Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၅.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. မိုးထိမိုးမိဒေသ ဆန္ဒထုတ်ဖော်သူရွေလုပ်သားများ အကြမ်းဖက်တိုက်ခက်ခြင်းခံရ
  1. တိုင်စာပို့သဖြင့် ဖမ်းဆီးမည်ဟုခြိမ်းခြောက်သောကြောင့် တိမ်းရှောင်ရမူဖြစ်ပွား

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို
  2. ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်မှရပ်ဆိုင်းရန် လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ထိုး တောင်းဆို
  3. SNLD မှ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

မိုးထိမိုးမိဒေသ ဆန္ဒထုတ်ဖော်သူရွေလုပ်သားများ အကြမ်းဖက်တိုက်ခက်ခြင်းခံရ

မန္တလေးတိုင်း မိထ္ထီလာခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ဇွန်လ (၁)ရက်နေ့မှ စတင်ဆန္ဒပြတောင်းဆိုခဲ့ကြသော ရွှေလုပ်သားများ ယခုလ (၉)ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုတခုကို ကြုံတွေ့ခဲ့ရကြောင်း ရွှေလုပ်သားများအဖွဲ့ဝင်တဦးဖြစ်သူ ကိုရဲရင့်ထက်က ပြောကြား သည်။

ထိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မူမှာ ဇုန် (၉)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အသုံးပြုသော ပျောက်ကြားစစ် ဝတ်စုံဝတ်ဆင်ထားသူ (၃၅)ဦးကျော်သည် မည်သည့် တရားဝင် စစ်ဆေးခွင့်စာရွတ်စာတမ်းများမပါပဲ တုတ်၊ ဓါး လက်နက်များသာမက နိုင်ငံတော်ဝန် ထမ်းများကိုသာ ကိုင်ဆောင်ခွင့်ပေးထားသော လက်ထိပ်များ၊ နံပါတ်တုတ်များကိုင်ဆောင်ပြီး ဇုန် (၉)တွင်နေထိုင်သော လူနေအိမ်များကို ဝင်ရောက် စစ်ဆေးခဲ့ကြောင်း မိုးထိမိုးမိဒေသတွင် တွေ့မြင်လေ့ရှိသူများ မဖြစ်နိုင်ဟုထင်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

"ကုမ္ပဏီကဖွဲ့ထားတဲ့ လုံခြူံရေးတွေလို့ ထင်ပါတယ်။ ခရိုင်ထွေအုပ်ကို စာတင်ပြီး တိုင်ကြားထားပါတယ်။ ထွေအုပ်ကတဆင့် ရဲဘက်ကိုလွှဲပြီး ဆက်လက်ကိုင်တွယ်မယ်လို့တော့ ကြားပါတယ်"ဟု ရွှေလုပ်သားများအဖွဲဝင်တဦးက ပြောကြားသည်။

(၁၄)ရက်ကြာ ဆန္ဒထုတ်ဖော်တောင်းဆိုမူများ ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ လိုက်လျောဟန်ပြုခဲ့ သော်လည်း စာချုပ်ပါအချက်အလက်များကို ယခုတိုင်အောင် ချိုးဖောက်လျက်ရှိပြီး တောင်ပေါ်နေရွှေလုပ်သားများ၏ အသက်အန္တရာယ်ကိုပါ ခြိမ်း ခြောက်လျက်ရှိခြင်းမှာ ပြုပြုပြောင်းလဲလမ်းစဉ်ကို ဦးတည်လျက်ရှိသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မူဝါဒများနှင့် များစွာ ဆန့်ကျင်လျက်ရှိကြောင်း၊ ဒီမိုကရေစီလမ်းစဉ်သို့ ကူးပြောင်းအကောင်အထည်ဖော်လျက်ရှိသော ယနေ့ခေတ် နိုင်ငံတော်အကြီးအကဲများ၏ မူဝါဒများနှင့်လည်း ဆန့်ကျင်လျက်ရှိ ကြောင်း မိထ္ထီလာပြည်သူ့အကြိုးဆောင်ကွန်ယက်မှ တာဝန်ရှိသူတဦးက အဆိုပါအကြမ်းဖက်မှုအပေါ် ကန့်ကွက်ပြောကြားသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

တိုင်စာပို့သဖြင့် ဖမ်းဆီးမည်ဟုခြိမ်းခြောက်သောကြောင့် တိမ်းရှောင်ရမူဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၁၂။

တိုင်းဒေသကြီးအစိုးရအပါအဝင် သက်ဆိုင်ရာဌာနများသို့ ၎င်း၏လယ်ယာမြေအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူး၏ မတရားပြုမူခြင်းကို တိုင်တန်း သဖြင့် အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သောကြောင့် ရန်ကုန်မြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသ ကြီး ဝါးခယ်မမြို့နယ် ကျုံမငေးကျေးရွာနေ လယ်ဧက ၃ ဧကကျော် လုပ်ကိုင်သူ ဦးသန်းထွန်းက ပြောကြားသည်။

စိုက်ပျိုးထွန်ယက်ထားသည့် လယ်မြေအပေါ် ကျေးရွာအုပ်ချပ်ရေးမှူး ဦးစိုးဝင်းက ပေ ၄၀ × ပေ ၆၀အကွက်များ သတ်မှတ်ကာ ကျေးရွာရန်ပုံ ငွေခေါင်းစဉ်နှင့် တစ်ကွက်လျင် ကျပ် ၁၂သိန်းဖြင့် လေလံတင်ရောင်းချမည်ဟု သြဂုတ်လ ၈ ရက်နေ့က အသံချဲ့စက်အသုံးပြုကာ ကြေညာသောကြောင့် လယ်လုပ်ကိုင်သူ ၎င်းကကန့်ကွက်၍ နစ်နာကြေးတောင်းဆိုသော်လည်း ညှိုနှုင်းမရသဖြင့် တိုင်ကြားစာများ ပေးပို့ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒါကုန်ရင် ကျွန်တော့်မှာ ဘာမှမရှိတော့ဘူး”ဟု ၎င်းက ပထမနှစ်အဝေးသင်ကျောင်းသူသမီးဖြစ်သူ၏ ရှေ့ရေးကို ဆက်လက်ပြောကြားရင်း မျက်ရည်များဖြင့် ပြောဆိုသည်။

ယခင်က လယ်ဧက ၁၁ ဧကကျော် လုပ်ကိုင်ခဲ့သော်လည်း ၁၉၉၉ခုနှစ်တွင် ကျေးရွာလမ်းဖောက်လုပ်ရန်အတွက် ၎င်း၏ လယ် ၈ဧကကို ပေး အပ်ခဲ့ရပြီး ၂၀၀၃ခုနှစ်တွင် ကျန် ၃ဧကကျော်ကို ထပ်မံသိမ်းယူသဖြင့် တိုင်းမှူးထံ အသားနားခံစာ တင်ပြသောကြောင့် ၂၀၀၇ ခုနှစ် ၃ဧကကျော် ပြန် လည်လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လယ်ခွန်ပြေစာများကိုပြလျက် ၎င်းက ရှင်းပြသည်။

“သူ့ကို လေလံမတင်ခင် ခေါ်တွေ့ပြီးပြောပြတယ်။ သူက သူ့လယ်တွေအတွက် ဈေးဖိုးတောင်းတယ်။ အဲဒီနောက်ပိုင်း သူ့ကိုမတွေ့ရတော့ ဖမ်း မယ်လို့ပြောတာမဟုတ်ပါဘူး”ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကျုံမငေးကျေးရွာအုပ်ချုပ်ရေးမှူးကို ဆက်သွယ်မေးမြန်းရာ မြေကွက်များ လေလံတင်သည်မှာ မှန်ကန်သော်လည်း တိုင်ကြားစာပို့သဖြင့် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သည်မှာ မဟုတ်ကြောင်း ငြင်းဆိုပြောကြားသည်။

sweet

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို

သြဂုတ်လ ၁၅ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အစိုးရအဖွဲ့အတွင်း လစ်လပ်နေရာတစ်နေရာဖြစ်သည့် ဒုတိယသမ္မတ (၂) နေရာတွင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း(ရေ)ဗိုလ်ချုပ်ကြီး ဦးဉာဏ်ထွန်းအား ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

"အခု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းကို ဒုတိယသမ္မတအဖြစ် တာဝန်ခန့်အပ်လိုက်ပါပြီ။ ဦးဉာဏ်ထွန်းကို တပ်မတော်သား ကိုယ်စား လှယ်တွေက အမည်စာရင်းတင်သွင်းပြီးတော့ ပြည်ထောင်စုလွှတ်တော်နာယကက အတည်ပြု ခန့်အပ်လိုက်တာပါ။ ဒီမနက် ၁၀နာရီလောက်မှာပဲ ကျမ်း သစ္စာကျိန်ဆိုလိုက်ပါပြီ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း(ရေ)ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် DSA အပတ်စဉ် ၁၆ဆင်း အသက် ၅၉နှစ်အရွယ်ရှိပြီဖြစ် သူတစ်ဦးဖြစ်ပြီး ဒုတိယသမ္မတအဖြစ် သြဂုတ်လ ၁၅ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ မနက် ၁၀နာရီခန့်က ကျမ်းသစ္စာကျိန်ဆို ပြီးကြောင်း သိရှိရပြီး အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောပြချက်အရ သိရှိရသည်။

"ဦးဉာဏ်ထွန်းက DSA အပတ်စဉ် ၁၆ကနေ အောင်မြင်တဲ့သူတစ်ယောက်ပါ။ ပြီးတော့ အင်္ဂလန်နိုင်ငံနဲ့ အခြားနိုင်ငံတစ်ချို့မှာလည်း တပ်မ တော်နဲ့ဆိုင်တဲ့ ပညာရပ်တွေကိုလေ့လာခဲ့သူဖြစ်ပြီး ထူးချွန်သူတစ်ဦးလို့ဆိုလည်း မမှားပါဘူး။ ပြီးတော့သူက လူမှုဆက်ဆံရေးလည်း ကောင်းမွန်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သူ့ကို ဒုတိယသမ္မတနေရာမှာ ရွေးချယ်လိုက်တယ်ဆိုတာက အဆိပ်မရှိတဲ့အပင်တစ်ပင် စိုက်ပျိုးလိုက်တာလို့ ပြောလို့ရပါတယ်"ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် ၂၀၁၀ရွေးကောက်ပွဲကျင်းပပြီး တပ်မတော်သားကိုယ်စားလှယ်များ၏ မဲဆန္ဒဖြင့် ယင်းဒုတိယသမ္မတနေရာအား သီဟသူရ ဦးတင် အောင်မြင့်ဦးမှ တာဝန်ယူထားရာ ၎င်းတာဝန်ယူနေစဉ်အချိန်အတွင်း ကျန်းမာရေးချို့ယွင်းချက်ကြောင့် ဇူလိုင်လ ၂ရက်နေ့၌ သမ္မတရုံးသို့ စာတင်၍ အဆိုပါနေရာမှ နှုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပြီးနောက်ပိုင်း ဒုတိယသမ္မတနေရာ၌ အစားထိုးရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုဗိုလ်ချုပ် ကြီးဟောင်း ဦးမြင့်ဆွေအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးဌေးဦးနှင့် ဦးတင်အေးတို့မှ ပါဝင်အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းလစ်လပ်နေရာ ရွေးချယ်အမည်စာရင်းတင်သွင်းချိန်ကာလ၌ ဒုတိယသမ္မတရာထူးအား ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အား နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ရေပန်းစားခဲ့ကြောင်း သိရှိရပြီး ၎င်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အချို့ဖြင့် ငြိစွန်းခြင်းကြောင်း ကာကွယ် ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား လွှတ်တော်တွင်းရှိ တပ်မတော်သားကိုယ်စားလှယ်များက ရွေးချယ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

 ------------------------------------------------------------------------------------------------------------------------------------

ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တာဝန်မှရပ်ဆိုင်းရန် လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ထိုး တောင်းဆို

ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာမှ လွှတ်တော်ကိုယ်စားလှယ် ၃၀၁ဦးတို့၏ လက်မှတ်ရေးထိုးမှုများဖြင့် အခြေခံဥပဒေ ဆိုင်ရာခုံရုံးမှ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှရပ်ဆိုင်းပေးရန်ဆိုသည့် သြဂုတ်လ ပထမအပတ်ထဲတွင် အဆိုတင်သွင်းမှုနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ သဝဏ်လွှာပေးပို့၍ တင်ပြလိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၄ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေး၌ ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

"လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုနဲ့ပတ်သက်ပြီး ဒီလ ၂၁ရက်နေ့မတိုင်ခင် အပြီးလုပ်ပေးမယ်လို့ အစည်းအဝေးမှာ ပြောသွားတယ်။ ဒီအဆိုကို နိုင်ငံတော်သမ္မတဆီ သဝဏ်လွှာပေးပို့ တင်ပြလိုက်ပြီလို့ သိရပါတယ်။ အမှန်တကယ် ဒီလိုမျိုးဖြစ်ရတာက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လွှတ်တော်က ဘယ်ကော်မတီဖွဲ့ဖွဲ့ ပြည်ထောင်စုအဆင့်လို့ သတ်မှတ်ရမယ်ဆိုတာကို ခုံရုံးက မသတ်မှတ်ပေးဘူးဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တာ လို့ ပြောလို့ရပါတယ်။ ဒီလိုမျိုးလုပ်တာက လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေရဲ့တာဝန်ကို ထိခိုက်စေပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြော ကြားသည်။

ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များမှ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ခုံရုံးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား တာဝန်မှ ရပ်ဆိုင်းရန် တောင်းဆိုရ ခြင်း၏ အဓိကအကြောင်းအရင်းမှာ မတ်လ ၂၈ရက်နေ့တွင် အခြေခံဥပဒေဆိုင်ရာခုံရုံးမှ လွှတ်တော်၌ ဖွဲ့စည်းသည့် လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များအား ပြည်ထောင်စုအဆင့်ဟု ထည့်သွင်းဖော်ပြခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်လျက်ရှိကြောင်းဆိုသည့် ဆုံးဖြတ် ချက်အား ချမှတ်ခဲ့သည့်အတွက် ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ခြင်းကြောင့် ယင်းအဆိုအား တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းကဲ့သို့ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ ရပ်ဆိုင်းပေးရန်ဆိုသည့် အဆိုအား ပြီးခဲ့သည့် ဧပြီလထဲ၌လည်း တင်သွင်းခဲ့ကြောင်း သိရှိ ရသည်။

"ဒီအဆိုကို ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌလည်းဖြစ် လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာနန္ဒကျော်စွာက ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း တင်သွင်းခဲ့တယ်။ အဲဒီတုန်းက အဆိုကို လွှတ်တော်ဥက္ကဋ္ဌက မဆွေးနွေးခဲ့ဘူး။ အခု ဒုတိယအကြိမ် ဒီသြဂုတ်လထဲမှာ တင်သွင်း တော့မှ လက်ခံဆွေးနွေးပြီး နိုင်ငံတော်သမ္မတဆီ သြဂုတ်လ ၁၄ရက်နေ့မှာ တင်ပြလိုက်တာပါ"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြား သည်။

ထို့ပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှ ဆောင်ရွက်ပေးမည့်အချိန်ထိ စောင့်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ တောင်းဆိုထားကြောင်း သိရှိရပြီး သတ်မှတ်ကာလအတွင်း အဆင်ပြေမှုမရှိပါက လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒအတိုင်း စွပ်စွဲမှုများ ပြုလုပ်လိုပါက ပြုလုပ်နိုင်သည်ကိုလည်း ထည့်သွင်းပြောကြားသွားခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၌ ခုံရုံးဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ တင်အောင်အေး၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးမြင့်ကြိုင်၊ ဒေါ်ခင်လှမြင့်၊ ဦးခင်ထွန်း၊ ဒေါ်မိမိရီနှင့် ဦးဆန်းမြင့်တို့မှ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

SNLD မှ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်

သြဂုတ်လ ၁၅ရက်နေ့ ရက်စွဲဖြင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီမှ ၁/၂၀၁၂ဖြင့် သဘောထားကြေညာချက်တစ်စောင် ထုတ် ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောထားကြေညာချက်တွင် အချက်သုံးချက်ပါဝင်ကြောင်း သိရှိရပြီး ယင်းကြေညာချက်၌ လက်ရှိ ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံ တော်သမ္မတမှ ကြိုးပမ်းနေစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တကယ်တမ်း တူညီပြင်းပြသည့်ဆန္ဒမှာ နိုင်ငံရေးဆွေးနွေးမှုများ ဖြစ်ကြောင်းနှင့် ယင်းသို့ နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်ရာတွင် ယခင် ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ဆောင်ချက်များမှ အတွေ့အကြုံများအား မှားယွင်း သည့် နည်းလမ်းများဖြင့် မပြုလုပ်မိရန်လိုကြောင်း ထည့်သွင်းဖော်ပြထားသည်။

"ဒီ SNLD ပါတီက ဦးခွန်ထွန်းဦး ဦးဆောင်ပြီး ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပါတီတည်ထောင်ခွင့်ရတာပါ။ ဒီနေ့ သြဂုတ်လ ၁၅ရက်နေ့မှာပဲ SNLD ပါတီရုံးချုပ်ကို မရမ်းကုန်းမြို့နယ် ၉မိုင်အနီးမှာ ဖွင့်လှစ်လိုက်ပါတယ်။ ပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့ ရက်စွဲနဲ့ SNLD ရဲ့ သဘောထား ကြေညာ ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ နိုင်ငံတော်သမ္မတက နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ တစ်ခုလုံးသာမကပဲ နိုင်ငံရေးပါတီတွေကိုပါ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ဖို့အတွက် ဖိတ်ခေါ်မှုများကိုလည်း ကျွန်တော်တို့ပါတီအနေနဲ့ ကြိုဆိုဝမ်းမြောက်မိပါ တယ်။ ဒါပေမယ့် အခုလက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာတော့ မျှော်မှန်းသလောက် မတိုးတက်လာတာကို သုံးသပ်မိပါတယ်"ဟု SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ယင်း SNLD ပါတီ၏ သဘောထားကြေညာချက်၌ ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်မှာ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေခြင်းသည် အထွေထွေလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်နေနိုင်သောကြောင့် နောင်ဖြစ်ပေါ်လာနိုင်သည့် ပြည်နယ်နှင့်ဆိုင်သည့် ပြဿနာများအား ကိုင်တွယ် ဖြေရှင်းခွင့်မရှိပဲ ဗဟိုအစိုးရကသာ ဖြေရှင်းပေးနေရမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိအချိန်၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများအပေါ်မူတည်၍ နောင်ဖြစ် လာမည့် ပြည်နယ်ပြဿနာများအား သက်ဆိုင်ရာမှသာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် လုပ်ပိုင်ခွင့်များအား ကြိုတင်အပ်နှင့်သင့်ကြောင်း တိုက်တွန်း လိုက်သည်ဆိုသည့်အချက်ကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထို့နောက် SNLD ပါတီရုံးချုပ်အား သြဂုတ် (၁၅)ရက် နံနက် ၀၉း၀၀နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ၉မိုင် အမှတ် (၂၆) ပြည် လမ်းနှင့် စော်ဘွားလမ်းထောင့်၌ ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရှိရပြီး အဆိုပါရုံးချုပ်ဖွင့်လှစ်ပွဲသို့ ၈၈ မျိုးဆက်ကျောင်းသား ကိုပြုံးချိုနှင့် နိုင်ငံရေးပါတီ အချို့ တက်ရောက်ကြောင်း သိရှိရသည်။

ATM

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တရားသူကြီး တရားရေးအရာရှိဟာ လုပ်သက်က အဓိကမဟုတ်ပါ။ ဖြောင့်မတ်မှန်ကန်မှု၊လူထုအပေါ် မေတ္တာထားရန်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ တိုင်းဒေသကြီးလွှတ်တော်တွေအဆင့်များ အဆင့်များမှာ သီလ၊ သမာဓိပြည်စုံတဲ့ ပြင်ပဥပဒေပညာရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းတဲ့ နည်းလမ်းက ပထမနည်းလမ်းဖြစ်ပါတယ်”

သြဂုတ် ၁၄ရက်နေ့ထုတ် Popular News ဂျာနယ်အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသည့် “မြန်မာနိုင်ငံ၏ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ပြောကြား”သတင်းမှ သူရဦးအောင်ကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ရှေ့နေတွေ ရုံးထိုင်တဲ့အချိန်မှာ လယ်မြေကိစ္စ တွင်မဟုတ်ပါဘူး။ ဥပဒေရေးရာကိစ္စတွေကို ဆွေးနွေးနိုင်တယ်။ ဒါဘာမှ အခကြေးငွေပေးစရာမလိုဘူး။ ကျွန်မတို့ ပြည်သူပြည်သားအများစုက ဒီအခကြေးငွေလည်း မတတ်နိုင်ဘူးဆိုတာ သိပါတယ်။ ဥပဒေအရ လုပ်ဆောင်ရမယ့်ကိစ္စတွေကို ဥပဒေပညာရှင် တွေနဲ့ မတိုင်ပင် မဆွေးနွေးလို့ မရဘူး”

သြဂုတ် ၁၅ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၇) တွင်ပါရှိသည့် “နေပြည်တော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လယ်ယာမြေ နှင့် ဥပဒေရေးရာအခမဲ့ တိုင်ပင်ဆွေးနွေးနိုင်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“သဘောရိုး ဟုတ်တယ်မဟုတ်တယ်ဆိုတာ ဥပဒေပြဿနာမဟုတ်ပါဘူး။ အချက်အလက်ပြဿနာဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေမှာလည်း ပြစ်မှု ပြစ်ဒဏ် ပြစ်မှုမမြောက်ဆိုတာကို တရားမစွဲရအောင် အကာအကွယ်ယူထားပြီးပါပြီ။ အဲဒီတော့ တရားမကြောင်းနဲ့ တရားစွဲခွင့်ဆိုတာ ဒီနေ့နိုင်ငံတကာမှာ တရားမနစ်နာမှု ဥပဒေဆိုတာ ဒီနေ့နိုင်ငံတကာမှာ တရားမနစ်နာမှုဥပဒေဆိုတာ လူတိုင်းကျင့်သုံးနိုင်တဲ့ဥပဒေပါ”

သြဂုတ် ၁၅ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၀၇) တွင်ပါရှိသည့် “တရားရေးအရာရှိများ ကာကွယ်ထားသည့်ဥပဒေ ရုတ်သိမ်းရေး ဆွေးနွေးရန်မသင့် ပြည်သူ့လွှတ်တော်ဆုံးဖြတ်” သတင်းမှ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment