yangonchronicle2011 Op-Ed |
၁၃.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံ
*****************************************
ဆောင်းပါးကဏ္ဍ
စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံ
နိုင်မော်
မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်မှစ၍ နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့မှုများတစ်ခုပြီးတစ်ခု ပြုလုပ်အရေးယူမှု ခံရသည်။ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အရေးယူပိတ်ဆို့ခံရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် နှစ်ပေါင်း ၁၀၀ကျော် သူ့ကျွန်ဘဝ ကျရောက်ခဲ့သည်။ ထိုမှတစ်ဖန် နှစ်ပေါင်း ၅၀နီးပါး အာဏာရှင်စနစ်အောက်တွင် လွတ်လပ်မှုများ မပြည့်မဝဖြင့် နေခဲ့ရသည်။ အဆိုပါ လက်ဝါးကြီးအုပ် စိုးမိုးအုပ်ချုပ်သူများ၏ လက် အောက်တွင် ပြည်သူတို့၏ဘဝမှာ သူတို့ပြုသမျှ နုခဲ့ရသည်။ မိမိတို့၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ အစွမ်းအစများကို အပြည့်အဝ အသုံးချ နိုင်မှု မရှိခဲ့ပေ။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ခေတ်သစ်ဆီသို့ ဟူသော စကား ရပ်ကို အကြိမ်ကြိမ် ကြားခဲ့ရသည်။ သို့သော် အဆိုပါပန်းတိုင်သည် အမှန်စင်စစ် မရောက်ခဲ့ပါ။ ထိုခေတ်တွင် ဦးဆောင်သော ခေါင်းဆောင်များ လက်ထက်တွင် ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ခဲ့သော်လည်း အဆိုပါ ဈေးကွက်စီးပွားရေးသည် နီးစပ်ရာ ဆွေမျိုးကောင်းစားရေးကို ဦးစားပေးသော နိုင်ငံ၏စီးပွားရေးကဏ္ဍများကို အစိုးရက အမျိုးမျိုး ခြယ်လှယ်ချုပ်ကိုင်၍ မျက်နှာလိုက်သော ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။ တနည်း အားဖြင့် ခြေလက်အင်္ဂါမပြည့်စုံသော ဈေးကွက်စီးပွားရေးသာ ဖြစ်သည်။ အာဏာရှင်များ ၎င်းတို့ လိုရာကို အကွက်ကျပုံဖော်ထားသော စနစ်ဖြစ်သည်။
၁၉၉၁ခုနှစ်တွင် ဈေးကွက်စီးပွားရေးစတင်ခဲ့ပြီး ၁၉၉၇ခုနှစ် ထိုင်းနိုင်ငံမှစတင်သော အာရှစီးပွားရေးအကျပ်အတည်းနှင့်အတူ မြန်မာ့စီးပွားရေး မှာ ဈေးကွက်စီးပွားရေးအစမှာပင် အထိနာခဲ့သည်။ အဆိုပါ ဈေးကွက်စီးပွားရေးစနစ်အောက်တွင် မြန်မာပြည်သူတို့သည် ၎င်းတို့၏ စီးပွားရေးကို တည်ဆောက် ပုံဖော်ခဲ့သည်။
ထိုအချိန်ကာလနှင့် မရှေးမနှောင်း ၁၉၉၇ခုနှစ် အမေရိကန်သမ္မတ ကလင်တန်လက်ထက်တွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့အရေးယူမှု စတင်ခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာတို့၏ ဈေးကွက်စီးပွားရေးသည် ဆန်ရှင်နှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့စီးပွားရေး ပိတ်ဆို့ မှု၏ အကျိုးဆက်အနေဖြင့် မြန်မာတို့သည် နိုင်ငံခြားတိုင်းပြည်များနှင့် လွတ်လပ်သော စီးပွားရေးအဆက်အသွယ်ကို မိမိတို့ ဆက်သွယ်ဆောင်ရွက်ခွင့် မရကြပေ။ ထိုအခြေအနေတွင် အချို့သောနိုင်ငံများ အထူးသဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံအချို့က အာဏာရှင်အားပေးအနေဖြင့် ကူညီခဲ့ကြသည်။ ၎င်းတို့၏ ကူညီမှုသည် မြန်မာပြည်သူတို့အတွက်မဟုတ်ဘဲ အဆိုပါ အထက်လူကြီးများအတွက်သာ ဖြစ်ခဲ့သည်။ တနည်းပြောရလျှင် ၎င်းတို့၏ သဘော ထား မမှန်ခြင်းပင် ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ထိုသို့ပြောရသည်မှာ အဆိုပါနိုင်ငံများကို အပြစ်ပြောခြင်းမဟုတ်ပေ။ ရှိခဲ့သောအခြေအနေကို ပကတိ အတိုင်း ရှုမြင်ပြခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ဆန်ရှင် (Sanction)ကြောင့် အကျိုးအမြတ်ရသွားသည်မှာ အဆိုပါနိုင်ငံများဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာအစိုးရအပေါ် အပြည့်အဝသက်ရောက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာအစိုးရသည် အဖိုးမဖြတ်နိုင်သော သဘာဝတွင်းထွက်သံယံဇာတကို ပိုင်ဆိုင်နေသောကြောင့်ပင် ဖြစ်သည်။ အဆိုပါ အရင်းအမြစ်ကား အခြားမဟုတ်။ သဘာဝဓာတ်ငွေ့ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသည် အခြားသော အာဖရိကနိုင်ငံများကဲ့သို့သော အခြေအနေမျိုးမဟုတ်ဘဲ သဘာဝအရင်းအမြစ်ရှိခြင်း ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများမှာလည်း ချွတ်ခြုံကျနေသော နိုင်ငံများမဟုတ်ဘဲ ဖွံ့ဖြိုးမှုအတန်အသင့်ရောက်နေသော နိုင်ငံများရှိနေခြင်း၊ ၂၁ရာစုတွင် နိုင်ငံတကာ မှ အာရုံစိုက်ရသော အရှေ့တောင်အာရှဒေသတွင် တည်ရှိနေခြင်းတို့ကြောင့် Sanction ၏ လွှမ်းမိုးမှုသည် အပြည့်အဝ သက်ရောက်မှုမရှိခဲ့ပါ။
အပြည့်အဝလွှမ်းမိုးမှုမရှိ၍ အရာမထင်ဘူးလားဟု မေးစရာရှိသည်။ ထိုသို့ဆိုခြင်းမဟုတ်ပါ။ ဟိုမရောက်ဒီမရောက်နှင့် ရေစုန်မျောသည့် သဘော သက်ရောက်ခဲ့သည်။ တစ်နည်းအားဖြင့် သက်ရောက်သည်များရှိသကဲ့သို့ မသက်ရောက်သည်များလည်း ရှိခဲ့သည်။ အောက်ခြေလူတန်းစားကို တိုက်ရိုက် သက်ရောက်မှုမရှိသော်လည်း အထက်လွှာများ အစိုးရအဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းတို့၏ ဆွေမျိုးများ ၎င်းတို့နှင့် မျက်နှာသင့်နေသော စီးပွားရေးလုပ်ငန်းရှင် (Crony) များအတွက် ကြီးမားသော အဟန့်အတား ဖြစ်ခဲ့သည်။
Sanction ရှိနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာမှုတွင် အားနည်းသည်။ တနည်းအားဖြင့် နိုင်ငံခြားလုပ်ငန်းကြီးများမှာ မြန်မာနိုင်ငံကို စီးပွားရေးအရ အဆက်အဆံမပြုရန် ထည့်သွင်းစဉ်းစားခြင်းမပြုသလောက် ရှားခဲ့သည်။ ၎င်းတို့က ပြုလုပ်ချင်သည့်တိုင် ၎င်းတို့နိုင်ငံများ၏ မူဝါဒအရ လုပ်ဆောင်ခွင့်မရှိခြင်းမျိုးလည်း ပါသည်။
ပြင်သစ်မှ TOTEL စသော ရေနံကုမ္ပဏီကြီးများက လာရောက်ရင်းနှီးမြှုပ်နှံတာ ရှိတာပဲဟု ပြောစရာရှိသည်။ သူတို့သည် သဘာဝဓာတ်ငွေ့ဟူ သော စွမ်းအင်အရင်းအမြစ်ကြောင့်သာ မကြိုက်သော်လည်း အောင့်ကာနမ်းရသောသဘော ဖြစ်သည်။ အတိအကျပြောနိုင်သည်မှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု အပြည့်အဝရောက်ရှိခြင်း မရှိသည့်သဘော၊ အလားအလာရှိသော နိုင်ငံပင်ဖြစ်စေကာမူ နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုခြင်းခံထားရ သည့် သဘောမျိုး ဖြစ်သည်။
ယခုအချိန်တွင် ဆန်ရှင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူတော်တော်များများက အလေးထား ပြောဆိုလာကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ဆန်ရှင်ကို မဖြစ်မနေ ဖယ်ရှားဖို့လိုကြောင်း ရှုမြင်လာကြသည်။
ပြည်သူလွှတ်တော် စတင်ခေါ်ယူစဉ်အချိန်အတွင်းကလည်း လွှတ်တော်အမတ်တစ်ဦးမှ လွှတ်တော်တွင် ဆန်ရှင်ကို ကန့်ကွက်ကြောင်းအထိ တင်သွင်းခဲ့သည်။ လွှတ်တော်တစ်ရပ်လုံးကပင် အဆိုကို ထောက်ခံခဲ့သည်။
မကြာသေးမီက ပြည်သူ့လွှတ်တော်စည်းအဝေးတွင်ပင် ဆန်ရှင်နှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်း လမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ခြင်းကို သတင်းဖော်ပြရာတွင် ကြားသိခဲ့ရသည်။
ထိုသို့ဖြစ်ပေါ်နေသော အချင်းအရာသည် ဖြစ်ရပ်အပေါ်တွင်သာ ပြောဆိုနေကြပြီး ဘယ်လိုလုပ်ရမည်ဟူသောနည်းလမ်းမပါ တနည်းအားဖြင့် အကာသာရှိပြီး အနှစ်မပါသောသုံးသပ်ချက်များ ဖြစ်နေသည်ကို တွေ့ရသည်။
လွှတ်တော်အမတ်မင်းတင်ပြသလောက် ပြောရုံဖြင့် မပြီးဘဲ မိမိတို့၏ အခွင့်အရေးချိုးဖောက်မှုများကို ဖယ်ရှားပစ်ဖို့သာ ပိုအရေးကြီးသည်။ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ဆိုရာတွင် တာဝန်ရှိသူများကရော အမြန်ဆုံး နိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဆောင်ရွက်မှုများကို မည်မျှ အမြန်ဆုံး လုပ်ပေးနိုင်သည်ဆိုသည့်အပေါ်တွင် မူတည်နေသည်။
မြန်မာမှုနယ်ပယ်တွင် “အဆို” တစ်ခုရှိသည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”ဟူသောအဆို ဖြစ်သည်။ ဤအဆိုအရ တစ်ဦး၏ပြုမူပုံအရ နောက်တစ်ဦးက ပြုမူသည့်ပုံစံ ပြောင်းလဲသည့်သဘော ဖြစ်သည်။ ထိုစကားပုံအတိုင်းပင် ဖြစ်သည်။
ယနေ့ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့် မြန်မာအရပ်သားအစိုးရတို့၏ ပျော့ပျောင်းသောပြောင်းလဲမှုကို လိုလားသော မူဝါဒ သဘောထား များနှင့်အညီ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံအား ၎င်းတို့၏ မူဝါဒကို ပြောင်းလဲစပြုလာသည်ဟု ဆိုရမည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ဆိုင်ငံ့မှု ပြုသည်။ ဥရောပနိုင်ငံများကလည်း စီးပွားရေးပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ ဖြေလျှော့မှုများ ပြုလုပ်လာသည်။ အခြေအနေတိုးတက်လာသည့်သဘောဟု ဆိုရမည်သာ ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့ထားသင့်ပြီး ဖြေလျှော့မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်။
ထိုသိုပြောကြားချက်အပေါ် နိုဗယ်ဆုရစီးပွားရေးညာရှင် ဂျိုးဇက်စတစ်ဂလစ်ကမူ တရားဥပဒေစိုးမိုးမှုမရှိလည်း စီးပွားရေးဖွံ့ဖြိုးနိုင်ကြောင်း တရုတ်၊ စင်ကာပူ အစရှိသော နိုင်ငံများနှင့် နှိုင်းယှဉ်ပြောဆိုသည်။
ကျွန်တော့်အမြင်အရပြောရလျှင်မူ အာမခံချက်မရှိသောနိုင်ငံတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှ စိတ်ချလက်ချဖြင့် မိမိတို့၏ ငွေအရင်းအနှီး များကို ပုံအောရင်းနှီးမည်မဟုတ်ပေ။ လုပ်ခဲ့လျှင်လည်း ကျီးလန့်အစာစားသာ ဖြစ်ပေလိမ့်မည်။
ထိုသို့ ပြောနေဆိုနေကြသော်လည်း အောက်ခြေလူတန်းစားများကမူ Sanction ကို ဝေဖန်ဖို့နေနေသာသာ ကောင်းစွာနားမလည်သူများပင် ရှိနေကြလိမ့်မည်။ သူတို့၏ဘဝကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိကြောင်း နားလည်ကောင်းမှ နားလည်လေစဟုပင် ကျွန်တော်စဉ်းစားမိသည်။
လက်ရှိအခြေအနေတွင် ကျွန်တော်တို့အနေဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်နေရုံဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ် များ၊ ပြဿနာများ ပြေလည်သွားလိမ့်မည်တော့ မဟုတ်ပါ။ စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင် ဖယ်ရှားရေးကိစ္စသည် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဘားရက်အိုဘားမားတို့ လက်ဝါးချင်းရိုက်ရုံ၊ ဟီလာရီကလင်တန် ကြားဝင်ဖြေရှင်းရုံဖြင့် ပြီးမြောက်အောင်မြင်နိုင်မည့်အရေးမဟုတ်။ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက်တည်းနှင့်လည်း မရနိုင်။
ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံရေးအရ အားပြိုင်နေသော အမေရိကန်လွှတ်တော်အတွင်း အဆိုတစ်ခုခု ဥပဒေတစ်ခုခုတင်သွင်းပြီး အတည်ပြု ခြင်း၊ ပယ်ဖျက်ခြင်းသည် လွယ်ကူလှသောကိစ္စတော့ မဟုတ်ပေ။
ထိုကြောင့် အလေးထားလုပ်ရမည်မှာ အမေရိကန်လွှတ်တော်အမတ်များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာပြည်သည် လူ့အခွင့် အရေး ချိုးဖောက်မှုများမရှိကြောင်း သိအောင်လုပ်ပြဖို့ လိုသည်။
သိအောင်လုပ်သည်ဆိုရာတွင် လိမ်ညာဟန်ဆောင်သယောင်သာ လုပ်ပြခြင်းမျိုးကို မဆိုလိုပါ။ ပြန်လည်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ရပ်တည်ချက်များကို အသိအမှတ်ပြုရမည်၊ မိမိတို့လုပ်ကိုင်နေသမျှတွင် ပွင့်လင်းမြင်သာမှုရှိနေဖို့လည်း လိုအပ်သည်။ နိုင်ငံတော်၊ အစိုးရများအနေဖြင့် ဒီမိုကရေစီအစိုးရ၊ ဒီမိုကရက်တစ်တပ်မတော် အစရှိသော လက္ခာဂုဏ်အင်များနှင့်အညီ ဒီမိုကရေစီဆန်ဆန် ပြည်တို့၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။
သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှုကို ဦးစီးဦးဆောင်ပြုသည်ကို အပြည့်အဝ ယုံကြည်သည်။ ဒါဆိုရင် ကျွန်တော်တို့ရော သူ့ကိုကူညီဖို့ မလိုဘူး လားဟု စဉ်းစားကြရမည်။ နိုင်ငံတကာကပြောပြောနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိအောင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို အသိအမှတ် ပြုဖို့ လိုသည်။ မီဒီယာတွေကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် တင်ပြရမည်။
အထူးသတိပြုရမည့်အချက်မှာ အရေးယူပိတ်ဆို့မှုများသည် အပြစ်ရှိ၍ ဒဏ်ခတ်ထားခြင်းဖြစ်သည်ဆိုသောအချက် ဖြစ်သည်။ ကြွေးသစ်မဟုတ် ယခင်အစိုးရ၏ ကြွေးဟောင်းဖြစ်သည်။ လက်ရှိတာဝန်မှာ အဆိုပါကြွေးဟောင်းကို ဆပ်ဖို့ဖြစ်သည်။ ကျွန်တော်တို့ပြုသမျှ အပြစ်ကို အပြစ်လို့မြင်၍ အမှန် ပြင်ဖို့ဖြစ်သည်။ အမှန်တရားကိုရှာဖွေနေသော နိုင်ငံနှင့် အစိုးရအတွက် နိုင်ငံတကာမှထိုင်ကြည့်နေမည်တော့ မဟုတ်ပါ။ သက်ဆိုင်ရာ ပါဝင်သူ တာဝန် ရှိသူအားလုံးတို့ကို အထူးသတိပေးလိုသည်မှာ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုများကို မဆုတ်မနစ် လုပ်သွားပါ၊ ပြည်သူတွေကို အခွင့်အရေးပေးပါ၊ အားလုံးကို ချန်မထားပါနဲ့၊ အတူတူသွားကြပါ။ ကျွန်တော်တို့နိုင်ငံကို အရိပ်လိုမိုးနေသည့် စီးပွားရေးပိတ်ဆို့မှု (Sanction) များ လွတ်မြောက်သွားပါလိမ့်မည်။
သို့သော် မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်များက ဖြစ်ပေါ်ခဲ့သော ဟာကွက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်ရှိအစိုးရနှင့် တာဝန်ရှိသူများကသာ ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိသ၍ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသ၍၊ ညီညွတ်မျှတသော လွတ်လပ်မှုများမရှိသ၍ မြန်မာ နိုင်ငံနှင့် ဆန်ရှင်သည်ကား ဒွန်တွဲနေမည်သာ……။
*****************************************
Google Drive: create, share, and keep all your stuff in one place.