆောင်ပိုင်းကို ဗုဒ္ဓဟူးနေ့က သတိပေး ပြောကြားလိုက်သည်။

“စားနပ်ရိက္ခာအကူအညီ ရရှိရန်အတွက် နျူကလီးယားဖျက်သိမ်းရေးလုပ်ငန်းများလုပ်ဆောင်ရန် ဖေဖော်ဝါရီ ၂၉ ရက်တွင် ဝါရှင်တန်နှင့် သဘောတူညီထားခြင်းကို ပြုံယမ်းက ဧပြီလတွင်တာဝေးပစ် ဒုံးကျည်ပစ်လွှတ်ကာ ချိုးဖောက်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားနှင့် ဆွေးနွေးပွဲပြန်စရေးကိစ္စကို အမေရိကန်အစိုးရက အယုံအကြည်မရှိတော့”ဟု တောင်ကိုရီးယားဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားသည်။

“မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံမှာ တူညီတဲ့အချက် တော်တော်များပါတယ်။ ဆိုးတဲ့ကိစ္စတွေမှာလည်း အများကြီးတူကြတယ်။ ဒါပေမယ့် မြန်မာခေါင်းဆောင်တွေက အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြတယ်။ သူတို့ပြည်သူတွေရဲ့ဘဝတိုးတက်စေဖို့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်”ပာု ၎င်းကဆက်လက်ပြောကြားသည်။

“ဒီလိုလမ်းမှန်ပေါ်ရောက်လာတဲ့ဆုံးဖြတ်ချက်ကို အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအဝိုင်းက ချက်ခြင်းအသိအမှတ်ပြု ကြိုဆိုခဲ့ကြပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်တွေလည်း ဒီလိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကျွန်တော်တို့ကလည်း အပြုသဘောတုန့်ပြန် ကြိုဆိုကြမှပါ”ဟု အမေရိကန်သံအမတ်ကြီး ဆန်ကင်မ်က ပြောကြားသည်။

ဧပြီ ၁၃ ရက်တွင် ပြုံယမ်းက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်ပြီးနောက်ပိုင်း၊ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် ဖျက်သိမ်းရေးဆိုင်ရာ ၆ နိုင်ငံဆွေးနွေးပွဲ ပြန်စရေးကြိုးပမ်းမှုများ အေးစက်သွားခဲ့သည်။

အာခံသောပြုံယမ်း၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု မအောင်မြင်သော်လည်း စစ်သုံးတာဝေးဒုံးကျည်ကို ရုပ်ဖျက်စမ်းသပ်မှုအဖြစ် လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချခဲ့ပြီး ဝါရှင်တန်နှင့် အပေးအယူလုပ်ထားသော စားနပ်ရိက္ခာထောက်ပံ့ကယ်ဆယ်ရေးအစီအစဉ်လည်း ပျက်ပြား သွားခဲ့ရသည်။

“ဖေဖော်ဝါရီ ၂၉ ရက် စားနပ်ရိက္ခာထောက်ပံ့ရေး သဘောတူညီချက်ဟာ ပြုံယမ်းခေါင်းဆောင်သစ်တွေရဲ့ နျူကလီးယား ဆွေးနွေးပွဲအပေါ် သဘောထားကို လေ့လာဆန်းစစ်ဖို့ ကျွန်တော်တို့ကြိုးစားကြည့်တာပါ။ ဒါပေမယ့် သဘောတူစာချုပ် မှင်မခြောက် သေးခင်မှာပဲ မြောက်ကိုရီးယားက စည်းကမ်းဖောက်ဖျက်ပြီး တာဝေးပစ်ဒုံးကျည် စမ်းသပ်ခဲ့ပါတယ်။ပြုံယမ်းရဲ့ အခုလိုလုပ်ရပ်တွေကြောင့် ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်ရပါတယ်”ဟု ယခင် ၆ နိုင်ငံ အစည်းအဝေးပွဲကို အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သူ သံအမတ်ကြီး ဆန်းကင်မ်က ပြောကြားသည်။

သံအမတ်ကြီးက ဆက်လက်၍“ဧပြီလ ဒုံးကျည်စမ်းသပ်မှုကြောင့် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုတွေပြန်စဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြုံယမ်းအနေနဲ့ အခုလိုရန်စခြိမ်းခြောက်မှုတွေကြောင့် ကောင်းတဲ့ရလဒ်မရနိုင်ပါဘူး။ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်ပြီးကိုင်ဆွဲထားမယ်ဆိုရင် ဆက်လက်ပစ်ပယ်ထားခြင်း ခံရပါလိမ့်မယ်”ဟု သတိပေးပြောဆိုသည်။

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအန်းသည် ဖခင်၏အာဏာအမွေကိုဆက်ခံပြီး ၇ လအကြာတွင် အာဏာခြေကုတ်မြဲရန် လှုပ်ရှားမှုအဖြစ် တပ်မတော်အကြီးအကဲ ရီယွန်ဟိုကို ရာထူးမှထုတ်ပယ်ပြီးနောက် ပြီးခဲ့သောအပတ်တွင် (ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး)မာရှယ်ဘွဲ့ကို ခံယူခဲ့ကြောင်းသိရှိရသည်။ယင်းသို့ အာဏာကုလားထိုင် ခြေကုတ်မြဲရန်ပြိုင်ဘက်များအား ရာထူးထုတ်ပယ်ဖမ်းဆီးခြင်းကို မြန်မာအာဏာပိုင် အသိုင်းအဝိုင်းတွင် အာဏာတည်ဆောက်သည်ဟု ခေါ်ဝေါ်ကြသည်။

        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment