Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မီဒီယာအခြေပြု  ပွင့်လင်းဝန်ထမ်းအဖွဲ့အစည်းများဆီသို့

*****************************************

ဆောင်းပါးကဏ္ဍ

မီဒီယာအခြေပြု  ပွင့်လင်းဝန်ထမ်းအဖွဲ့အစည်းများဆီသို့

အောင်အောင်(IR)

(သြဂုတ် (၁၉)ရက်နေ့ထုတ် Meessenger အတွဲ(၃)၊ အမှတ်(၁၃) တွင်ပါရှိသည့် ဆောင်ပါးအား ကောက်နှုတ်ဖော်ပြချက်)

စာရေးသူတို့နိုင်ငံတွင် လတ်တလော အသုံးများနေသော ဝေါဟာရတစ်ခုကို ပြောပြပါဆိုလျှင် “လူ့အခွင့်အရေး”ဟူသော ဝေါဟာရသည်  တစ်ခု အပါအဝင် ဖြစ်သည်။ ယခင်က လူ့အခွင့်အရေး စကားလုံးပါလျှင်ပင် နိုင်ငံရေးမပါပါနှင့်။ ယခုတော့ အစိုးရကိုယ်တိုင်ကိုက လူ့အခွင့်အရေး ဆိုသည်ကို နေရာပေးဖော်ပြလာခဲ့ရာ ပြည်သူအချို့သည် နားလည်သည် ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လူအခွင့်အရေးဆိုသည်ကို မတန်တဆ နေရာတကာ သုံးလာကြသည်။

ရပ်ကွက်ထဲ လူငယ်ချင်း ရန်ဖြစ်တကာအစ အဆင်မပြေတာကအဆုံး လူ့အခွင့်အရေးနှင့် ချိတ်ဆက်လာကြသည်။ ပြဿနာ တစုံတရာ ဖြစ်လာလျှင်ပင် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ မိတ္တူပို့လာကြသည်။ ဘာပြဿနာပဲဖြစ်ဖြစ် လူ့အခွင့်အရေးကော်မရှင်ကို တိုင်လိုက်မည်ဆိုတာ မကြာခဏ ကြားလာရသည်။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးတွေကို ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေနဲ့ ရောချလာကြသည်။

စာရေးသူ ဒုက္ခသည်များကို အကူအညီပေးရသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုနှင့် အလုပ်လုပ်စဉ် တစ်နေ့ လူတချို့  အကူအညီ တောင်းခံရန် ရုံးတံခါးဝသို့ ရောက်လာပါသည်။ ရုံးအတွင်းသို့ ၎င်းတို့ကို ခေါ်ယူဆွေးနွေးသည့်အခါ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စပြဿနာများ ဖြစ်နေပြီး စာရေးသူတို့ရုံးနှင့် မသက်ဆိုင်သဖြင့် နားလည်အောင် ပြောပြပြီး ပြန်လွှတ်ရသည်။ အဆိုပါ သူတို့မှာ ရုံခြံဝင်းအတွင်း စိုက်ထူထားသော ရုံးဆိုင်းဘုတ်မှ “ဒုက္ခသည်”ဟူသော စာလုံးကိုမြင်သည်နှင့် အားကိုးတကြီး ၎င်းတို့ဒုက္ခများကို တင်ပြလာကြခြင်း ဖြစ်သည်။ မည်သူသည် ဒုက္ခသည်နည်း။ မည်သို့သော သူကို ဒုက္ခသည်ဟု သတ်မှတ်သနည်း၊ ၎င်းတို့မသိကြပါ၊ ထိုသို့ မသိခြင်းအတွက်လည်း အပြစ်တင်ရန်မရှိပါ။

အလားတူကိစ္စမျိုး စာရေးသူ ကလေးသူငယ်များအား အကူအညီပေးသော နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုတွင်နှင့် အလုပ် လုပ်ခဲ့စဉ်ကလည်း ကြုံဖူးပါသည်။ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည်ဆိုသည်နှင့် ကလေးသူယ်ရှိသော မိသားစုအချို့မှ ချဉ်းကပ် အကူအညီတောင်းလာခြင်း ဖြစ်သည်။ အဖွဲ့အစည်းအနေဖြင့် မည်သည့်ဒေသ ၌ ကလေးသူငယ်များကို အကူအညီပေးနေသည် မည်သို့ပေးနေသည်ကို ၎င်းတို့မသိကြ။

စာရေးသူပြည်တွင်း ပြည်ပအတွေ့အကြုံများအရ မြန်မာပြည်တွင် ပြည်သူများအကြား၌ ကြီးမားသော သတင်းအချက်အလက် လစ်ဟာမှု (Information gap) ဖြစ်ပေါ်နေပါသည်။ သာမာန် အများပြည်သူများသည်  မည်သည့်ဌာနများသည် မည်သည့်ဝန်ကြီးဌာနလက်အောက်၌  ရှိသည်၊ ဘာတွေလုပ်မည်၊ ဘာတွေလုပ်ပေးနိုင်သည်၊ ဘာတွေကတော့ အခမဲ့ဖြစ်သည်၊ ဘာတွေကတော့ ဘယ်လောက်ကုန်ကျနိုင်သည် စသဖြင့် အခြေခံ သတင်းအချက်အလက်များကို မသိရှိကြချေ။ နိုင်ငံရပ်ခြားကဲ့သို့လည်း အင်တာနက်ကို အလွယ်တကူ သုံးစွဲနိုင်ခြင်း မရှိကြဘဲ သုံးစွဲနိုင်သည့်တိုင် အလွန် နည်းပါးသော မြို့နေလူထုသာ ဖြစ်သည်။

စာရေးသူ ပြည်ပတွင် ကျောင်းများတက်စဉ် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများ၏ သတင်းအချက်အလက်  အချို့ကို ကိုးကားချင်သဖြင့် ဝန်ကြီးဌာန၏ website အချို့ကို ဝင်ရောက်ကြည့်ရှုရာ များစွာသော website အများစုမှာဖွင့်မရဘဲ ဖွင့်၍ရသော website များမှာလည်း  Update လုပ်ထားခြင်း မရှိ ကြပါ။ မြန်မာပြည်ပြန်ရောက်ပြီး ပြည်တွင်းမှ ထပ်မံဝင်ရောက်ကြည့်ရှုရာ အလားတူအခက်အခဲများ ကြုံတွေ့ရပါသည်။ ၎င်းဝန်ကြီးဌာန website များမှာ ကျွန်တော့် အတွေ့အကြုံအရ လွန်ခဲ့သော ၄၊၅နှစ် မကကတည်းက တင်ထားခြင်း ဖြစ်သည်။ ဆိုပါလျှင် အရည်အသွေးရော၊ အရေအတွက်ပိုင်းတွင်ပါ တိုးတက်သက်ဝင်နေရမည် ဖြစ်သင့်သည်။ သို့သော်ဤသို့ဖြစ်မလာပါ ဖြစ်မလာသေးပါ၊ ယခု လတ်တလော Update အဖြစ်ဆုံးဆို၍ အစိုးရ website များတွင် နိုင်ငံတော်သမ္မတရုံး Website သာ ဖြစ်မည်ထင်ပါသည်။

ထို့ပြင်ပြည်သူလူထုကြားသတင်းအချက်အလက် လစ်ဟာနေမှုဖြစ်နေသည်မှာ ပြည်သူများနှင့် အစိုးရဌာနများကြားတွင်၌သာ မဟုတ်ဘဲ ပြည်သူများနှင့် NGO များ၊UNအဖွဲ့အစည်းများ ကြားတွင်ပါရှိနေလေရာအဆိုပါကိစ္စကိုကုစားရန် ပွင့်လင်းမြင်သာမှု ရှိခြင်း၊ Transperancy နှင့် Accountability မှာများစွာအရေးကြီးလှသည်။ ထိုသို့ ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်း အကောင်းဆုံးအဖြေမှာ အစိုးရ ရုပ်သံမီဒီယာများပင် ဖြစ်သည်။ ရုပ်မြင်သံကြား အစီအစဉ်များမှတဆင့်  အစိုးရဌာနအသီးသီးသည် ၎င်းတို့ လုပ်ဆောင်နေမှု၊ လုပ်ဆောင်ပေးနိုင်မှု၊ အခမဲ့ဝန်ဆောင်မှု၊ အခမဲ့ မဟုတ်သော ဝန်ဆောင်မှုနှင့် ဥပဒေပိုင်းဆိုင်ရာ ဗဟုသုတများကို အလှည့်ကျ ဖော်ပြပေးနိုင်သည်၊ ဖော်ပြပေးသင့်သည်။ ထိုသို့ အစိုးရဌာနများ၌ လုပ်ငန်းတစ်ရပ် ကိစ္စတစ်ရပ် ဆောင်ရွက်ရာတွင် အချိန်ကြာမြင့်မည့်အချိန်ကိုပါ ခန့်မှန်းဖော်ပြပေးနိုင်ပါက ပြည်သူလူထုအတွက် များစွာအဆင်ပြေပါမည်။

အစိုးရ အဖွဲ့အစည်းများတင်မကဘဲ အစိုးရမဟုတ်သော အဖွဲ့အစည်းများဖြစ်သည့်  NGO,INGO နှင့် UN အဖွဲ့အစည်းများသည်လည်း ၎င်းတို့ တိုင်းပြည်အတွင်း လုပ်ဆောင်နေမှုများကို ပြည်သူများထံ ရုပ်မြင်သံကြား၊ သတင်းစာများမှတဆင့် ပွင့်ပွင့်လင်းချပြရန် လိုပါသည်။ ပြည်သူအကြားတွင်  အဆိုပါ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မေးခွန်းများစွာ ရှိကြပါသည်။ သိလိုကြပါသည်။ နယ်လှည့် ဟောပြောရုံ သင်တန်းများ ပို့ချရုံဖြင့် မလုံလောက်ပါ။ ဘတ်ဂျတ် ဘယ်လောက်ရသည်၊ ဘာတွေလှူဒါန်းပြီး ဖြစ်သည်။ ဘာတွေလှူဒါန်းမည် စသဖြင့် ထင်သာမြင်သာ ဖြစ်စေမည့် အချက်အလက်များကို လူသိရှင်ကြား ဖော်ပြသင့်ပါသည်။ အကယ်၍ ပြောသလို ပမာဏအား မလှူဒါန်းပါက လှူဒါန်းမှု မရသေးပါက လှူဒါန်းသည့် ငွေပမာဏနှင့် ရရှိသည့် အလှူငွေများ ကွာဟနေပါက သက်ဆိုင်ရာ နယ်မြေဒေသများမှ မီဒီယာများမှ အဆိုပါ အဖွဲ့အစည်း များအား ထောက်ပြဝေဖန်လာပါလိမ့်မည်။

ထိုသို့ ရုပ်သံမီဒီယာများမှတစ်ဆင့် ပုံမှန်အချိန်ပိုင်း ထုတ်လွှင့်ပေးပါက သတင်းစာများတွင် ကဏ္ဍတစ်ရပ်အနေဖြင့် ထည့်သွင်းဖော်ပြပါက ဂရုတစိုက် ကြည့်ရှုလေ့လာကြမည့် ပြည်သူများစွာ ရှိပါသည်။ လက်ဆင့်ကမ်း မျှဝေကြမည့် ပြည်သူများစွာ ရှိပါသည်။ အစိုးရအပေါ်လည်း ယုံကြည် နားလည်မှုလည်း တိုးလာမည်ဖြစ်ပြီး အစိုးရဌာနများ NGOများ အနေဖြင့်လည်း ပိုမိုတာဝန်ယူ၊ ဝန်ခံလာရမည်ြဖစ်သည်။ ဤနေရာတွင် သတိပြုရန်မှာ ရုပ်မြင်သံကြားမဟုတ်ဘဲ  Internet တွင် လွှင့်တင်ထားပါက အများပြည်သူများ လက်လှမ်းမီနိုင်မည် မဟုတ်ပါ။

အများပြည်သူမှလည်း မည်သို့သော ဝန်ဆောင်မှုကို မည်သည့်ဌာနမှ ပေးရသည်၊ မည်သည့်အချိန်ကို မည်သည့်နေရာများတွင် ရနိုင်သည်၊ မည်မျှအချိန်ကုန်သည်၊ မည်မျှ အချိန်ကြာမြင့်နိုင်မည်ကို အလွယ်တကူ သိရှိနိုင်ကြမည်ဖြစ်ပြီး အကဲဖြတ်နိုင်ကြမည်ဖြစ်ပြီး ကျေနပ်သဘောကျပါက Media များမှတစ်ဆင့် အဆိုပါဌာနများကို ထုတ်ဖော်ချီးကျူးကြမည် ဖြစ်သည်။ အချို့သော ဌာနဆိုင်ရာများအနေဖြင့် နေရာတကာ ဂျာနယ် စာစောင် များတွင် ဝေဖန်မှုများသာ ကြုံတွေ့ဖတ်ရှုနေရရာ ယခုလိုပွင့်လင်းမှု ပြသခြင်းဖြင့် ပို၍ရှုပ်ထွေးကုန်မည်လားဟု စဉ်းစားစရာ ရှိပါသည်။

ထိုင်နေရင် အကောင်းသား ထမှကျိုးမှန်းသိဆိုသလိုမျိုးများ ဖြစ်နေမည်လားဟု တွေးတောဖွယ် ရှိပါသည်။ ပြည်သူလူထုအများစုသည် နားလည်မှု ရှိကြပါသည်။ မ,အကြပါ။ မရိုင်းကြပါ။ ပြုပြင်ပြောင်းလဲမှု ထင်ရှားသိသာစွာပြသော ဌာနများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြမည်ဖြစ်ပြီး ကျိုးမှန်းသိပါက ဝိုင်းဝန်းတွဲကြပါလိမ့်မည်။ အကျိုးမှ အကောင်းဖြစ်လာရန် ကူညီကြံဆကြပါလိမ့်မည်၊ အကျိုးမှန်းသိမှာစိုး၍ ဆက်၍ထိုင်နေလျှင်သာ နောက်ဆုံးတစ်နေ့ ယုံကြည်မှု ဆုံးရှုံး ၍  ချောင်ပိတ်မိပါလိမ့်မည်။

စာရေးသူသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူးရာ လုပ်ရည်ကိုင်ရည်ရှိပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိသော ဝန်ထမ်း များရှိသည်ကို နားလည်သိရှိရပါသည်။ ပြည်သူများမှ မိမိဌာန အဖွဲ့အစည်းကို အားကိုးယုံကြည်မှု ရှိသည်၊ ချစ်ခင်လေးစားမှု ရှိသည်ဟူသော ပီတိစိတ်ဖြင့် လုပ်ကိုင်ရသည်ကို လိုလားသူ အများအပြား ရှိပါသည်။ အတုန့်အလှည့်အားဖြင့် နိုင်ငံတော်မှ ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် ခံစားခွင့်များ ခေတ်နှင့်အညီ တပြေးညီဖြစ်ရေးအား ကြံဆဆောင်ရွက်လာမည် ဖြစ်ပါသည်။

မဝေးလှသော အတိတ်ကို ပြန်ကြည့်လျှင် စာရေးသူတို့နိုင်ငံတွင် ပြည်သူ့တာဝန် ထမ်းဆောင်ရသည့် အဖွဲ့ အစည်းများသည် ပွင့်လင်းမြင်သာမှု ရှိခြင်းနှင့် တာဝန်ခံမှုရှိခြင်းတို့၌  များစွာအားနည်းလှသည်ဖြစ်ရာ ပြည်သူလူထု၏ အားကိုးယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော် အကြီးအကဲများမှဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား မိမိတို့အသိစိတ်ဖြင့် ပြုပြင်ပြောင်းလဲကြရန် လမ်းဖွင့်ပေးခဲ့ပြီ ဖြစ်ပြီး ပြည်သူလူထုနှင့် စာနယ်ဇင်းများမှလည်း လေ့လာစောင့်ကြည့်လျက် ရှိကြပါသည်။ တချို့ဌာနများသည် ပြုပြင်ပြောင်းလဲနေပြီ ဆိုသော်လည်း ထင်သာမြင်သာ မရှိလှသေးပါ။ ပြည်သူအများထံမှ “သွားကြည့်ကြပါ၊ ဘာမှ မပြောင်းလဲသေးကြပါဘူး” ဟူသော အသံများသာ ကြားနေရသည်။ သို့ဖြစ်၍ ဌာနများအနေဖြင့် ၎င်းတို့၏ သိသင့်သိထိုက်သည်များကို အစိုးရပိုင် မီဒီယာများမှတဆင့် ပြည်သူလူထုထံသို့ ပွင့်လင်းစွာ တင်ပြကြခြင်းဖြင့် အပြောင်းအလဲ အလှည့်အပြောင်းကာလတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ကြပါစေကြောင်း မျှော်လင့်ဆန္ဒပြုမိပါသည်။

 *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment