Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၀. ၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မန္တလေးတွင်  လက်ဖက်ရည်ဆိုင်ဖွင့်ခွင့်ပါမစ် ခက်ခဲ
  2. မန္တလေးမြို့တော်သစ်စီမံကိန်း မသေချာသည့်အသံများ ထွက်ပေါ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတထံ အစီရင်ခံစာ တင်ပြရမည့်ရက် ပြောင်းလဲ
  2. မကွေးတိုင်းဝန်ကြီးချုပ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လက်မခံသူဟု ဒေသခံများစွပ်စွဲ
  3. အလုပ်သမားအခွင့်အရေး ရရှိစေရေး ဆက်လက်ဆန္ဒထုတ်ဖော်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မန္တလေးတွင်  လက်ဖက်ရည်ဆိုင်ဖွင့်ခွင့်ပါမစ် ခက်ခဲ

မြန်မာနိင်ငံ၏ ယာဉ်ကျေးမှုမြို့တော်ဖြစ်သည့် မန္တလေးမြို့တွင် ဘီယာဆိုင်ဖွင့်မည့် ပါမစ်ရရန် လွယ်ကူသလောက် လက်ဖက်ရည်ဆိုင် ဖွင့်ရန် ပါမစ်လျှောက်လျှင် ၁၅သိန်းခန့် ကုန်ကျကြောင်း လက်ရှိအမည်တူ လက်ဖက်ရည်ဆိုင် သုံးဆိုင်ဖွင့်ထားသူတစ်ဦးက ပြောကြားသည်။

ဘီယာဆိုင်ဖွင့်လျှင် သုံးသိန်း၊ ငါးသိန်းခန့် အကုန်ကျခံလိုက်ရုံနှင့် ဘီယာဆိုင်ဖွင့်ခွင့် အလွယ်တကူ ရရှိနိင်ကြောင်း ဘီယာဆိုင်တဆိုင်မှ စည်ပင် အနေဖြင့် နောက်ပိုင်းတွင် ယစ်မျိုးခွန်သည် တနှစ်ကို သိန်း ၆၀၊ ၇၀ခန့်ရ၍ ဘီယာဆိုင်ပါမစ်က လွယ်ကူပြီး လက်ဖက်ရည်ဆိုင်ပါပစ်က ခက်ခဲခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ဘီယာဆိုင်များ မန္တလေးတွင် လက်ညိုးထိုးမလွဲ မြင်တွေ့နိုင်ပြီး လူငယ်များအရက်မူးကာ ဆိုင်ကယ်များ အုပ်စုဖွဲ့ရန်ဖြစ်ကြမှု ညစဉ်ညတိုင်း ကြား သိနေရသည်ဟု ၇၂လမ်း တက္ကသိုလ်ကျောင်းအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အခု ဘီယာဆိုင်တွေက အပြိုင်အဆိုင်ဖြစ်လာတော့ ဝန်ဆောင်မှုတွေ အပြိုင်အဆိုင် ဖြစ်လာကြောင်း ယခင်က အရည်သောက်ဟင်းရည်ကို အမြည်းတခွက် သုံးရာခန့် ပေးရသော်လည်း ယခု အလကားချပေးပြီး အပြိုင်အဆိုင် အရောင်းမြှင့်တင်ရေး လုပ်ကိုင်နေကြောင်း အင်္ဂလိပ်စာဌာနမှ ကထိကတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

မန္တလေးမြို့တော်သစ်စီမံကိန်း မသေချာသည့်အသံများ ထွက်ပေါ်

မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ဆောက်လုပ်မည့် မြို့တော်သစ်စီမံကိန်းနှင့် ပတ်သက်၍ မသေချာသည့်အသံများ ထွက်ပေါ်လာကြောင်း ဒေသခံဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ယခုရက်ပိုင်း နေပြည်တော်တွင် ကျင်းပပြီးစီးသွားသည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော စီမံကိန်းကော်မရှင် အစည်းအဝေး ကျင်းပရာတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တင်ပြသည့် အနာဂါတ်စီမံကိန်းများထဲတွင် မန္တလေးမြို့တော်သစ်စီမံကိန်းကို ထည့်သွင်းတင်ပြခြင်း မရှိ၍ မြို့တော်သစ်စီမံကိန်း မသေချာသည့်သတင်းများ ထွက်ပေါ်လာ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိ လူအများနေထိုင်သည့်မြို့ကို ပြုပြင်ထိမ်းသိမ်းစရာများ ရှိနေချိန်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလံကျော် အကုန်ကျခံ တည်ဆောက် မည့် မြို့သစ်စီမံကိန်းသည် အာဏာရှိသူများပေါင်းပြီး စီပွားရေးလုပ်ငန်းရှင်များ ဂွင်ဆင်ခြင်းသာဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြော ကြားသည်။

“မြို့သစ်တည်လောက်အောင် လူဦးရေ မထူထပ်သေးဘူးလေ။ ပြီးတော့ အခုပျက်နေတဲ့လမ်းတွေပဲ အရင်ပြင်ပါဦး”ဟု ၎င်းက ဆိုသည်။

၇၂လမ်း၊ သဇင်လမ်းနှင့် ငုဝါလမ်းကြားတွင် တည်ဆောက်မည့် မင်္ဂလာမြို့သစ်စီမံကိန်း၏ ပန္နက်တင်အခမ်းအနားအား သြဂုတ်လ ၁၂ရက်က ကျင်းပခဲ့သည်။

MP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတထံ အစီရင်ခံစာ တင်ပြရမည့်ရက် ပြောင်းလဲ

သြဂုတ်လ ၂၀ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းခဲ့သည့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအား ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့တွင် နောက်ဆုံး နိုင်ငံတော်သမ္မတထံသို့ တင်ပြ ရမည်ဆိုသည့် စာသားအစား စက်တင်ဘာလ ၁၆ရက်နေ့သို့ ပြောင်းလဲတင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ် အင်တာနက်စာမျက်နှာ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်အား သြဂုတ်လ ၁၇ရက်နေ့၌ အမိန့်ကြေညာစာ (အမှတ် ၅၈/၂၀၁၂)ဖြင့် နိုင်ငံတော်သမ္မတမှ ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ယင်းကော်မရှင်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန ဒေါက်တာမျိုးမြင့်မှ ဦးဆောင်၍ အဖွဲ့ဝင် ၂၇ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မရှင်အဖွဲ့၌ ဘာသာရေးအဖွဲ့အစည်းမှ ခေါင်းဆောင်အချို့နှင့် ပြည်တွင်းနိုင်ငံရေးပါတီတို့ဖြင့် ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့မှ ပထမဦးဆုံးအကြိမ် လုပ်ငန်းဖော်ဆောင်ရေး အစည်းအဝေးအဖြစ် သြဂုတ်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးမြင့်မှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရာ၌ နုနုညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း ပြောကြားသွားပြီး ယင်းရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ လဝကအချို့နှင့် ယခင် အဆိုပါ ဒေသတွင် တာဝန်ကျဖူးခဲ့သည့် တပ်မတော်အရာရှိတို့နှင့် တွေ့ဆုံ၍ အချက်အလက်အချို့အား စုဆောင်းရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့ပြင် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍လည်း နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် သြဂုတ် လ ၂၁ရက်နေ့တွင် တွေ့ဆုံ၍ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပြီး သြဂုတ်လ ၁၉ရက်နေ့၌ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ရှင်စောပု လမ်းမပေါ်တွင် တရားဝင်ခွင့်ပြုချက်ဖြင့် INGO နှင့် UN အဖွဲ့အစည်းများမှ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲ့ခြားဆက်ဆံမှုနှင့်ပတ်သက်၍ ရခိုင်လူငယ် ရာဂဏန်းနီးပါးခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မကွေးတိုင်းဝန်ကြီးချုပ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လက်မခံသူဟု ဒေသခံများစွပ်စွဲ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေသည် သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လိုက်လျောညီထွေမှု မရှိသူအဖြစ် ဒေသခံများ၊ အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေးပါတီဝင်တချို့က စွပ်စွဲပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှစ်ဆယ့်ရှစ်ကျောင်းသားခေါင်းဆောင်များ ရေစကြို၊ ပခုက္ကူ၊ မြိုင်ခရီးစဉ်များအတွင်း တွေ့ဆုံကြိုဆိုသူ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ အပြစ်ပေးအရေးယူခံရကြောင်း ရေစကြိုမြို့မှ ဆရာဝန်တစ်ဦးက ပြောဆိုသည်။

“ဘယ်လိုလဲမသိဘူး စာပေဟောပွဲလုပ်ဖို့ တင်ပြတာလည်း လုံးဝခွင့်မပြုဘူး။ ခေတ်ပြောင်းနေတာ မကွေးမပါသလိုဘဲ ခံစားရတယ်”ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မကွေးတိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အနေဖြင့် ရွေးချယ်တင်မြောက်ခံရသော ဦးဘုန်းမော်ရွှေသည် ပါတီနိုင်ငံရေးမလုပ်ဖူးဆိုကာ လယ်ယာမြေသိမ်းကိစ္စများကို လာရောက်တင်ပြသူ နိုင်ငံရေးပါတီတချို့ကို ငြင်းဆန်ပြောဆိုခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရှိ နိုင်ငံရေးပါတီတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ပြောကြားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားအခွင့်အရေး ရရှိစေရေး ဆက်လက်ဆန္ဒထုတ်ဖော်မည်

လက်ရှိအချိန်ထိတိုင် ပြည်တွင်းအလုပ်သမားအခွင့်အရေးများ ဆုံးရှုံးလျက်ပင်ရှိနေသေးသည့်အတွက် အလုပ်သမားအခွင့်အရေး အပြည့်အဝ ရရှိနိုင်စေရန် သက်ဆိုင်ရာသို့စာတင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် လှိုင်သာယာ မြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာ စက်ရုံပေါင်း ၁၇ခုမှ အလုပ်သမားကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

“ဒီသတင်းပတ်အတွင်းမှာ သက်ဆိုင်ရာကိုစာတင်ပါမယ်။ အခုအချိန်မှာ ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်နေကြသလို ကျွန်တော်တို့ လည်း ဥပဒေဘောင်တွင်းကနေ လုပ်ကိုင်ကြမှာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို အလုပ်သမားကွန်ရက်အနေနဲ့ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားအရေးဆောင်ရွက်နေသူ ကိုယ်စားလှယ်များက လက်ရှိအချိန်ထိတိုင် အလုပ်ရှင်နှင့် အလုပ်သမား ကြား ချုပ်ဆိုထားသော စာချုပ်များကို အလုပ်ရှင်များက ဖောက်ဖျက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး လက်ရှိ အလုပ်သမားများ ရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများ၊ ပြဿနာများနှင့် ဆုံးရှုံးမှုများကို ပြောကြား၍ တက်ရောက်လာသည့် အလုပ်မားများမှလည်း ၎င်းတို့၏ ရင်တွင်းခံစားချက်များကို ထုတ်ဖော်ခဲ့ကြသည်။

“ခုချိန်ထိကို အလုပ်ရှင်၊ အလုပ်သမားတွေရဲ့ကြားမှာ သဘောတူညီမှုတွေကို အလုပ်ရှင်တွေဘက်က ဖောက်ဖျက်နေပါတယ်။ ဒီတော့ အလုပ် သမားတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေပာာ ဆုံးရှုံးနေရပါတယ်။ ပြီးတော့ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းတဲ့သူတွေကို စက်ရုံအလုပ်ရှင် တွေက အကြောင်းအမျိုးမျိုးပြပြီး အလုပ်က ထုတ်ပစ်ပါတယ်။ ဒီတော့ အလုပ်သမားတွေရဲ့ ဒီမိုကရေစီဆိုတာ ဘယ်မှာလဲ”ပာု အလုပ်သမားခေါင်း ဆောင် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်မှ ပြည်တွင်းရှိ အလုပ်သမားတို့၏ အခွင့်အရေးရရှိနိုင်စေရေးအတွက် ၂၀၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ် သမားအဖွဲ့အစည်းများ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သော်လည်း ယနေ့ချိန်ထိတိုင် စက်ရုံအချို့တွင် အလုပ်သမားအဖွဲ့အစည်းများနှင့် တိုင်တန်းခွင့်များကို လွတ်လပ်စွာ ရရှိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကုန်လွန်ခဲ့တဲ့ ဒီနှစ်အတွင်း သမိုင်းဝင်ပြောင်းလဲမှုတွေ မဖြစ်ထွန်းခဲ့ဘူးဆိုရင်  အခု စီးပွားရေး အခွင့်အလမ်းသစ်တွေဟာလည်း ဖြစ်လာနိုင်မှာ မဟုတ် ဘူးဆိုတာကိုတော့ မှတ်သားရမှာဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနှင့် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကူအညီပေးခဲ့ ကြတဲ့ နိုင်ငံအတွင်းက အခြားပုဂ္ဂိုလ်အများအပြားကိုလည်း ကျွန်တော် အသိအမှတ်ပြုချင်ပါတယ်”

သြဂုတ် ၂၀ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသည့် “ပွင့်လင်းမြင်သာမှုရှိပြီး တည်ငြိမ်အေးချမ်းမှသာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အဓိက ဆွဲဆောင်နိုင်မည်ဟု အမေရိကန် သံအမတ်ကြီး သုံးသပ်”သတင်းမှ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲရာမှာ ခေတ်အမြင်နည်းပါတဲ့ နိုင်ငံတကာ အတွေ့အကြုံနည်းပါးတဲ့ ရှေးရိုးဝါဒီ ပညာရှင်ကြီးများအား  ပြုပြင်ပြောင်း လဲရေးတာဝန်ကို လုံးဝဥဿုံ ပုံမအပ်မိကြဖို့ပါ။ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် မလိုအပ်ဘဲ ရှေးရိုးသင်ကြားနည်းစနစ်များကို ဖက်တွယ်ထားဦးမည်ဆိုလျှင် သမိုင်းကောင်းတို့ သမိုင်းပြောင်းသွားနိုင်ပါတယ်”

သြဂုတ် ၂၀ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၂) တွင်ပါရှိသည့် ဒေါက်တာ ဓမ္မပီယရေးသားသော “တက္ကသိုလ်ပညာရေး ဘယ်လို ပြုပြင်ပြောင်းလဲမလဲ” ဆောင်းပါးမှ ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဒီကနေ့ မြန်မာနိုင်ငံ လူမှုရေးလုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတော်တော်များများဟာ သီးခြားရပ်တည်ပြီး လွတ်လွတ်လပ်လပ် လုပ်ငန်း မလုပ်ကိုင်နိုင်ကြတဲ့အတွက် UN အဖွဲ့အစည်းအမျိုးမျိုး ဒါမှမဟုတ် INGO နိုင်ငံတကာ NGO တွေရဲ့ အရိပ်ကိုမှီပြီး အလုပ်လုပ်နေကြရတာကို တွေ့ရပါ တယ်။ ဒါ့ကြောင့် စီမံကိန်းအတွက် ရံပုံငွေဆုံးရှုံးရမှု ဖြစ်ပေါ်ပါတယ်”

သြဂုတ် ၂၀ရက်ထုတ် ဒီလှိုင်းဂျာနယ် အတွဲ (၁) အမှတ် (၃၁) တွင်ပါရှိသည့်“သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၏ ဆွေးနွေး ချက်”သတင်းမှ ဒေါ်စုစုလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************************

 

“ယခုလတ်တလောအခြေအနေ၌ Yangon Chronicle ၏ ပြည်တွင်းသတင်း၊ နိုင်ငံရေးသတင်းများ၊ ဆောင်းပါးကဏ္ဍနှင့် ဘာသာပြန်သတင်းများအား Credit ပေးခြင်းမရှိဘဲ ကူးယူဖော်ပြမှုများ ပြုလုပ်နေကြောင်း အထောက်အထားဖြင့် တွေ့ရှိရသောကြောင့် နောက်နောင် ထိုကဲ့သို့ သတင်းအရင်းအမြစ် အား Credit မပေးဘဲ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်တစ်ဦးယောက်မှ မိမိ၏ကိုယ်ပိုင်ကဲ့သို့ ဖေ့စ်ဘွခ်စာမျက်နှာ၌ ကူးယူဖော်ပြမှု များအား မပြုလုပ်ပါရန် လေးစားစွာ အသိပေးကြေညာအပ်ပါသည်။”

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment