Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၇.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. သတင်းမီဒီယာများ ဒုတိယအကြိမ် ဆန္ဒပြမည်
  1. ကျောက်တော်မြို့နယ်အတွင်း ဒုက္ခသည်စခန်းများဖွင့်နိုင်ရန် တင်ပြ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့် တစ်စုတစ်ဝေးတည်းဆွေးနွေးရန် နိုင်ငံရေးပါတီအချို့တောင်းဆို
  1. ရဲတပ်ဖွဲ့ဝင်များကို ရန်ပုံငွေပိုမိုဖန်တီးပေး၍ လောင်းကစားမှု ၇၀ရာခိုင်နှုန်းကျော် ကျဆင်းဟုဆို
  1. ပုဂ္ဂလိကသူနာပြုနှင့် ဆေးဝါးသင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

သတင်းမီဒီယာများ ဒုတိယအကြိမ် ဆန္ဒပြမည်

သြဂုတ်လ ၁၆ရက်နေ့ ရက်စွဲဖြင့် သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ် ချက်ဖြင့် သြဂုတ်လ ၂၂ရက်၊ ၂၃ရက်နှင့် ၂၄ရက်နေ့များ၌ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် သတင်းမီဒီယာအသီးသီးမှ မီဒီယာသမားများ ဒုတိယ အကြိမ် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတစ်ခုအား ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း ယင်း ကော်မတီမှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဒီတစ်ခါတော့ ကျွန်တော်တို့က ဥပဒေအတိုင်း ဒီလ ၂၁ရက်နေ့ မြို့တော်ခန်းမနားမှာ ဆန္ဒပြဖို့ သက်ဆိုင်ရာ ကျောက်တံတားရဲစခန်းမှာ လျှောက်ထားတင်ပြပြီး လုပ်မှာပါ။ ဒီလိုလုပ်တဲ့အခါမှာ ၂၂ရက်နေ့မှာ ဆန္ဒထုတ်ဖော်တဲ့ မီဒီယာသမားတွေအားလုံးက Press Freedom ဆိုတဲ့တံဆိပ် တွေပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုတ်ကိုဆောင်းပြီး ဆန္ဒထုတ်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်တောင်းဆိုမှုအား သုံးရက်ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပြီး သြဂုတ်လ ၂၂ရက်နေ့တွင် မြို့တော်ခန်းမအနီး ၌ ဒီမိုကရေစီနှင့် ထိုက်တန်သည့် သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ကာ သြဂုတ်လ ၂၃ရက်နေ့တွင် ဒဂုံမြို့နယ်တရားရုံး၌ The Voice ဂျာနယ် အမှုရင်ဆိုင်နေရသည့် သတင်းနှင့် ပတ်သက်၍ သတင်းမီဒီယာများမှ အဆိုပါတီရှပ်အမည်းရောင် ဦးထုပ်များ ဝတ်ဆင်၍ သတင်းရ ယူမည်ဖြစ်ကြောင်း သိရှိရသည်။

"သြဂုတ်လ ၂၂ရက်နေ့ ဆန္ဒထုတ်ဖော်ပြီးသွားရင် သြဂုတ်လ ၂၃ရက်နေ့မှာ ဒဂုံမြို့နယ်တရာရုံးမှာ တရားရင်ဆိုင်နေရတဲ့ The Voice ဂျာနယ် အမှုနဲ့ ပတ်သက်ပြီး စွဲချက်တင်သင့်မတင်သင့် တရားရုံးက အမိန့်ချမယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်ပြီးလည်း သတင်းယူတဲ့အခါမှာ သတင်းသမား တွေအားလုံး Press Freedom တံဆိပ်ပါတဲ့ တီရှပ်အမည်းရောင်နဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမယ်။ ပြီးရင် သြဂုတ်လ ၂၄ရက်နေ့မှာ ပုဇွန်တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ လျှပ်တပြတ်ဂျာနယ်အမှုနဲ့ ပတ်သက်တဲ့သတင်းကိုလည်း တီရှပ်အမည်းနဲ့ ဦးထုပ်တွေဆောင်းပြီး သတင်းယူမှာဖြစ်ပါ တယ်"ဟု အထက်ပါပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

ထို့ပြင် ယင်းသို့ Press Freedom တံဆိပ်ပါ တီရှပ်အမည်းရောင်းနှင့် ဦးထုပ်များဝတ်ဆင်၍ သြဂုတ်လ ၂၄ရက်နေ့၌ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် လျှပ်တပြက်ဂျာနယ်၏ အမှုစီရင်ချက်နှင့် ပတ်သက်၍ သတင်းရယူပြီးပါက နေ့လည် ၃နာရီအချိန်တွင် ဗဟန်းမြို့ နယ် ရွှေဂုံတိုင်မှတ်တိုင်အနီးရှိ တော်ဝင်နှင်းဆီခန်းမ၌ သတင်းလွတ်လပ်ခွင့်မရရှိသေးသည့်ကိစ္စ၊ ဆင်ဆာ မဖျက်သိမ်းသည့်ကိစ္စအပါအဝင် မီဒီယာ ဥပဒေရေးဆွဲရာ၌ မီဒီယာသမားများအား အသိပေးခြင်းမရှိပဲ ရေးဆွဲနေမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာထိန်းချုပ်မှုများ ဖယ်ရှားပေးရန်ဆိုသည့်ကိစ္စနှင့် စပ်လျဉ်း၍ ထည့်သွင်း ရှင်းလင်းသွားမည်ဖြစ် ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြချက်အရ သိရသည်။

ယင်းသို့ မီဒီယာသမားများမှ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်ခြင်းမှာ ယခုအကြိမ်နှင့်ဆိုပါက ဒုတိယအ ကြိမ်မြောက် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပြီး မီဒီယာသမားများ၏ ပထမဦးဆုံး ဆန္ဒထုတ်ဖော်တောင်းဆိုမှုပြုလုပ်မှုအား သြဂုတ်လ ၄ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ယင်းအချိန်၌ စာပေစိစစ်ရေးဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်နှစ်စောင်အား အကြောင်းအရင်း ခိုင်လုံခြင်းမရှိ ပဲ ပိတ်ပင်တားမြစ်ခဲ့ခြင်းကြောင့် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကျောက်တော်မြို့နယ်အတွင်း ဒုက္ခသည်စခန်းများဖွင့်နိုင်ရန် တင်ပြ

ရန်ကုန်၊ သြဂုတ် ၁၇။

ဆူပူအကြမ်းဖက်မူများကြောင့် လူ ၁၀ဦးသေဆုံးခဲ့ရပြီး လူဦးရေ ၃၇၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော ကျောက်တော်မြို့နယ်အတွင်း ကယ် ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောကြားသည်။

ပြည်နယ်အစိုးရ၏ ပံ့ပိုးမူဖြင့် မီးလောင်ပျက်ဆီးခဲ့ရသော မွတ်ဆလင်ကျေးရွာ(၅)ရွာကို ၃ကြိမ်တိုင် ထောက်ပံ့မူများ ပြုလုပ်ခဲ့သော်လည်း အရေးပေါ်အကူအညီများ လိုအပ်ဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ကျွန်တော်တို့ထောက်ပံ့ရေးပစ္စည်းတွေ စက်လှေနဲ့သွားပေးတော့ ကုလားတွေက အိမ်တွေမကျန်တော့လို့ မိုးထဲရေထဲမှာ ထိုင်နေကြရတာ တွေ့ခဲ့ရတယ် "ဟုရွာတစ်ရွာလျင်အိမ် ၂လုံး၃လုံးခန့်သာ ကျန်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်၍ ထောက်ပံ့ကူညီရေးအဖွဲ့တွင်ပါဝင်သူ ရခိုင်အမျိုး သားတစ်ဦးက ပြောဆိုသည်။

ကျောက်တော်မြို့ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မူများ ပြုလုပ်လိုပါက ကျောက်တော်မြို့ ဘဏ္ဍာငွေ ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ (ဦးဝင်းရွှေ-၀၉၈၆၃၇၀၉၁)ထံလိပ်မူ၍ ဘဏ်မှတဆင့် လွဲပေးနိုင်ကြောင်း ဘဏ္ဍာငွေထိန်းသိမ်းရေးကော်မတီဝင်တစ်ဦးက ရှင်းပြသည်။

အဆိုပါကျေးရွာများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် မြို့နယ်အတွင်း ဆရာဝန်များအဖွဲ့ဖွဲ့ကာ ကူညီပေးနေကြောင်း၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရွာသားများ၏လုံခြုံရေးအတွက် ကင်းလှည့်စောင့်ကြပ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၅ရက်နေ့မှစ၍ ၃ရက်တိုင်ဖြစ်ပွားခဲ့သော အဆိုပါအကြမ်းဖက်မူက မွတ်ဆလင်ကျေးရွာများဖြစ်သော ရွှေလိုင်ရွာမှ အမျိုးသား ၃ဦး အမျိုးသမီး ၄ ဦး၊ ဂုပ္ပိုထောင့်ရွာမှ အမျိုးသား ၁ ဦး အမျိုးသမီး ၁ ဦးနှင့် အင်ဘာရီရွာမှ  အမျိုးသမီး ၁ဦးကို သေဆုံးစေခဲ့ပြီး လူ ၃ဦး ပျောက်ဆုံးခဲ့ရကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးဌာန အစီရင်ခံစာအရ သိရသည်။

အခင်းစတင်ဖြစ်ပွားရခြင်းမှာ မွတ်စလင်ဘာသာဝင်များက ကျောက်တော်မြို့အနီး ဆန်စက်တစ်လုံးကို သြဂုတ်လ ၅ရက်နေ့ စတင်မီးရှို့ခြင်း ကြောင့်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးက သတင်းမီဒီယာများကို ရှင်းလင်းပြောဆိုသည်။

အဖွဲ့ဝင်နိုင်ငံ ၅၇နိုင်ငံပါဝင်သော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ရခိုင်ပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင်များနှင့် မူဆလင် တွေအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဖိအားပိုမိုပေးရန် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် သြဂုတ်လ ၁၅ရက်နေ့က ကျင်းပခဲ့သော ညီလာ ခံတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်အရေးနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်စရာမလိုကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က OIC၏ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးရန် တောင်းဆိုချက်နှင့်ပတ်သက်၍ တုံ့ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများသည် ဘာသာရေးပဋိပက္ခမဟုတ်ကြောင်း အတိ အလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သြဂုတ်လ ၁၅ရက်နေ့အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်း ၆ သောင်း ၈ ထောင်ကျော်ရှိ ကြောင်း ကုလသမဂ္ဂက  ထုတ်ပြန်ကြေညာခဲ့သည်။

sweet

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်တွင်းလက်နက်ကိုင်အဖွဲ့များနှင့် တစ်စုတစ်ဝေးတည်းဆွေးနွေးရန် နိုင်ငံရေးပါတီအချို့တောင်းဆို

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆွေးနွေးရာတွင် တစ်စုတစ်ဝေးတည်းဆွေးနွေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအပါအဝင် အခြားနိုင်ငံရေးပါတီအချို့မှ တောင်းဆိုလိုက်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့၌ ပြုလုပ်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗပိာုဌာနချုပ်ရုံးဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အဖွဲ့တွေခွဲပြီး ဆွေးနွေး  နေမယ့်အစား တစ်စုတစ်ဝေးတည်း စုဝေးပြီး တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲပါ။ အဖွဲ့တွေခွဲ ဆွေးနွေးနေမယ်ဆိုရင် တန်းတူရည်တူဖြစ်ဖို့ အဖြေ ရှာတဲ့အခါ ခက်ခဲနိုင်မယ်လို့ ကျွန်တော်တို့ပါတီအနေနဲ့ ပြောချင်တယ်”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း အိန္ဒိယအစိုးရကို တော်လှန်လျက်ရှိသော ပြည်တွင်း ကသည်းလူမျိုး လက်နက်ကိုင်တပ်ဖွဲ့များသည် ဝင်ရောက် နေထိုင်လျက်ရှိပြီး လက်ရှိအချိန်တွင် ချင်းပြည်နယ်အတွင်း၌ ကသည်းလူမျိုး ဦးရေ ၂၀၀၀၀ ခန့်အခြေချနေထိုင်လျက်ရှိကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ချင်းပြည်နယ်မှာ ကသည်းလူမျိုးတွေ တော်တော်နေရာယူနေပါပြီ။ သူတို့က ဘိန်းစိုက်ပြီးတော့ စီးပွားဖြစ်နေကြတာပါ။ ဒီကိစ္စကို နိုင်ငံတော် တာဝန်ရှိသူတွေအနေနဲ့ လစ်လျူရှုမနေသင့်ပါဘူး။ သေသေချာချာ ကိုင်တွယ်သင့်ပါပြီ. လုမျိုးရေးစိမ့်ဝင်မှုပြဿနာဆိုတာ အရမ်းကြောက်ဖို့ကောင်းပါ တယ်။ ဒီအတွက် ရခိုင်မှာ သက်သေပြခဲ့ပြီးပါပြီ။ ငြိမ်းချမ်းရေးအတွက်လည်း တိုင်းရင်းသားအားလုံး ပါဝင်ဆွေးနွေးနိုင်တဲ့ ညီလာခံမျိုး ပြုလုပ်သင့်ပါပြီ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့သည့်အပြင် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့အနက် (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကသူနာပြုနှင့် ဆေးဝါးသင်တန်းများအား တည်ဆဲဥပဒေအရ ဖျက်သိမ်းမည်

ပြည်တွင်းရှိ ပုဂ္ဂလိကသူနာပြုနှင့် ဆေးဝါးသင်တန်းများအား တည်ဆဲဥပဒေအရ ဖွင့်လှစ်လုပ်ကိုင်ရန် ခွင့်မပေးထားသည့်အတွက် ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကသူနာပြုသင်တန်းတွေ၊ ဆေးဝါးသင်တန်းတွေကို တည်ဆဲဥပဒေအရ ဖွင့်လှစ်ခွင့်မပေးထားတဲ့အတွက် ဖျက်သိမ်း သွားတော့မှာပါ။ ပြီးတော့ ဘယ်သူ့ခွင့်ပြုမိန့်တွေနဲ့ ဖွင့်လှစ်နိုင်တယ်ဆိုတာကိုလည်း သိနိုင်ဖို့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေ စစ်ဆေး ပေးဖို့ တောင်းဆိုထားပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသော ပုဂ္ဂလိကသူနာပြုနှင့် ဆေးဝါးသင်တန်းများသည် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် ဖြင့် ဖွင့်လှစ်ထားရှိသည့် သင်တန်းများဖြစ်ပြီး ယင်းကိစ္စရပ်များသည်  လူ့အသက်နှင့်သက်ဆိုင်သော ကိစ္စရပ်များဖြစ်သည့်အတွက် ကျွမ်းကျင်သူများ ကသာ သင်ကြားရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီကိစ္စပာာ လူ့အသက်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေပါ။ ဒါကို ကျန်းမာရေးအရမကြည့်ဘဲ စီးပွားရေးအရသာ ကြည့်တက်တဲ့ လုပ်ငန်းရှင်မျိုးဆိုရင် ပြည်သူတွေအတွက် စိုးရိမ်စရာပါ။ ကျွမ်းကျင်တဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေမပာုတ်ဘဲနဲ့ တက်ယောင်ကားဆရာမျိုးတွေဆိုရင်တော့ လူ့အသက်တွေ ဆိုးဆိုးရွားရွားကို ပေးလိုက်ရမှာပါ။ ခုလို ဥပဒေနဲ့အညီ ဖျက်သိမ်းလိုက်မယ်ဆိုတာ ကောင်းပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ စစ်အစိုးရလက်ထက် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းကြေညာခြင်းမရှိဘဲ နားလည်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သော ပုဂ္ဂလိက ဆေးဘက်ပညာ၊ ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုသင်တန်းများကို ဖွင့်လှစ်ခွင့် ပြုခဲ့သည်။

YC

 ------------------------------------------------------------------------------------------------------------------------------------

ရဲတပ်ဖွဲ့ဝင်များကို ရန်ပုံငွေပိုမိုဖန်တီးပေး၍ လောင်းကစားမှု ၇၀ရာခိုင်နှုန်းကျော် ကျဆင်းဟုဆို

ရန်ကုန်၊ သြဂုတ် ၁၇။

အရပ်သားအစိုးရလက်ထက် ချဲထီလောင်းကစားမှုတိုက်ဖျက်ရေး ပထမဆုံးလုပ်ဆောင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင် များကို သန့်ရှင်းသော ရန်ပုံငွေရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ပုံငွေရရှိနိုင်မည့် လုပ်ငန်းများ စီစဉ်ပေးမှုကြောင့် လောင်းကစားမှု တိုက်ဖျက်ရာတွင် ၇၀ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးသန့်က ထုတ်ဖော်ပြောကြားသည်။

တိုင်းဒေကြီးဝန်ကြီးချုပ်က  ငါးမွေးမြူရေးကန်အချို့ကို ရဲတပ်ဖွဲ့အတွက် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ရရှိလာသော အမြတ်ငွေများကို ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးချစေခြင်းကြောင့် တစ်နှစ်ကျော်အတွင်း လောင်းကစားမူများကို ယခုကဲ့သို့ တိုက်ဖျက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"ရန်ပုံငွေရှိနေရင် ရဲကဒုစရိုက်သမား မျက်နှာကြည့်နေစရာမလိုဘူးပေါ့  "ဟု အစိုးရက ရဲတပ်ဖွဲ့အတွက် ချထားပေးသော ဘတ်ချက်နည်းပါး မှုကြောင့် ယခင်က ရဲတပ်ဖွဲ့အတွင်းအကျင့်ပျက်ခြစားမှုများ ဖြစ်ပွားခဲ့မှုကို ရည်ညွှန်း၍ ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း လောင်းကစားမှုများအတွက် ထိုက်သင့်မည့်ပြစ်ဒဏ်ကြော်ငြာဆိုင်းဘုတ်များ နေရာအနှံ့ ဆိုက်ထူထားသည်ကို တွေ့ရှိရပြီး လောင်းကစားပြုလုပ်သူများကို ထိရောက်စွာ အရေးယူမူများလည်းရှိကြောင်း ဒေသခံများက ပြောကြားသည်။

"နှစ်လုံးသုံးလုံးမပြောနဲ့ အသုဘအိမ်မှာ ဖဲဝိုင်းလုပ်မယ်ဆိုရင်တောင် ခွင့်မပြုချင်ဘူး"ဟု ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားအနီး ကွမ်းယာရောင်းချသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

အကျင့်ပျက်ခြစားမူနှင့် လာဘ်ပေးလာဘ်ယူခြင်းများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထုတ်ဖော်ပြောကြားခဲ့ ပြီး၊ တောင်သူလယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေဖြင့် ချဲထီလောင်းကစားခြင်း မပြုရန် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တိုက်တွန်းပြောကြားခဲ့သည်။

"ရန်ကုန်မှာတော့ ဒိုင်ကြီးတွေ အဖမ်းခံရတယ်ဆိုတာ အခုထိ မကြားဖူးသေးဘူး"ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်း ချဲထီလောင်းကစားမှု ကျန်ရှိ နေသေးကြောင်း မရမ်းကုန်းမြို့နယ် အမှတ် ၄ရပ်ကွက်တွင်နေထိုင်သူ ချဲထီလောင်းကစားခြင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အစိုးရဝန်ထမ်းများ၏ လစာငွေကို ခေတ်ကာလနှုန်းထားများနှင့် ကိုက်ညီစွာ တိုးမြင့်ပေးရန် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြည်ထောင်စုအစိုးရကို တိုက်တွန်းခဲ့သော်လည်း ဘတ်ချက်လိုငွေပြမူ မြင့်မားနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက မူရင်းလစာပေါ်တွင် စရိတ်ချီးမြှင့်ငွေအဖြစ် ကျပ်သုံးသောင်းအား ထပ်ဆောင်းပေးအပ်ခဲ့ကြောင်း သိရပြီး အဆိုပါ စရိတ်ချီးမြှင့်ငွေအား အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင် ကြောင်း အစိုးရဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

sweet

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကိုယ့်ပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာပဲ နှစ်ဦးနှစ်ဖက်ယုံယုံကြည်ကြည် ဆွေးနွေးသင့်ပါတယ်။ သူများနိုင်ငံ သူများမြေပေါ်မှာ သူများပယောဂနဲ့ ဆွေး နွေးနေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ မလွယ်ဘူး။ နှစ်ဖက်ခေါင်းဆောင်များအနေနဲ့လည်း ပြည်သူလူထု၊ တိုင်းရင်းသားလူထု၊ ဒေသခံလူထုရဲ့ ဆန္ဒသဘောထားတွေကို ဥပေက္ခာမပြုကြပါနဲ့လို့ ကျွန်တော်ပြောချင်တယ်”

သြဂုတ် ၁၇ရက်နေ့ထုတ် First Weelyဂျာနယ် အတွဲ (၁) အမှတ် (၄၁) တွင်ပါရှိသည့် “တိုင်းရင်းသားများနဲ့ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဟာ လက်မှတ်ထိုးနေရုံနဲ့မပြီး ထိလွယ်ရှလွယ်တဲ့ကိစ္စ ဖြစ်တဲ့အတွက် တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေးဟာ အချိန်မရွေး ဆုတ်ယုတ်သွားနိုင်တယ်လို့ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းပြောကြား”သတင်းမှ ဒေါက်တာစိုင်းမောက်ခမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန်သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်း အမြစ်အား Credit မပေးပဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှု များအား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment