yangonchronicle2011 Op-Ed |
၉.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နိုင်ငံအသစ်နှင့် အင်စတီကျူးရှင်းများ
*****************************************
ဆောင်းပါးကဏ္ဍ
နိုင်ငံအသစ်နှင့် အင်စတီကျူးရှင်းများ
မိုးမြင့်ငြိမ်း
နိုင်ငံတော်ဆိုသည့် စကားလုံးအဓိပ္ပယ်ကို တိတိပပ ပုံဖော်ပေးစေသည့် အစိတ်အပိုင်းသတ်မှတ်ချက်များ ရှိပါသည်။ အဓိက အစိတ်အပိုင်းကြီး လေးခုဖြစ်သော လူဦးရေ (Population)၊ နယ်နမိတ် (Territory)၊ အချုပ်ခြာအာဏာ (Sovereignty) နှင့် အင်အားသုံးနိုင်သည့် ယန္တရား (Coercive mechanism) တို့ ပါဝင်သည်။ ယခင် တပ်မတော်အစိုးရမှ ယခု ဒီမိုကရေစီအစိုးသစ်အထိ စွဲကိုင်ထားသည့် မူဝါဒဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသည်တို့မှာလည်း နိုင်ငံတော်ဟူသောအဓိပ္ပယ်ကို ပြည့်ပြည့်ဝဝ ဆောင်ကျဉ်းမည့်သဘောများ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့နှင့် အပတ်အခတ်ရပ်ဆဲရေး သဘောတူ စာချုပ်များ၊ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များမှာ နိုင်ငံတော်တွင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတည်းသာ ရှိရမည်ဟူသော coercive mechanism သဘောကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်တည်ဆောက်ရေးဆိုသည်မှာ နိုင်ငံတော်တွင်ရှိသော အရပ်ရပ်သော အင်စတီကျူးရှင်းများကို စနစ်တကျ တည်ဆောက်ခြင်းပင် ဖြစ် သည်ဟု ယေဘူယျ ဆို၍ရနိုင်ပါသည်။ လူမှုရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူးကားယားမားသည် နိုင်ငံတည်ဆောက်ရေးအတွက် အင်စတီကျူးရှင်းများ တည် ဆောက်ရန် လိုအပ်ပုံကို State Building ဆိုသည့် စာအုပ်ဖြင့် အကျယ်တဝံ့ ရေးသားဖော်ထုတ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးတွင်လည်းကောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ အကူးအညီများပေးအပ်ရာတွင်လည်းကောင်း အင်စတီကျူးရှင်းများ စနစ်တကျ ဖြစ်ထွန်းပေါ်ပေါက်လာရေးကို ထောက်ပြအကြံပေးခဲ့သည်။ အမေရိကန်မှ အီရတ်ကို ဝင်တိုက်ပြီးသကာလ နိုင်ငံတည်ဆောက်ရေးကို လုပ်ရာဝယ် ရင်ဆိုင်ကြုံတွေ့ရသော မအောင်မြင်မှုအရပ်ရပ်အပေါ် သုံးသပ်ချက်မှ ထွက်ပေါ်လာခဲ့ဖြင်းလည်းဖြစ်သည်။
ဖွံ့ဖြိုးပြီးအနောက်နိုင်ငံများ အကူအညီပေးအပ်မှုတွင် သင်ခန်းစာယူစရာ ပေါ်လစီအမှားတစ်ခုလည်း ရှိပါသေးသည်။ ယင်းမှာ ဝါရှင်တန် သဘောတူညီမှုဟူသော ဖွံ့ဖြိုးရေးအစီအစဉ်ကြီးပင် ဖြစ်သည်။ အလွန်ကောင်းလွန်းသည့် ပေါ်လစီဟု ယေဘူယျသုံးသပ်၍ ရနိုင်သော်လည်း လက်တွေ့ ကျင့်သုံးရာဝယ် မအောင်မြင်မှုရာခိုင်နှုန်းက အတော်များသည်။ အဖြေကိုဆန်းစစ်ကြည့်သော် ဝါရှင်တန်သဘောတူအမြင်မှာ ဖွံ့ဖြိုးဆဲနိုင်ငံအားလုံး အတွက် တစ်ပုံစံတည်းထုတ်ထားသည့် one-site-fit-all policy သာလျှင်ဖြစ်ပြီး ယင်းမူဝါဒကို အကောင်အထည်ဖော်ရာ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်စတီ ကျူးရှင်များ မစွမ်းဆောင်နိုင်မှုကြောင့် ဝါရှင်တန်သဘောတူအမြင်မှာ မည်သို့မျှ ဆက်လက်အလုပ်မဖြစ်တော့ပေ။ ယခုအချိန်အခါတွင် ဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ဖွံ့ဖြိုးရေးအကူအညီပေးရာတွင် ယင်းအချက်ကို သူတို့၏ ပေါ်လစီအကောင်အထည်ဖော်မှုတွင် အဓိက ထည့်သွင်း စဉ်းစားလာကြသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတည်ဆောက်ရေးအတွက် လိုအပ်သည့် အင်စတီကျူးရှင်းအရပ်ရပ်ကို ယခုမှစတင်၍ တည်ဆောက်နေရချိန် ဖြစ် သည်။ အင်စတီကျူးရှင်းတည်ဆောက်မှုဆိုသည်မှာလည်း အမြဲတမ်း ပြည့်စုံတယ်ရယ်လို့ မရှိ။ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားသော်လည်း စည်း မျဉ်းစည်းကမ်းကို ချိုးဖောက် လုပ်ဆောင်မှုများ ရှိနေသေးသည့်အတွက် အမြဲတမ်းလိုလို ပြင်ဆင်မှုများကို လုပ်ဆောင်နေရမည်သာ ဖြစ်သည်။ သို့သော် ခိုင်မာပြီးစနစ်ကျသည့် အင်စတီကျူးရှင်းများ ကြိုးစားတည်ဆောက်လေ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆီသို့ အရှိန်အဟုန်ဖြင့် အရောက်လှမ်းနိုင်လေ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခင်အစိုးရအဆက်ဆက်က အင်စတီကျူးရှင်းများမှာ နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝသံယံဇာတအရင်းအမြစ်များကို ကြံသရက်ဆုပ်ပမာ ဖြစ်သွားအောင် လုပ်ဆောင်ခဲ့သည့် အင်စတီကျူးရှင်းများပင် ဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးတွင် လက်ဝါးကြီးအုပ်ယဉ်ကျေးမှုသာ ကြီးစိုးခဲ့ခြင်း ဖြစ် သည်။ နိုင်ငံရေးတွင်လည်း ဗဟိုဦးစီးစနစ်၊ စီးပွားရေးတွင်လည်း အစွန်းရောက် အရင်းရှင်ဝါဒဖြင့် နိုင်ငံမှာ အတော်ကြီး ကမောက်ကမနိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အင်စတီကျူးရှင်းများထဲတွင် အခိုင်မာဆုံးဟုဆို၍ ရနိုင်သည့် အင်စတီကျူးရှင်မှာ တပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်း ကြောင်းကို ကြည့်လိုက်လျှင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် တပ်မတော်၏ အခန်းကဏ္ဍမှာ အရေးပါခဲ့သလို၊ လွတ်လပ်ရေးရပြီး နိုင်ငံတော်တည်ငြိမ်ရေး ကို ဆောင်ရွက်ရာ၌လည်း တပ်မတော်မှ အဓိက လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အိမ်စောင့်အစိုးရလက်ထက်တွင်လည်း နိုင်ငံရေးသမားများထက် တပ်မ တော်အရာရှိများက ပိုမိုအလုပ်ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဖြစ်ရာ ၁၉၆၂ ခုနှစ် အာဏာသိမ်းမှုမျိုးကို လုပ်ဆောင်ခဲ့သည်အထိ နိုင်ငံကို ပိုမို ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဟူသော ယုံကြည်မှုမျိုး ရှိခဲ့ကြသည်။ လက်တွေ့တွင် ဤသို့ဖြစ်မလာပါ။ ဤနေရာတွင် နိုင်ငံတကာ အခင်း အကျင်းကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါသည်။ နိုင်ငံတကာအကူအညီများ ရရှိနိုင်၊ မရရှိနိုင်ဆိုခြင်းမှာ နိုင်ငံတကာ ဆက်ဆံရေးပေါ်တွင်လည်း အများ ကြီး မူတည်သည်။ ကူမင်တန် တရုတ်ဖြူတို့ မြန်မာနိုင်ငံအား ကျူးကျော်မှုတွင် အမေရိကန်နှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သည်။ ထို့ အတွက်ကြောင့် မြန်မာနိုင်ငံတွင် ရွှေတြိဂံလိုနယ်မြေဒေသမျိုး ပေါ်လာရသည်။ မြန်မာနိုင်ငံ၏ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှာCIA ပယောဂ မကင်းဟု ဆို၍ ရနိုင်သည်။ သို့သော် ဆိုရှယ်လစ်ခေတ်တွင်တော့ ကွန်မြူနစ်ဆန့်ကျင်ရေး ဘုံတူညီချက်ရှိသော အမေရိကန်နှင့်မြန်မာတို့၏ ဆက်ဆံရေး မှာ အတော်ကြီး ခရီးလမ်းဖြောင့်ခဲ့သည်။
စနစ်သစ်ကို လူဟောင်းများဖြင့် ဖြတ်သန်းနေပြီဖြစ်သော မြန်မာနိုင်ငံတွင် အမူအကျင့်ဟောင်းများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည်ကို တွေ့ မြင်နေရအုံးမည်ဖြစ်ပြီး တွေ့လည်းတွေ့မြင်နေရလေသည်။ သို့သော် အသစ်ပေါ်ထွန်းလာသည့် အင်စတီကျူးရှင်းများ၊ နိုင်ငံအတွက် ရလဒ်ဆိုးများကို သာ ထုတ်ပေးနေသည့် အဖြစ်သဘောလုပ်ဆောင်နေသည့် အင်စတီကျူးရှင်းများကို စိတ်ရှည်သည်းခံစွာ စနစ်တကျပြင်ဆင်ရင်းဖြင့် ပြည်သူအားလုံး လူမှုဘဝသာယာသော အခြေအနေသို့ ဆောင်ကြဉ်းသွားစေချင်ပါကြောင်း။
*****************************************
Google Drive: create, share, and keep all your stuff in one place.