Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအတွက် အကူအညီပေးရေးအစီအစဉ် ကမ္ဘာ့ဘဏ်ပြန်လည်စတင်

(The Hindu မှ 1 August 2012 ရက်စွဲပါ World Bank set to resume aid to Myanmar after 25 years ကိုဘာသာပြန်ဆိုသည်)

  1. ငြိမ်းချမ်းရေးအတွက် ယခင်အသွင်နှင့်မတူသောစိတ်ဝင်စားဖွယ်လမ်းကြောင်းတစ်ခု

(3 August 2012 ရက်စွဲပါ Inter Press Service မှ MarwaanMacan-Marker ရေးသားသော An Unconventional Road To Peace ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာတွင် ဂျပန်ယဉ်ကျေးမှုလှိုင်းထွက်ပေါ်အောင် ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင် တွန်အားပေး

(The Asahi shinbun မှ  3 Aug 2012 ရက်စွဲပါ “Exchange Mission Pushes Wave of Japanese Culture In Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံအတွက် အကူအညီပေးရေးအစီအစဉ် ကမ္ဘာ့ဘဏ်ပြန်လည်စတင်

(The Hindu မှ 1 August 2012 ရက်စွဲပါ World Bank set to resume aid to Myanmar after 25 years ကိုဘာသာပြန်ဆိုသည်)

နှစ်ပေါင်း ၂၅ နှစ်တာမျှအဆက်ပြတ်ခဲ့သည့် မြန်မာနိုင်ငံအား ယခုအချိန်မှစ၍ အကူအညီအထောက်အပံ့များ ပြန်လည်ပေးအပ်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သြဂုတ်လ ၁ ရက်နေ့တွင် ပြောကြားသည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ကြေး ဒေါ်လာ ၈၅ သန်းပေးအပ်ရန်အသင့်ဖြစ်နေသလို ယခင်ချေးငွေဟောင်းများမှ ကြွေးကျန်ဒေါ်လာ သန်း ၄၀၀ နီးပါးခန့်အား ရှင်းထုတ်နိုင်ရေးအတွက် အကူအညီ ပေးအပ်မည်လည်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုသည်။

ရန်ကုန်မြို့၌ မကြာသေးခင်က ဖွင့်လှစ်လိုက်သော ကမ္ဘာ့ဘဏ်အုပ်စုရုံးခွဲသစ် ဖွင့်လှစ်ပွဲအခမ်းအနားတွင် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Pamela Cox က မြန်မာနိုင်ငံအတွက် ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း ကြေညာသည်။ အကယ်၍ ကမ္ဘာ့ဘဏ်၏ဘုတ်အဖွဲ့က အတည်ပြုမည်ဆိုပါက လာမည့်အောက်တိုဘာလတွင် စတင်ပေးအပ်သွားနိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။

မစ္စ Pamela Cox နှင့် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်းမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးသည် မြန်မာသမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်သည် မြန်မာအစိုးရသစ်လက်ထက် နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခဲ့သည့် အချိန်နောက်ပိုင်း ကမ္ဘာ့ဘဏ်၏ အဆင့်မြင့်အရာရှိကြီးများ ပထမဆုံးလာရောက်လည်ပတ်မှုလည်း ဖြစ်သည်။

"မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှုကို ပုံစံသုံးမျိုးနဲ့လုပ်ဆောင်နေတဲ့အချိန်မှာ ဒီခရီးစဉ်နဲ့ အကူအညီ အထောက်အပံ့ပေးမယ့်ကိစ္စ ဖြစ်လာတာပါ။ အဆင့်သုံးမျိုးဆိုတာကတော့ စစ်အစိုးရအုပ်ချုပ်တဲ့စနစ်ကနေ ပိုမိုပွင့်လင်းတဲ့ဒီမိုကရေစီအစိုးရ အုပ်ချုပ်တဲ့စနစ်ကိုပြောင်းလဲမှု၊ ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းအောင်လုပ်ဆောင်မှု၊ စီးပွားရေးတံခါးဖွင့်ကျင့်သုံးမှုတို့ပဲဖြစ်ပါတယ်"ဟု မစ္စ Cox ကပြောသည်။

မြန်မာသမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကြောင့် အမေရိကန်ပြည်ထောင်စုနှင့် အီးယူတို့က မြန်မာအပေါ် ကန့်သတ်ပိတ်ဆို့ထားမှုများကို လျှော့ချပေးလိုက်သည်။ သို့သော် ကမ္ဘာ့ဘဏ်အနေဖြင့် ပို၍ထိရောက်သော အကူအညီအထောက်အပံ့များ ပေးနိုင်ရေးအတွက် ပိတ်ဆို့အရေးယူမှုများ ထပ်မံလျှော့ချပေးရန် လိုအပ်နေသေးသည်။

ကမ္ဘာဘဏ်တွင် ရှယ်ယာအများဆုံးပါဝင်သည့် နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုက နိုင်ငံပေါင်းစုံပါ ဘဏ်ကြီးများအနေဖြင့် မြန်မာနိုင်ငံအားနည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးအပ်နိုင်ခြင်းမရှိအောင် ကန့်သတ်ပိတ်ပင်ထားမှုများကို ဖေဖော်ဝါရီလတွင် ဖယ်ရှားပေးလိုက်သည်။ မစ္စ Cox အဆိုအရ ကြွေးကျန်များကိစ္စကြောင့် ထောက်ပံ့ကြေးပေးမည့်ကိစ္စနှောင့်နှေးသွားမည်မဟုတ်ဟု သိရသည်။

သို့သော် မြန်မာပြည်၏ကြွေးကျန်များကို ကမ္ဘာ့ဘဏ်က လျှော်မပေးဘဲနေမည်ကို စိုးရိမ်မိသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဧပြီလတွင် မြန်မာနိုင်ငံအနေဖြင့် ပေးရန်ရှိသည့်ကြွေးမြီ ယန်းငွေ ၃၀၀ ဘီလီယံအား လျှော်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံကကြေညာခဲ့သည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အထောက်အပံ့ပေးနိုင်ရန်ဖြစ်သောကြောင့်ဟု ဆိုသည်။

ယခု ကမ္ဘာ့ဘဏ်ကပေးမည့် ထောက်ပံ့ကြေးများမှာ "လူထုအခြေပြုဖွံ့ဖြိုးရေး အစီအစဉ်များ"အတွက်ဖြစ်ပြီး စာသင်ကျောင်းများ၊ လမ်းများ တည်ဆောက်ရေး၊ ရေရရှိရေး သို့မဟုတ် အခြားသောစီမံကိန်းများတွင်

ရင်းနှီးမြှုပ်နှံမှုပြုရန်ဦးတည်ကြောင်း သိရသည်။

                                                        **************************************************

ငြိမ်းချမ်းရေးအတွက် ယခင်အသွင်နှင့်မတူသောစိတ်ဝင်စားဖွယ်လမ်းကြောင်းတစ်ခု

(3 August 2012 ရက်စွဲပါ Inter Press Service မှ MarwaanMacan-Marker ရေးသားသော An Unconventional Road To Peace ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများတွင် မတူညီသော တိုင်းရင်းသားလက်နက်ကိုင်(၁၁)ဖွဲ့အား စားပွဲသို့ခေါ်ဆောင်လာနိုင်သည်ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးမှုခေါင်းဆောင် ရထားဝန်ကြီးဦးအောင်မင်းသည် ဆယ်စုနှစ်များနှင့်ချီ၍ ကြာနေပြီဖြစ်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ခွဲထွက်ရေးသမားများ၏ ကြိုးပမ်းမှုများအတွက် ပုံမှန်မဟုတ်သော အဖြေရှာမှုများဖြင့် စမ်းသပ်လျက်ရှိသည်။

၎င်းသည်ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ စတင်ကတည်းက မည်သည့်နိုင်ငံခြားလေ့လာသူ(သို့မဟုတ်) နိုင်ငံကာငြိမ်းချမ်းရေး ဖော်ဆောင်ပေးရေးအဖွဲ့များ၏ အကူအညီကိုမယူဘဲ မြန်မာပြည်တစ်လွှားနှင့် အိမ်နီးချင်းနိုင်ငံများသို့ ခရီးသွားခဲ့သည်။

“အစိုးရဟာ အခုလိုအပစ်အခတ်ရပ်စဲရေး စကားပြောတဲ့အဆင့်မှာ အခြားတတိယလူအဖွဲ့တစ်ဖွဲ့ အလိုရှိလိမ့်မယ် မဟုတ်ပါဘူး။ အခုတော့ ကျွန်မတို့ အဆင်ပြေနေပါတယ်”ဟု KNUအဖွဲ့ အထွေထွေအတွင်းရေးမှူး ZipporahSein က မဲဆောက်မြို့စွန်ရှိ ၎င်းတို့၏ရုံးခန်းတွင် IPS သို့ အင်တာဗျူး၌ ပြောကြားခဲ့သည်။

“အခုက နိုင်ငံရေးဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုဖြစ်စေမယ့်  ယုံကြည်မှုတည်ဆောက်တဲ့ အဆင့်ပါပဲ”ဟု ၎င်းက ပြောသည်။

ဧပြီလက မြန်မာနိုင်ငံတွင်ကျင်းပသော တရားဝင်တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် ဗြိတိသျှနှင့် အမေရိကန်သံတမန်များ အပါအဝင် နိုင်ငံခြားသား သုံးဦးသာ လေ့လာသူအဖြစ် ခွင့်ပေးခဲ့ကြောင်း ZipporahSein က ဖွင့်ဟပါသည်။

ပြီးခဲ့သည့်နှစ် ဦးအောင်မင်းသုံးကြိမ်လာရောက်ခဲ့သော ထိုင်း-မြန်မာနယ်စပ်မှမဲဆောက်မြို့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုအတွက် စိန်ခေါ်မှုများစွာရှိနေသော နေရာဖြစ်သည်။ ၎င်းတို့တွင် သူ့လိုအင်ဆန္ဒနှင့်သူရှိနေကြသော တိုင်းရင်းသားအုပ်စုများစွာ ရှိသည်။

လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအတွင်း မဲဆောက်မြို့သည် မြန်မာအသိုင်းအဝိုင်းတွင် နေအိမ်သဖွယ် ဖြစ်လာရုံသာမက အထူးသဖြင့် ကရင်ပြည်နယ်မှ ဒုက္ခသည်များအတွက် နိဗ္ဗာန်ဘုံလည်း ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှု လမ်းစဉ်သည် “မြန်မာပုံစံဖြစ်ပြီး အခြားအာရှတိုင်းပြည်များမှ သမားရိုးကျ ထုံးစံလမ်းစဉ်မှ ခွဲထွက်ပါသည်။ အခြားနိုင်ငံခြားတိုင်းပြည်များတွင် နိုင်ငံခြားအစိုးရတစ်ခု သို့မဟုတ်  နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုကို ကြားနေတတိယလူအဖြစ် အသိအမှတ်ပြု၍ အစိုးရနှင့်လက်နက်ကိုင်အဖွဲ့အစည်းကြားတွင် ဆက်ဆံရေးတာဝန်ကို ယူစေပါသည်။”

ဥပမာအားဖြင့် မလေးရှားသည် လက်ရှိအားဖြင့် ဖိလစ်ပိုင်အစိုးရနှင့်ခွဲထွက်ရေးသမားဖြစ်သော Moro Islamic Liberation Front ကြားတွင်  ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားအစိုးရနှင့် ခွဲထွက်ရေးသမားဖြစ်သော Islamic Free Aceh ကြား ငြိမ်းချမ်းရေးရယူနိုင်ခဲ့ရာ ယခင်ဖင်လန် သမ္မတဟောင်း MarttiAhtisaari က ညှိနှိုင်းရေးမှူးခေါင်းဆောင်အဖြစ်က ပါဝင်ခဲ့သည်။ သီရိလင်္ကာအစိုးရနှင့် ယခင်ရှုံးနိမ့်သွားခဲ့ပြီဖြစ်သော Tamil Tiger သူပုန်များကြား လွန်ခဲ့သောဆယ်နှစ်က မအောင်မြင်သော ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် နော်ဝေနိုင်ငံက ထင်ရှားသောကဏ္ဍမှ ကြားဝင်ခဲ့သည်။

သို့သော် ဦးအောင်မင်းအတွက် စိန်ခေါ်မှုမှာ အခြားပဋိပက္ခများထက် ပိုမိုရှုပ်ထွေးသည်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူ၏ ကွဲပြားခြားနားမှုမှပင် ဆုလဒ်အချို့ မြင်တွေ့နေရပြီဟု ဆိုရမည်ဖြစ်သည်။

၂၀၁၁ စက်တင်ဘာလနှင့် ၂၀၁၂ ဧပြီလကြား ၎င်းတို့၏ဆွေးနွေမှုများမှ တိုင်းရင်းသားလက်နက်ကိုင် (၁၁)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိခဲ့သည်။ ၎င်းတို့အနက် ဇန်နဝါရီလက အာရှ၏သက်တမ်းအရှည်ဆုံး နှစ်ပေါင်း ၆၀ ကြာ ခွဲထွက်ရေးကြိုးပမ်းသော KNU နှင့် သဘောတူညီမှုမှာ အထူးခြားဆုံးအောင်မြင်မှုဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

ZipporahSein က အကိုင်အတွယ်ရခက်သော လက်နက်ကိုင်ကရင်စစ်တပ်များ၏ အနာဂါတ်နှင့် ကရင်ပြည်နယ် ပိုမိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး ကဲ့သို့သော ကိစ္စရပ်များကိုဆွေးနွေးလာပါက လွတ်လပ်သော ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တစ်ခုမလိုဟု မပြောသေးပေ။

“ကရင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးလာပြီဆိုရင်တော့ ကြားနေတတိယလူတစ်ဦး လိုကောင်းလိုလာ နိုင်ပါတယ်”ဟု ZipporahSein က IPS သို့ပြောကြားသည်။ “ကျွန်မတို့ဟာ တိုင်းရင်းသားလူနည်းစုတွေရဲ့ ရပိုင်ခွင့်ပိုမိုရရှိရေးပါဝင်တဲ့ ဖက်ဒရယ်စနစ်အတွက် လုပ်နေတာပါ။ ဒါမှ တိုင်းရင်းသားတွေဟာ အဓိပ္ပါယ်ရှိရှိပါဝင်ပြီး လုပ်ဆောင်နိုင်မှာပါ”ဟု ဆိုသည်။

မြန်မာအမျိုးသားလုံခြုံရေးကျွမ်းကျင်သူ ဦးမျိုးမင်းကမူ ဦးအောင်မင်းရဲ့ချဉ်းကပ်မှုမှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရအတွင်းလူများထံမှ မဟာဗျူဟာကျကျဖြေရှင်းနည်းဖြစ်မည်ဟု မယုံကြည်ပေ။ ဦးအောင်မင်းသည် ၎င်းအား လေ့ကျင့်ပေးမထားသော နယ်ပယ်ထဲသို့ တွန်းချခံရခြင်းကြောင့် ၎င်း၏နည်းပါးသော အတွေ့အကြုံများမှဖြစ်ပေါ်လာသော ချဉ်းကပ်မှုအတွေ့အကြုံအသစ်သာ ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။ “နောက်ဆုံးတော့ ဗမာဆိုတဲ့မာနနဲ့ လုပ်ဆောင်နေတာပါပဲ ”ဟု ၎င်းက IPS သို့ပြောသည်။

“ဦးအောင်မင်းဟာ ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းရေး တာဝန်ပေးလိုက်တော့ သူအကျွမ်းမဝင်တဲ့နယ်ပယ်ကို ဝင်ခဲ့ရတာပါ။ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ သူနည်းလမ်းရှာတွေ့သွားတဲ့ပုံပါပဲ။ ကြိုပြီးရေးထားတဲ့ ဇာတ်ညွှန်းလည်းမရှိဘူး။ လမ်းပြပေးမယ့် နိုင်ငံခြားသားတတိယလူလဲမရှိဘူး”ဟု ၎င်းက ပြောသည်။

ဦးအောင်မင်းသည် ထိုနည်းလမ်းကိုလျှောက်ရင်း ယုံကြည်ချက်ပိုမိုရလာသည်ဟု ဦးဝင်းမောင်၏ အဆိုအရသိရသည်။ “သူရဲ့ကိန်းခန်းမကြီးမှုနဲ့ ဖော်ရွေတဲ့လက္ခဏာတွေရယ်၊ မတူတဲ့အမြင်တွေကိုလက်ခံပြီး လိုလိုလားလား နားထောင်တာတွေရယ်ကြောင့်၊ လုပ်ငန်းစဉ်ကိုပိုမိုချောမွေ့စေပါတယ်”ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်အောက်တွင် နှစ်ပေါင်းများစွာနေခဲ့ရသောဘဝမှ တဖြည်းဖြည်းရုန်းထွက်လာသောမြန်မာနိုင်ငံတွင် ရရှိနေဆဲဖြစ်သော ချီးကျူး ဂုဏ်ပြုမှုများကိုလည်းဦးဝင်းမင်းက ညွှန်ပြခဲ့သည်။

“ဗမာတွေမှာ နိုင်ငံတကာဖိအားကိုဂရုမစိုက်တာတို့ ကိုယ့်အားကိုယ်ကိုးနိုင်တယ်ဆိုတဲ့ မာနလေးတွေတော့ ရှိတယ်”ဟု ဟားဗတ်တက္ကသိုလ်ဆင်း ဦးဝင်းမင်းက ဆိုသည်။

ထင်ရှားသော မြန်မာ NGO တစ်ခုဖြစ်သော Myanmar Egress သည် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ဆက်သွယ်ရေး ထူထောင်ရန်ကူညီမှုတွင် ပါဝင်ခဲ့ပြီးနောက် အထက်ပါစိတ်ဓာတ် အားကောင်းအောင်လုပ်ပေးခဲ့သည်။

၎င်း၏ လုပ်ဆောင်ပေးမှုကြောင့် ဦးသိန်းစိန်အစိုးရသည် ဖင်လန်သမ္မတဟောင်း MattiAhtisaari နှင့် တောင်အာဖရိကဘုန်းတော်ကြီး Desmond Tutu ဦးဆောင်သော နိုင်ငံတကာ ခေါင်းဆောင်များပါဝင်သည့် The Elders ကဲ့သို့သော နိုင်ငံတကာမှလေးစားသောပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများထံမှ ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းပေးမှုများကို ပယ်ချနိုင်ခဲ့သည်။

အမျိုးသားမာနကြီးမှုမှာ စီးပွားရေးအရ ငွေကြေးလုံလောက်မှုကို ပေးစမ်းနိုင်စွမ်းမရှိပေ။ ထို့ကြောင့် မြန်မာနိုင်ငံသည် လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားကောင်းရန်အထောက်အပံ့အဖြစ် နော်ဝေ ဦးဆောင်သော Peace Donor Support Group (PDSG)၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကမ္ဘာ့ဘဏ်တို့မှ ထောက်ပံ့မှုများကို လက်ခံခဲ့ရသည်။ ၎င်းတို့သည် အပစ်အခတ်ရပ်စဲသွားသော ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလုပ်ဆောင်ရန် ဒေါ်လာသန်းနှင့်ချီ ၍ ထည့်ဝင်လှူဒါန်းကြမည်ဖြစ် သည်။

ယခုအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များသည် ယခင်အစိုးရများလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခချုပ်ငြိမ်းရေး ကြိုးပမ်းရာတွင် စဉ်းစားပုံစဉ်းစားနည်းများနှင့် ကွဲထွက်သွားပြီ ဆိုသည်ကိုမူ ထင်ဟပ်ဖော်ပြနေသည်။

“အစိုးရက တိုင်းရင်းသားအုပ်စုများနှင့် ပတ်သက်ရာမှာညီမျှမှုရှိရမယ်ဆိုတဲ့ ဟာကိုလက်ကိုင်ထားလာတယ်”ဟုချင်းမိုင်မှ တိုင်းရင်းသား လေ့လာရေး မြန်မာဗဟိုဌာနမှ သုတေသနညှိနှိုင်းရေးမှူး Paul Keenan က IP သို့ပြောသည်။

“အရင်ကတော့ အစိုးရက လက်နက်ကိုင်အုပ်စုတွေအပေါ် အခြေအနေကန့်သတ်ချက်တွေကို အာဏာနဲ့ သတ်မှတ်လိုက်တယ်။ ငြိမ်းချမ်းရေးနဲ့ သာတူညီမျှမှုအတွက်မဟုတ်ဘဲ လုံခြုရေးကိုပဲ ဦးစားပေးတယ်ဆိုပြီး သူတို့နဲ့မဆွေးနွေးခင် လက်နက်အရင်စွန့်ခိုင်းတယ်။ အခုတော့ အခြေအနေတွေ ပြောင်းသွားပါပြီ။ ဦးအောင်မင်းကလည်း လူတိုင်းနဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်”ဟု ၎င်းကပြောသည်။

                                                                    *************************************************

မြန်မာတွင် ဂျပန်ယဉ်ကျေးမှုလှိုင်းထွက်ပေါ်အောင် ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင် တွန်အားပေး

(The Asahi shinbun မှ  3 Aug 2012 ရက်စွဲပါ “Exchange Mission Pushes Wave of Japanese Culture In Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ထွန်းသစ်ရန်အစပျိုးနေသော မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဂျပန်ချစ်ကြည်ရေးနှင့်ဖလှယ်ရေးမစ်ရှင်၏အဆိုအရ မြန်မာနိုင်ငံတွင် ဂျပန်ဖက်ရှင်၊ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်အစားအစာများအပေါ်များစွာ ခုံမင်မှုရှိသည်ဟု သိရှိရသည်။

၎င်းမစ်ရှင်အဖွဲ့က သြဂုတ်လ ၂ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အိချိရိုဂမ်ဘာထံ အကြံပြုချက်တင်သွင်းခဲ့သည်။

ဂျပန်နိုင်ငံ National Graduate Insittute for Policy Studies ဥက္ကဋ္ဌ တာကာရှီရှီရိုင်ရှီက ဂျပန်ချစ်ကြည်ရေးမစ်ရှင်ကို ဦးဆောင်သည်။

၎င်းက ဂျပန်ယဉ်ကျေးမှုသွင်ပြင်လက္ခဏာအားလုံးအကြံပြုထားပြီး၊ ဂျူဒိုအားကစားနည်းသည်ပင် မြန်မာနိုင်ငံ၌ မိတ်ဆက်ထားပြီးဖြစ်သည်ဟု ပြောကြားသည်။

ဂျပန်မစ်ရှင်အဖွဲ့ဝင်များသည် ဇွန်လကုန်တွင် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်ကိုလည်း ဂါဝရပြုတွေ့ဆုံခဲ့ကြသည်။

ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင်တွင် ဖက်ရှင်ဒီဇိုင်နာဂျန်ကိုကိုရှီနိုနှင့် ဂျူဒိုပညာရှင် ၁၉၈၄ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ယာဆူဟီရိုယာမာရှီတာ တို့လည်း လိုက်ပါသွားခဲ့ကြသည်။

ဂျပန်-မြန်မာနိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုအစီအစဉ်များကို စဉ်းစားသင့်သည်ဟု မစ်ရှင်အဖွဲ့က အကြံပြုထားသည်။

တောင်ကိုရီးယားနိုင်ငံမှ ယဉ်ကျေးမှုပို့ကုန်ဖြစ်သည်ဟု ရုပ်သံဒရာမာဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ တေးဂီတများ အာရှတစ်လွှားတွင် ရေပန်းစားလာမှုကြောင့် Korean wave လှိုင်းလုံးထွက်ပေါ်လာခြင်းကိုထောက်ရှု၍ ပေါ့ပ်သီချင်း၊ manga anime စသော ဂျပန်ယဉ်ကျေးမှု ထွက်ကုန်များကို မြန်မာနိုင်ငံနှင့်မိတ်ဆက်ပေးရန် ဂျပန်ယဉ်ကျေးမှုမစ်ရှင်က အဆိုပြုထားသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment