Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၈.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ပြီလော

(26 July 2012 ရက်စွဲပါ The Diplomat မှ Burma opens for Buisness? ကိုဘာသာပြန်ဆိုသည်)

  1. အမေရိကန်၏ သွင်းကုန်တားမြစ်မှုဥပဒေသည် မြန်မာပြည်သူများကို ထိခိုက်စေ

(Channel News Asia မှ 27 July 2012 ရက်စွဲပါ“US import ban hurting Myanmar people: think tank” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာရွှေ့ပြောင်းလုပ်သမားများကိစ္စကို ထိုင်းအစိုးရ အပြီးသတ်ကိုင်တွယ်လို

(The Nation မှ 27 July 2012 ရက်စွဲပါ “ Govt wants to take over nightmare labour” သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ပြီလော

(26 July 2012 ရက်စွဲပါ The Diplomat မှ Burma opens for Buisness? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပြင်ပကမ္ဘာသို့တံခါးဖွင့်လာသည်။ အများစုကသိသာသော အကျိုးအမြတ်များကို မြင်နေသည်ဆိုသော်လည်း ရင်းနှီးမြှပ်နှံသူများစဉ်းစားရမည့် အခက်အခဲများရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့သည့်တစ်နှစ်ခွဲအတွင်း အရေးပါသော နိုင်ငံရေးအရပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အရေးယူမှုများကို တစိတ်တပိုင်း ဖြေလျော့ပေးခဲ့သည့်နောက်ပိုင်းတွင် ရင်းနှီးမြှပ်နှံသူများကလည်း ဆက်သွယ်ရန်အဆင်သင့်ဖြစ်နေသည်။ ရင်းနှီးမြှပ်နှံမှုဝန်းကျင်၏ အသွင်သဏ္ဍန်တွင် အန္တရာယ်ရှိသည့်အသွင်သဏ္ဍန် ရှိနေသော်လည်း ရေနံနှင့် ဓါတ်ငွေ့ကဲ့သို့သောကဏ္ဍတွင် အပေါင်းလက္ခဏာဆောင်ပြီး၊ ရင်းနှီးမြှပ်နှံသူများ ကြုံတွေ့ရမည့် အခက်အခဲများလည်း ရှိနေသည်။

အခြေခံအဆောက်အဦး

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦးအားလုံးလိုလိုသည် ဖွံ့ဖြိုးတိုးတက်ရန် အရေးတကြီးလိုအပ်နေခြင်းကြောင့် ထိုကဏ္ဍတွင် အခွင့်အလမ်းများ ပေါ်နေသည်ဆိုသည်မှာ အရေးတကြီးသိရှိရမည့်အချက် ဖြစ်သည်။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ ကြွေးမြီဒေါ်လာ(၃.၇)ဘီလီယံကို လျှော်ပစ်ခဲ့ခြင်းသည် အခြေခံအဆောက်အဦး စီမံကိန်းများရရှိနိုင်ရန် ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်သည်။ ထိုသို့လျှော်ပစ်ခဲ့ခြင်းကြောင့် ဂျပန်ကုမ္ပဏီများလုပ်ငန်းအတွက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်ရာတွင် မျက်နှာသာပေးမှုရနိုင်မည်ဖြစ်သည်။ ကာလတိုအတွင်းလုပ်ကိုင်ရမည့် အခြေခံကျသော အခြေခံအဆောက်အဦး လုပ်ငန်းများသည် စည်းမျဉ်းစည်းကမ်း တင်းကြပ်လှမည်မဟုတ်ဘဲ စာချုပ်တွင်လည်းစွန့်စားရမည့် အန္တရာယ်နည်းပါးကာ ဒေသခံပြည်သူများကို အကျိုးရှိစေမည်ဟုခံယူထားမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်။ အဆိုပါစီမံကိန်းများတွင် လမ်းဖောက်လုပ်ခြင်း၊ မြစ်များ နုန်းများဆယ်ယူခြင်း၊ မြစ်တွင်းသင်္ဘောသွားလာမှုနှင့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ခြင်းများ ပါဝင်သည်။

ရထားလမ်း၊ ဆိပ်ကမ်းနှင့် ရေလှောင်တမံစီမံကိန်းများမှာ အရေးကြီးသော ဥပဒေ၊ စည်းမျဉ်းများနှင့်ကြုံတွေ့ရနိုင်ပြီး၊ ဥပဒေများ ပြောင်းလဲသွားနိုင်ခြင်းကြောင့် အကာအကွယ်မပေးနိုင်ဘဲစာချုပ်တွင် စွန့်စားရမှုရှိနိုင်သည်။ ထို့အပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဆန့်ကျင်ဆန္ဒပြမှုများ ရှိလာနိုင်သည်။ မြန်မာနိုင်ငံ၏အကျိုးစီးပွားတွင် အဆိုပါစီမံကိန်းများ ပါဝင်ခြင်းမရှိဟု ယူဆရသည်။

ဆက်သွယ်ရေး(Telecommunnication)

ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၏ ဆက်သွယ်ရေးကဏ္ဍ တိုးတက်ရေးစီမံကိန်းကြီးတွင် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းအလုံးသန်း(၃၀)စီမံကိန်း ပါဝင်သော်လည်း၊ ရန်ပုံငွေမရှိခြင်းနှင့် အခြေခံအဆောက်အဦးနိမ့်ကျနေခြင်းကြောင့် နှောင့်နှေးလျက်ရှိသည်။ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ အနည်းငယ်မျှသာရှိပြီး၊ တရုတ်၊ ထိုင်းကုမ္ပဏီများနှင့် နိုင်ငံပိုင်ကုမ္ပဏီများ အခြေခံအဆောက်အဦးအတွက် ဖက်စပ်ဆောင်ရွက်မှုကိုလည်း ကြီးစွာကန့်သတ်ထားဆဲဖြစ်သည်။ နိုင်ငံပိုင်ဆက်သွယ်ရေး(MPT)သည် ဆက်သွယ်ရေးကဏ္ဍတွင်ကြီးစိုးထားသော်လည်း၊ GSM၊ CDMA နှင့် WCDMA မိုဘိုင်းကွန်ယက်များတွင် လိုက်လျောညီထွေ ချိတ်ဆက်ပေးခြင်းနှင့်ပတ်သက်၍ နည်းပညာချူချာခြင်း၊ မိုဘိုင်းတာဝါတိုင်များတည်ဆောက်ရန် ငွေလုံလောက်အောင်မရှိခြင်း၊ သုံးစွဲမှုနှင့် လုံလောက်အောင် အင်တာနက်ဆာဗာများ တည်ဆောက်ရန်လည်း ငွေမလုံလောက်ခြင်းများရှိနေသည်။

ထို့အပြင် အစိုးရသည် ဆက်သွယ်ရေးကဏ္ဍ၏ အတော်များများကို ချုပ်ကိုင်ထားရန် စီမံထားပုံရသည်။ သို့သော် ဝန်ဆောင်မှုကဏ္ဍတွင် မူတစိတ်တပိုင်း ပုဂ္ဂလိကများသို့ ခွင့်ပြုနေသည်။ အင်တာနက်နှင့် မိုဘိုင်းဖုန်းဝန်ဆောင်မှုများ အချို့ပုဂ္ဂလိကကို ချထားပေးခြင်းများ တွေ့ရသည်။ သို့သော် ယခင်စစ်အစိုးရဟောင်းနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များသို့ ချထားပေးသောပုံစံကိုသာတွေ့ရပြီး၊ စာချုပ်ချုပ်ဆိုမှုများသည် ပွင့်လင်းမြင်သာမှုမရှိသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသော Red link သည် သူရဦးရွှေမန်း၏သားက ပိုင်ဆိုင်သည်။ ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ၏ ထူးထရေးဒင်းသည် Elite Information Technology Central Service စသည့် ကုမ္ပဏီခွဲများအဖြစ် ဆက်သွယ်ရေးဈေးကွက်၏ အစိတ်အပိုင်းတော်တော်များများကို လက်ဝါးကြီးအုပ်ထားသည်။

ထို့ကြောင့် အစိုးရသည် ဆက်သွယ်ရေးလုပ်ငန်းတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် အသာစီးရထားသူများ၏အကျိုးစီးပွားကို အကာအကွယ်ပေးသော ဥပဒေစည်းမျဉ်းများကို ဆက်လက်ဖက်တွယ်ထားမည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှပ်နှံသူများသည် ဥပဒေမပြင်ဆင်ခြင်းကြောင့် အခက်အခဲများကြုံတွေ့ရမည် ဖြစ်သည်။ စည်းမျဉ်းဥပဒေများက ပြုပြင်ပြောင်းလဲရေးမှာ လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်းမှသာဖြစ်ဖွယ်ရှိရာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများအတွက် အခွင့်အလမ်းများမှ အကန့်အသတ်များရှိနေဦးမည်ဖြစ်သည်။ အခြေခံအဆောက်အဦးနှင့် ဝန်ဆောင်မှုများတွင်လည်း နည်းပညာလွှဲပြောင်းမှု လိုအပ်ချက်မှာ အရေးပါနေသည်။

သတ္တုကဏ္ဍ

သတ္တုတွင်းဝန်ကြီးဌာနတွင် နည်းပညာကျွမ်းကျင်မှု အနည်းငယ်သာရှိသည်။ ၎င်းသည် နိုင်ငံခြားကုမ္ပဏီများကို ၁၉၉၄ ခုနှစ်ကတည်းက ရင်းနှီးမြှပ်နှံခွင့်ပြုထားသည်။ လက်ရှိအားဖြင့်မူ သတ္တုတူးဖော်ရေးကုမ္ပဏီ ကိုယ်ပိုင်ပိုင်ဆိုင်ခွင့်မပြုဘဲ၊ ပြည်တွင်းကုမ္ပဏီတွင် ရင်းနှီးမြှပ်နှံရမည်ဖြစ်၍ တရားဝင်ရပိုင်ခွင့် အနည်းငယ်သာ ပေးထားသည်။

ကြောက်မက်ဖွယ် စွန့်စားရမှုများ

တိုင်းရင်းသားသူပုန်အုပ်စုများသည် သူပုန်ထမှုများလုပ်ဆောင်လျက်ရှိရာ၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်များတွင်၊ ဆယ်စုနှစ်များစွာကတည်းက အစိုးရတပ်များနှင့် အစိုးရ၏ အခြေခံအဆောက်အဦးများကို မကြာခဏတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိသည်။ သို့သော် အစိုးရသည် ၂၀၁၂ ဇန်နဝါရီလတွင် ချင်း၊ ကရင်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးခဲ့သည်။ သို့သော် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။

ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍ

မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍသည် တင်ဒါစနစ်ဖြင့်မလုပ်ဆောင်မီက အာဏာရှိစစ်အစိုးရ တာဝန်ရှိသူများ၏ သားသမီးများအား လုပ်ကွက်များ ချထားပေးခြင်းမှအစပြု၍ တိုးတက်လာခဲ့သည်။ ယခုအခါ ကုန်းတွင်းရော၊ ကမ်းလွန်လုပ်ကွက်များပါ အစိုးရမှကြီးမှူး၍ တင်ဒါဖွင့်သောစနစ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်သည် ရေနံနှင့် ဓါတ်ငွေ့ကိုရှာဖွေခွင့်နှင့် ထုတ်ယူခွင့်ကို တစ်ဦးတည်းပိုင်ဆိုင်သည်။ သို့သော် အစိုးရသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို နိုင်ငံပိုင်ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE နှင့် ထုတ်လုပ်မှုမျှဝေခံစားရေးစာချုပ်ဖြင့် ဖက်စပ်ခွင့်ပြုရန် အခွင့်အရေး ရရှိထားသည်။ ထို့ကြောင့် MOGE နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ရင်းနှီးမြှပ်နှံသူများအတွက် အတူလုပ်ကိုင်ရန် ပို၍ပညာရှင်ပီသပြီး၊ လုပ်သာကိုင်သာရှိသော အစိုးရအဖွဲ့အစည်းများတွင် ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ MOGE သည် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ရေနံနှင့် ဓါတ်ငွေ့စာချုပ်များချုပ်ဆိုမှုတွင် ပြည်သူသို့ အသိပေးလိုကြောင်း ပြောကြားခဲ့သည်။ အနောက်နိုင်ငံအစိုးရက သူ၏ ပြောကြားချက်ကို အလေးအနက်ထားကြခြင်းကြောင့် အစိုးရသည် နောက်ပိုင်း စာချုပ်ချုပ်ဆိုမှုများကို ပြည်သူသို့ အသိပေးထုတ်ပြန်ဖွယ်ရှိသည်။

ကုန်းတွင်းနှင့် ကမ်းလွန်ရေနံလုပ်ကွက်များနှင့် ရေနံချက်စက်ရုံများတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွင် အခွင့်အလမ်းများရှိသည်။ ကမ်းလွန်လုပ်ကွက်များတွင် လုပ်ကိုင်နေသောကုမ္ပဏီများအတွက် ၎င်းတို့၏ ထွက်ရှိမှုများကို ကုန်းတွင်းသို့ ပို့ဆောင်ရာတွင် နိုင်ငံရေးအရ စွန့်စားရမှုများသည် စိတ်ပူပန်ဖွယ် ကြီးမားလာနိုင်သည်။ ဆိပ်ကမ်းအများစုကို အသာစီးရထားသော လုပ်ငန်းရှင်များကသာ ချုပ်ကိုင်ထားကြရာ၊ ဆိပ်ကမ်းပိုင်ဆိုင်ခွင့်အတွက် ပြိုင်ဆိုင်ရာတွင် ပိုင်ဆိုင်မှုပုံစံ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကို တွေ့လာရနိုင်သည်။ ပိုင်ဆိုင်သူများကို သတ်မှတ်ရန်ခက်ခဲပြီး အနာဂါတ်တွင် ပိုင်ဆိုင်မှုနဲ့ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်လာနိုင်သည်။ ထို့အပြင် ပြည်နယ်တိုင်းအစိုးရများနှင့် သက်ဆိုင်သော ကိစ္စရပ်များလည်း ပေါ်ပေါက်လာနိုင်ပြီး၊ ၎င်းတို့ နယ်မြေကို ဖြတ်၍သယ်ဆောင်သော ရေနံနှင့်ဓါတ်ငွေ့များအတွက် သီးခြားအခွန်ကောက်ခြင်း ဖြစ်လာနိုင်သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု များပြားလာသည်နှင့်အမျှ အစိုးရက ပိုမိုအသာစီးရရန် လုပ်ဆောင်လာခြင်းကြောင့် အထက်ဖော်ပြပါကိစ္စရပ်များ ဖြစ်လာနိုင်သည်။

                     **********************************************************

အမေရိကန်၏ သွင်းကုန်တားမြစ်မှုဥပဒေသည် မြန်မာပြည်သူများကို ထိခိုက်စေ

(Channel News Asia မှ 27 July 2012 ရက်စွဲပါ“US import ban hurting Myanmar people: think tank” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာထွက်ကုန်များကိုတားမြစ်သော အမေရိကန်ဥပဒေသည် ပစ်မှတ်ထားသော အကျင့်ပျက်ခြစား မြန်မာရေပေါ်ဆီအလွှာ၏အကျိုးစီးပွားကို မထိခိုက်စေပဲ၊ အထည်ချုပ်လုပ်ငန်းကဲ့သို့သော အလုပ်အကိုင် ဖန်တီးပေးနိုင်သည့်ကဏ္ဍများကိုသာ အခက်အခဲဖြစ်စေသည်ဟု သောကြာနေ့က ထုတ်ပြန်သောအစီရင်ခံစာ တစ်စောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် ယခင်တပ်မတော်အစိုးရဟောင်းလက်ထက်က သူဋ္ဌေးဖြစ်ခဲ့ကြသော ခရိုနီ စီးပွားရေးသမားများ၏ လက်ဝါးကြီးအုပ်မှုကို စိန်ခေါ်လျက်ရှိပြီး၊ ခေါင်းမာနေဆဲ အာဏာရှင်ခေါင်းဆောင်အချို့ကို ကျော်လွှားကာ ပိုမိုပွင့်လင်းလာမည့် စီးပွားရေးကဏ္ဍကို တည်ဆောက်နေသည်ဟု International Crisis Group ဥာဏ်ကြီးရှင်အုပ်စုက ပြောကြားသည်။

သို့သော် ယခုနှစ်အတွင်း သက်တမ်းကုန်မည့် အမေရိကန်သွင်းကုန် တားမြစ်ချက်ဥပဒေကို  ထပ်မံသက်တမ်းတိုးခြင်းသည် မြန်မာ့စီးပွားရေး ပြန်လည်တည်ဆောက်မှုအပေါ် ဆိုးဝါးသောသက်ရောက်မှုရှိနိုင်သည်ဟု ၎င်းအဖွဲ့က သတိပေးပြောဆိုသည်။

ယင်းဥပဒေသည် သာမန်ပြည်သူများစွာ အလုပ်အကိုင်ရရှိစေမည့်စီးပွားရေးကဏ္ဍများကို ထိခိုက်စေကာ၊ အမှန်တကယ် ပြဿနာရှိပုံရသော သယံဇာတ အဆီထုတ်ထုပ်ငန်းများဆီသို့ရောက်အောင် မြန်မာနိုင်ငံ၏စီးပွားရေးကို တွန်းပို့နေသည်ဟု ၎င်းအစီရင်ခံစာကဆိုသည်။

သယံဇာတကြွယ်ဝသော်လည်း နွမ်းပါးသည့်မြန်မာနိုင်ငံမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ကျောက်မျက်သတ္တုတူးဖော်ရေး ကဏ္ဍများသည် အဂတိလိုက်စားမှုများနှင့် ရိုးမြေကျပေါင်းဖက်လျက်ရှိပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ကြီးထွားလာစေသည်။

“ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ အခုလိုအဆင့်မျိုးမှာ အမေရိကန်ပြည်ထောင်စုက သူရဲ့သွင်းကုန်တားမြစ်ချက်ဥပဒေကို ဆက်လက်စွဲကိုင်ထားခြင်းဟာ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားနဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ဘယ်နည်းနဲ့မဆို ထောက်ကူပေးနိုင်ရဲ့လားဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်”ဟု CG အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှု လမ်းလျှောက်သင်စခြေလှမ်းလေးများကို တုန့်ပြန်သည့်အနေဖြင့် ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုတားမြစ်ထားသည့် Sanctions အချို့ကို ယခုလတွင်ရုတ်သိမ်းပေးခဲ့ပြီး ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကိုလည်း သွားရောက် လုပ်ကိုင်ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

သို့သော် မြန်မာထွက်ကုန်တားမြစ်ဥပဒေကို ဆက်လက်ချမှတ်ထားပြီး၊ နောက်ထပ် ၃ နှစ် သက်တမ်းတိုးသင့်သည်ဟု အထက်လွှတ်တော် ကော်မတီက ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးနွံထဲမှ ရုန်းထနေသော မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်အောင် မြန်မာအစိုးရကို ဖိအားပေးရန်အတွက် Sanctions အချို့ကိုဆက်လက်ထားရှိမည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် တပ်မတော်(စစ်တပ်)နှင့် ခရိုနီရေပေါ်ဆီများ၏လွှမ်းမိုးမှုကို အားနည်းသွားစေမည့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေခြင်းကို ICG အစီရင်ခံစာက ကြိုဆိုထောက်ခံထားသည်။

“ပါမစ်၊ လိုင်စင်၊ အစိုးရအကြီးစား ကန်ထရိုက်လုပ်ငန်းတွေရရှိအောင် လက်ဝါးကြီးအုပ် ထိန်းချုပ်မှုတွေအပါအဝင် ခရိုနီရေပေါ်ဆီတွေရဲ့ အဓိက ရပေါက်ရလမ်းတွေကို ဖယ်ရှားပစ်နေပါပြီ။ မှန်မှန်ကန်ကန် ဖြစ်ထွန်းလာမယ့် စီးပွားရေးနယ်ပယ်မှာ သူတို့အများကြီး စွန့်လွှတ်ရတော့မယ်ဆိုတာကို ခရိုနီတွေ သိနေကြပါပြီ။ အပြောင်းအလဲကို ဟန့်တားတာထက် အရိုက်အရာကျသွားတာကို အရှိအတိုင်းလက်ခံကြဖို့ အဆင်သင့် ဖြစ်နေကြပုံရပါတယ်”ဟု ICG အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအတောအတွင်း ထိပ်တန်းစစ်ဖက်တာဝန်ရှိသူက ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ တပ်မတော်ပိုင်ကုမ္ပဏီက ယခင်လက်ဝါးကြီးအုပ်ထားခဲ့သော စားအုန်းဆီနှင့် ဘီယာကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် ပိုမိုပြိုင်ဆိုင်နိုင်ရန် တံခါးဖွင့်ပေးနေပြီ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ကန့်လန့်ကာနောက်ကွယ်မှာ ကျားကွက်ရွှေ့နေဆဲဟုယူဆရသည့် အာဏာရှင်ဟောင်း ဂုရုကြီးဦးသန်းရွှေနှင့် တရင်းတနှီး အချိတ်အဆက်ရှိသော(အမာဂိုဏ်းသားဟု ဆိုကြသည်)ဒုတိယသမ္မတဦးတင်အောင်မြင့်ဦး နှုတ်ထွက်သွားခြင်းကို ICG အစီရင်ခံစာက ပြုပြင်ပြောင်းလဲမှုများ ပိုမိုဖြစ်ပေါ်လာစေမည့် သော့ချက်အဆင့်တစ်ခုဟု ကြိုဆို ရေးသားထားသည်။

ဦးတင်အောင်မြင့်ဦးထက် အနည်းငယ်မျှ ပိုမိုပျော့ပြောင်းသည်ဟုဆိုသော်လည်း ဂုရုကြီးဦးသန်းရွှေမိသားစုနှင့် တရင်းတနှီး အချိတ်အဆက်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ(ရန်ကုန်ဝန်ကြီးချုပ်)ကို ဒုတိယသမ္မတနေရာတွင် အစားထိုးရန် တပ်မတော်သားလွှတ်တော်အမတ်များက ရွေးချယ် တင်သွင်းထားသည်။ သို့သော် ဦးမြင့်ဆွေ၏သားမက်ဖြစ်သူမှာ သြစတြေးလျနိုင်ငံသား ခံယူထားသောကြောင့် ဒုတိယသမ္မတအရည်အချင်း သတ်မှတ်ချက် ကိုက်ညီမှုကို စစ်ဆေးနေဆဲဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

အမည်မဖော်လိုသော မြန်မာ့နိုင်ငံရေးအကဲခတ်အချို့ကမူ“အခုကိစ္စမှာ ဂုရုကြီးဦးသန်းရွှေက ဦးမြင့်ဆွေကို ဒုသမ္မတနေရာပေးချင်လို့ သတ်မှတ်ထားတဲ့စည်းကမ်းကို လျှော့ပေးလိုက်မယ်ဆိုရင် ၂၀၁၅ မှာ ခေါင်းဆောင်လုပ်ဖို့ ပြင်ဆင်နေတဲ့လေဒီကို တားဆီးနိုင်မယ့် ညှစ်ကွက်တစ်ခု လျော့သွားမှာစိုးလို့ အခုလိုကြန့်ကြာနေတာပါ။ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်သွားတာကတော့ Hardliner လို့ နာမည်ပေးထားတဲ့ နယ်ရုပ်ကလေးကို ချကြွေးလိုက်တာပေါ့”ပာု မှတ်ချက်ပေးပြောဆိုထားသည်။

                                                                        ********************************************

မြန်မာရွှေ့ပြောင်းလုပ်သမားများကိစ္စကို ထိုင်းအစိုးရ အပြီးသတ်ကိုင်တွယ်လို

(The Nation မှ 27 July 2012 ရက်စွဲပါ “ Govt wants to take over nightmare labour” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံက တရားမဝင်အလုပ်သမားများမှတ်ပုံတင်ရန်အတွက် နောက်ဆုံးသတ်မှတ်ရက် ဒီဇင်ဘာ ၁၄ ကို သက်တမ်းတိုးပေးတော့မည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုင်းနိုင်ငံသည် ယခုစနစ်ကိုပြောင်းလဲရန် ဆန္ဒရှိပြီး ရေရှည်တွင် အစိုးရ၊ အစိုးရချင်း ကန်ထရိုက်စာချုပ်မှတဆင့် အလုပ်သမားများကို ခေါ်ယူတော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဗန်ဒန်ချိုင်းဆာဆုမ်ဆပ်က မနေ့က ပြောကြားသည်။

မြန်မာသမ္မတဦးသိန်းစိန်၏ ယခုတစ်ပတ် ဘန်ကောက်ခရီးစဉ်တွင် ဆွေးနွေးညှိနှိုင်းခဲ့သော သဘောတူညီချက်များကို ကိုးကားပြောဆိုသည့် ထိုင်းအလုပ်သမားဝန်ကြီးက “အစိုးရသဘောတူညီချက်များမှ တဆင့်သာ မြန်မာအလုပ်သမားများကို ခေါ်ယူသွားတော့မည်ဟု ပြောကြားသည်။ ကန်ထရိုက်စာချုပ်များ စီစဉ်ထွက်ပေါ်လာရန် နှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်ပြီး၊ နောက်ထပ် လေးနှစ်မကျော်ဟု သိရသည်။

ဝန်ကြီးက တရားမဝင်အလုပ်သမားများ မှတ်ပုံတင်ရန် နောက်ဆုံးရက်နှင့်ပတ်သက်၍ ပြောကြားရာတွင် သတ်မှတ်ရက်ကို အကြိမ်များစွာ သက်တမ်းတိုးပေးခဲ့သော်လည်း၊ ယခုဒီဇင်ဘာ ၁၄ ရက်မှာမူ နောက်ဆုံးဖြစ်လိမ့်မည်ဟု ပြောကြားသည်။

သမ္မတဦးသိန်းစိန်က “မြန်မာအလုပ်သမားများ အိမ်သို့ ပိုက်ဆံလွယ်ကူစွာပို့နိုင်အောင် ပြုလုပ်ပေးရန်၊ ကျွမ်းကျင်မှုနှင့် လုပ်ငန်းဆိုင်ရာ သင်တန်းများပေးရန်၊ ကောင်းမွန်သော လူမှုစောင့်ရှောက်ရေးဆိုင်ရာကိစ္စများနှင့် အလုပ်ရှင်များ၏ ညှင်းပန်းနှိပ်စက်မှုများမှ အကာအကွယ်ပေးရန်”အတွက် ထိုင်းအာဏာပိုင်များထံမှ အကူအညီအထူးတောင်းခံ သွားခဲ့သည်ပာု ဝန်ကြီးပါဒန်ချိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment