Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမှန်တရားနှင့် စတုတ္ထမဏ္ဍိုင်

*****************************************

ဆောင်းပါးကဏ္ဍ

အမှန်တရားနှင့် စတုတ္ထမဏ္ဍိုင်

မိုးတိမ်(ရွှေမှော်ဝန်း)

(သြဂုတ်၂ရက်နေ့ထုတ် Envoy ဂျာနယ်အတွဲ(၃) အမှတ်(၁၃)မှထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်တွင် မီဒီယာများအပေါ် အမြင်စောင်းမှုများရှိခဲ့သည်။ ယနေ့ဒီမိုကရေစီကို စတင်ကျင့်သုံးချိန်မှာပင် မီဒီယာ အပေါ် လူတစ်စု၏ အမြင်ကျဉ်းမြောင်းမှုတွေကို မြင်နေရသေးသည်။

မီဒီယာဟု ဆိုလျှင်ပြည်သူများ အကြားသိရှိနေသည်မှာ ပြည်သူများ မသိတာကိုသိရှိအောင် လုပ်ပေးနိုင်သော ကွန်ယက်တစ်ခုဟု မြင်နေပေ သည်။ ယင်းကဲ့သို့ဆိုလျှင် မှန်ပေသော်လည်းပြည်သူမှမဟုတ် နိုင်ငံကိုအုပ်ချုပ်နေသော တိုင်းပြည်၏ အစိုးရများ သိရှိလာအောင် အုပ်ချုပ်မှု စနစ်နှင့် အညီလိုက်လျောညီထွေဖြစ်အောင် မီးမောင်းထိုးပြမှုများမှာလည်း မီဒီယာပါဝင်ပေသည်။

ယင်းအတွက် တစ်ဖက်စောင်းနင်းနိုင်သောမီဒီယာများရှိသော်လည်း မီဒီယာအသိုင်းအဝိုင်းတွင် အချို့သောမီဒီယာသမားများသည် မီဒီယာ ကျင့်ဝတ်ကို နားမလည်မှာမှန်ပါသည်။

သို့သော်သူတို့လုပ်ဆောင်ချက်များသည် နိုင်ငံအတွက်သာ ဖြစ်သည်။ အစိုးရလိုလားသော မီဒီယာ၊ ပြည်သူလိုလားသောမီဒီယာဟူ၍ မရှိပေ။ နိုင်ငံအတွက်သာပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုအချိန်၌ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟူသောမဏ္ဍိုင်များအပြင် မီဒီယာဟူသော စတုတ္ထမဏ္ဍိုင် ပါဝင်ပတ် သက်လာပေသည်။ ယင်းအတွက်နိုင်ငံအတွင်း ကောင်းဆိုးဖြစ်တည်မှုများတွင် မီဒီယာသမားများပါ တာဝန်ရှိလာပေသည်။ မှားယွင်းသော သတင်းကို ဖော်ပြမိရင် သတင်း၏ အတိမ်အနက်ပေါ်မူတည်၍ မီဒီယာသမားတွင် တာဝန်ရှိပေသည်။

မီဒီယာ၏ လုပ်ဆောင်ချက်သည် မှန်ကန်နေပြီဆိုလျှင် မီဒီယာအပေါ်ထားသည့် စိတ်ဓာတ်များလည်း ပြောင်းလဲရန် လိုလာပေသည်။ ပြည်သူ များသိသင့်သော အချက်အလက်များ ဖြန့်ဝေပေးရာ၌ ဌာနဆိုင်ရာအချို့တွင် အပေါ်အောက်သိရှိပြီးမှသာ တာဝန်ယူပြောကြားမှုများသည် ယနေ့ ပြောင်း လဲနေသော နိုင်ငံအနေအထားအရ မရှိသင့်တောပေ။မီဒီယာသမားမှား လျှင်မီဒီယာတာဝန်ရှိသကဲ့သို့ ဌာနဆိုင်ရာမှားယွင်းလျှင် တာဝန်ယူတတ်မှုသည် များစွာအရေးပါသည်။

နိုင်ငံတကာ စာနယ်ဇင်းသမားများ Watch Dog ဟု ခေါ်ကြသည်။ ယင်းသို့ခေါ်ဝေါ်ခြင်းသည် ဖြောင့်မတ်စွာ နိုင်ငံအကျိုးပြု လုပ်ဆောင်သော မီဒီယာများကိုသာ ခေါ်ဆိုခြင်း ဖြစ်ပေသည်။

အမှန်တရားအတွက် ရဲဝံ့စွာဆေင်ရွက်တတ်သော မီဒီယာသမားများကိုသာ တင်စားခေါ်ဝေါ်ခြင်း ဖြစ်ပေသည်။ အစိုးရနှင့် မီဒီယာအကြား အပြန်အလှန် နားလည်မှုတွေ လိုအပ်ပေသည်။ မီဒီယာမကောင်းလျှင် မီဒီယာကို ထိရောက်သောအရေးယူဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်သလို အစိုးရ၏ ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေများကို မီဒီယာကထောက်ပြလျှင် လည်း အစိုးရအနေဖြင့်နားလည်ပေးရန် လိုအပ်ပေသည်။

ယနေ့မီဒီယာများ၏ တရားစွဲဆိုခံနေရမှုများအား ကြည့်လျှင် များစွာထင်ရှားပေသည်။ နိုင်ငံအတွက် တရားမျှတစွာဝင်ရောက်ကူညီပြီး ထောက် ပြပေးနေသော်လည်း မီဒီယာသည် အသုံးချခံတစ်ခုအဖြစ် ယနေ့မြင်တွေ့နေရသည်မှာ များစွာ စိတ်မကောင်းဖြစ်မိသည်။ အသုံးချခြင်းကို ကျေနပ်စွာ ခံယူနေသော မီဒီယာတွေမှာ မိမိ၏ ကိုယ့်အကျိုးပါဝင်မှုမရှိပေ။

အဓိကအားဖြင့် နိုင်ငံနှင့်လူမျိုးအတွက်ရသော ကလောင်တံကိုကိုင်ပြီး တတ်နိုင်သည့်ဘက်မှ အထောက်အကူပြုနေခြင်းသာ ဖြစ်ပေသည်။ စာ နယ်ဇင်းများသည် အစိုးရ၏ ရန်သူမဟုတ်သည့်နည်းတူ  မတရားမှုများအပေါ် ထောက်ပြလမ်းညွှန်နေသူများလည်း ဖြစ်သည်။

နိုင်ငံတတကာတွင် ဂျာနယ်လစ်ပေါင်းများစွာ အသက်စတေးမှုတွေ၊ ပြန်ပေးဆွဲခံရမှုတွေ၊ နိုင်ငံအတွက် အသက်စွန့်သွားမှုတွေကို ကြည့်လျှင် သတင်းမီဒီယာသမားများသည် မည်သည့်စိတ်ဓာတ်ဖြင့် နိုင်ငံအပေါ်လုပ်ဆောင်နေသည်ကို နားလည်သဘောပေါက်သင့်ပေသည်။

မီဒီယာသမားများအပေါ် အထောက်အကူပြုနိုင်မည့် နည်းဥပဒေများမြန်မာနိုင်ငံအတွင်း မပေါ်ပေါက်သေးသော်လည်း အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မီဒီယာဘဝမှစတင်လာခဲ့သည့် အခြေအနေများကြည့်လျှင် မီဒီယာသမားများအတွက် အကာအကွယ်သည် မရှိ သေးသည်ကို တွေ့မြင်ရသည်မှာ ယနေ့အချိန်တွင် မဖြစ်သင့်တော့ပေ။

ယနေ့ဖြစ်ပေါ်နေသော အခြေအနေများသည် ဌာနဆိုင်ရာများတွင် သတင်းထုတ်ပြန်မှုကို တိကျစွာ ထုတ်ပြန်မှုကို တိကျစွာမပေးနိုင်ခြင်း အားမ ခံပေးနိုင်မှုနည်းခြင်း သတင်းတွင်ပါဝင်သော အချက်အလက်များကို ပြန်လည်ပြင်ဆင်ပေးပြီးမှသာ ထုတ်ဝေခွင့်ပြုခြင်းများသည် အမှန်တရားဆိုသော စတုတ္ထမဏ္ဍိုင်များတွင် မည်မျှအကျိုးသက်ရောက်စေသည်ကို နားလည်သိရှိရန် လိုအပ်ပေသည်။

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံများတွင် အစိုးရမှ မီဒီယာသမားများအား အသိအမှတ်ပြုပြီး အပြန်အလှန်နားလည်မှုဖြင့် နိုင်ငံတိုးတက်ရေးကို ဆက်လက် လျှောက်လှမ်းရပေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် မဏ္ဍိုင်လေးခုအနက် စတုတ္ထမဏ္ဍိုင်သည် နိုင်ငံလစာခံယူမှုမပါ နိုင်ငံတိုးတက်မှု လမ်း ကြောင်းပေါ်သို့ ရောက်စေချင်သော ဆန္ဒနှင့်သာ ဆောင်ရွက်နေပြီး ဒုတိယအဆင့်အနေဖြင့် မိမိဂျာနယ်ပေါက်မြောက်ရေးကို ဦးတည်ဆောင်ရွက်ကြ သည်။ ယင်းကဲ့သို့ရှိသော်လည်း အချို့သောဌာနဆိုင်ရာများသည် မိမိကိုယ်ကျိုးမနစ်နာစေရေးအတွက် သတင်းပြန်ကြားမှုတွင် ပြည်သူသိရှိအောင် ထုတ်ပြန်မှုများတွင် နိုင်ငံအတွက်မပါဝင်သည်ကို တွေ့မြင်နေရသည်။ တချို့သောဌာနများသည် ရေငုံနှုတ်ပိတ် နေကြသည်။ ယင်းကဲ့သို့ဖြစ်နေခြင်းသည် မူပြောင်းသော်လည်း လူမပြောင်းသေးခြင်းကို ပြသနေသလို ဖြစ်နေသည်။

မိမိခြေထောက်အပေါ် မိမိရပ်တည်ပြီး နိုင်ငံအကျိုးအတွက် လုပ်ဆောင်နေသည်မှာ မီဒီယာသမားများပင် ဖြစ်သည်။

ယင်းအတွက် စာနားလည်မှုတွေ အပြန်အလှန် လိုအပ်နေပေသည်။ မိမိစီးပွားအတွက် မီဒီယာများအား ခုတုံးလုပ်မှုများရှိနေသည်။ တစ်ခါတစ်ရံ အမှားအယွင်းများသည် မီဒီယာတွင်လည်းရှိနေမည်။ အဓိကအနေဖြင့် စာနာနားလည်မှုပင်ဖြစ်သည်။ အရည်အချင်းပြည့်သော မီဒီယာသမားများစွာရှိ သော်လည်း အကာအကွယ်ပေးသည့် ဥပဒေမပေါ်ထွက်လာခြင်းကြောင့် လမ်းတိမ်းချော်သွားသော မီဒီယာသမားများလည်း ရှိပေသည်။ ယင်းကဲ့သို့ ဖြစ်  လာလျှင် နိုင်ငံအတွက် များစွာ နစ်နာပေသည်။

အချုပ်အားဖြင့်ဆိုသော် မည်မျှပင် ဖြစ်သည်ရှိသော်လည်း မီဒီယာသည် ခေတ်အစိုးရပြောင်းသည့်တိုင်အောင် မီဒီယာဆိုသည်မှာ ရှိနေမည်သာ ဖြစ်သည်။ ယင်းအတွက် အစိုးရနှင့်ပြည်သူများ အကြားမီဒီယာသည် ထိန်းညှိစွာ တည်ရှိနေမည်သာ ဖြစ်သည်။ အစိုးရနှင့်မီဒီယာအကြား မပြေလည်မှု များသည် တစ်ချိန်သော ကာလတစ်ခုတွင် ညှိနှိုင်းအဆင်ပြေလာမည်ဟု စာရေးသူအနေဖြင့် သုံးသပ်မိပါ သည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment