Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

*****************************************

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတကြားက အဆုံးအဖြတ်

နိုင်မော်

မြန်မာနိုင်ငံသည် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရွေးကောက်ပွဲများကျင်းပခြင်း ပြည်သူ့ကိုယ်စားလှယ်များကို အတည်ပြုပြီး လွှတ်တော် ဖွဲ့စည်းခြင်း၊ နိုင်ငံတော်သမ္မတနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖွဲ့စည်းခြင်းကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မိမိတို့အဆင့်အတန်း ဂုဏ် သိက္ခာနှင့်အညီအာဏာနှင့် တာဝန်ဝတ္တရားများကို အပ်နှင်းပြီးဖြစ်သည့်အတွက် မိမိတို့ကျရာတာဝန်ကို ဆောင်ရွက်နေကြရပြီ ဖြစ်သည်။

ထိုသို့ဖြစ်သည့် အားလျော်စွာ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကာ နိုင်ငံတော်အကျိုးအတွက် မှန်ကန်သော ခြေလှမ်းများ လှမ်းချီဆောင်ရွက်နေကြသည်။

သို့သော် မြန်မာနိုင်ငံ၏လွှတ်တော်နှင့် အစိုးရအဖွဲ့သည် ဒီမိုကရေစီနှင့်ပတ်သက်၍ အတွေ့အကြုံ နုနယ်သေးသည် ဖြစ်သည်။ ထိုသို့ဖြစ်သည့် အတွက်ကြောင့်လည်း လုပ်ဆောင်ချက်တိုင်းကို အမြော်အမြင်ရှိရှိ ထိန်းထန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ လိုအပ်သည်။ ထိုသို့ပြောရခြင်းမှာ ကိစ္စရပ်များ အကြပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းတွင် Institution တစ်ခုနှင့်တစ်ခု အာဏာကို ကစားမှုများကြားတွင် အားလုံးအတွက် အဆင်ပြေစေမည့်  ပြဿနာ အဖြေရှာရေးဟူသော လမ်းကြောင်းကို ဦးတည်သွားစေနိုင်ဖို့ ဖြစ်သည်။

နိုင်ငံတော်၏ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် အခက်အခဲ အကြပ်အတည်းများ တစ်သီတစ်တန်း ကြီးရှိနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေးအဘက်ဘက်တွင် အခက်အခဲများ မြောက်များစွာ ရှိနေသည်။ အချို့သော အခက်အခဲများကို ဖြေရှင်းနေဆဲ ဖြစ်သကဲ့သို့ အသစ်တွေ့ရတော့မည့်ဆဲဆဲ ကိစ္စများလည်း ရှိသည်။

အဆိုပါကိစ္စများအနက် အခုတစ်လော မီဒီယာများတွင် ပြောဆိုလာကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော ပြောဆိုမှုသည် ယခုလောလောဆယ် အဖြေရှာရမည့်ကိစ္စပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ အဆိုပါကိစ္စကို သက်ဆိုင်ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ မဏ္ဍိုင်များ က မည်သို့ဖြေရှင်းကြမည်နည်းဟူသော မေးခွန်းသည် ပဟေဠိသဖွယ် ဂရုပြုစရာဖြစ်နေပေသည်။

အဆိုပါကိစ္စကို သက်ဆိုင်ရာပုဂ္ဂိုလ်တို့ မည်သို့ ညှိနှိုင်းကြမည်လဲ။ ဤဆောင်းပါးတွင် ကျွန်တော့်အနေနဲ့ သက်ဆိုင်သူတို့ လက်ရှိ ဘယ်လိုပြုမူ နေကြတယ်ဆိုတဲ့ ရှုထောင်ဘက်ကနေကြည့်၍ ကောက်ချက်ဆွဲသည့် ပုံစံဖြင့်တင်ပြသွားပါမည်။

 ဖြစ်ပေါ်နေသည့်ကိစ္စ

လက်ရှိဖြစ်ပေါ်နေသည့်ကိစ္စမှာ မတ်လ၂၈ရက်နေ့က နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က အခြခံဥပဒေခုံရုံးအား လွှတ်တော်မှ ဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် အဖွဲ့စည်းဟုတ်၊ မဟုတ်ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ပေးပို့သည့်ကိစ္စအပေါ် ခုံရုံးမှ အဆိုပါ ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည့်အတွက် ဖြစ်ပေါ်လာသည့်ကိစ္စ ဖြစ်သည်။

ထိုကိစ္စတွင် ပါဝင်ပတ်သက်သူများကို အုပ်စုသုံးခု တွေ့ရှိရသည်။ ထိုသူတို့မှာ အခြေခံဥပဒေခုံရုံး၊ ပြည်သူ့လွှတ်တော်နှင့် နိုင်ငံတော်သမ္မတတို့ ဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ခုံရုံးသို့အဆိုတင်သွင်းခဲ့သည်မှာ အုပ်ချုပ်ရေးပိုင်းမှ ဖြစ်ပြီး၊ အဆိုပါဆုံးဖြတ်ချက်အပေါ် မကျေနပ်သည်မှာ ပြည်သူ့ လွှတ်တော်မှ ကိုယ်စားလှယ်များဖြစ်သောကြောင့် ဖြစ်သည်။

နိုင်ငံတော်အခြေခံဥပဒေခုံရုံး

နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံးသည် တိုင်းပြည်တွင်အရေးပါသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လွှတ်တော်များတွင် ပြဋ္ဌာန်းဆောင်ရွက်သည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ ဆုံးဖြတ်ပေါ်ရသော ဌာနတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်လျှင် အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသော တရားရုံးဟု ဆိုနိုင်သည်။ အဆိုပါခုံရုံး၏ ထုတ်ပြန်ချက်အရ  ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအစိုးရအဖွဲ့၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဘဏ္ဍာရေးကော်မရှင်၊ အခြေခံဥပဒေခုံရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့ကိုသာ ပြည်ထောင်စုအဆင့်အဖွဲအစည်းဟု အခြေခံဥပဒေတွင် အတိအလင်း ဖော်ပြသောကြောင့် ထိုအဖွဲ့အစည်းများကို သာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုပြီး ကျန်ကော်မတီများကို ထည့်သွင်းဖွင့်ဆိုလိုခြင်း မရှိသည်ကို တွေ့ရသည်။ ထို့ပြင် ခုံရုံးက အနက်အဓိပ္ပါယ်ဖွင့်ဆိုရေး ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်သော ကြေညာချက်တွင် “နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာမှာ တည်ဆဲ ဥပဒေတစ်ရပ်ဖြစ်သော လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရန် တင်ပြခြင်းမဟုတ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ စကားရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန်သာ ဖြစ်သည်” ဟု ဖော်ပြထားလေသည်။ နိုင်ငံတော် အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း အပါအဝင် အခြားပြဋ္ဌာန်းထားသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ခြင်းတို့ကို ဖြစ်သည်။

ထို့အတွက်ကြောင့် လွှတ်တော်၏ ဥပဒေကိုအဓိပ္ပာယ်ဖွင့်ခြင်းထက် ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ အဓိပ္ပာယ်ဖွင့်၍ ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည် ဟု ရှုမြင်မိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၂၄)အရ အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟုလည်း ပြဋ္ဌာန်း ထား သည်ဖြစ်ရာ ယခုလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေသို့ သက်ရောက်စေသည်ဟု ရှုမြင်မိသည်။ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့သည် ပညာရှင်အဖွဲ့ အစည်းတစ်ခု ဖြစ်သော်လည်း အခြေခံဥပဒေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာတွင် အားနည်းမှုရှိနိုင်သေးသည်ဖြစ်ရာ ခုံရုံးနည်းဥပဒေ အခန်း(၅) ပုဒ်မ ၂၁ (ဂ)တွင် ပါရှိသည့် “ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်ပြီး ယင်း၏ သဘောထားနှင့် အကြံဥာဏ်များ ရယူနိုင်သည်”ဟူသော အခွင့်အရေးကို အသုံးပြု သင့်သည်ဟု သုံးသပ်မိပါသည်။

ပြည်သူ့လွှတ်တော်

မြန်မာနိုင်ငံတွင် ပြည်သူ့လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပြီး နိုင်ငံတော်အတွင်းရှိ ပြည်သူများ၏ အကျိုးစီးပွားကို ယူဆောင်လာမည့် ဥပဒေများကို ပြဋ္ဌာန်းရေး၊ပြည်သူများ ကြုံတွေ့နေရသော ပြဿနာများကို အဖြေရှာရေးအတွက် ဆွေးနွေး၊ စီမံရာ နေရာဌာန ဖြစ်သည်။ ထို့နည်းတူ လွှတ်တော်တွင် ကော်မတီ၊ကော်မရှင်များသည် အဓိကအရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိသည်။ အဆိုပါ ကော်မတီ များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော်အတွင်းရှိ ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုနေသည်ဖြစ်ရာ ပြည်ထောင်စုအဆင့်မဟုတ်ဟု သတ်မှတ်လိုက် ခြင်းကြောင့် မည်သို့ရှိမည်နည်းဆိုသည်ကိုလည်း စဉ်းစားဖို့ လိုလာသည်။

ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် နိုင်ငံတော်အတွင်း ပြည်သူများအပေါ် တရားဥပဒေက ကာကွယ် ပေးမှု ရှိ၊မရှိကို သုံးသပ်တင်ပြရမည့် ကော်မတီဖြစ်ပြီး နိုင်ငံတစ်ဝှမ်းလုံးကိုယ်စား ပြုသည်လည်းဖြစ်ရာ အဆိုပါ ကော်မတီကဲ့သို့ ကော်မတီမျိုးကို ပြည်ထောင်စုအဆင့်အဖြစ် လက်မခံနိုင်ခြင်းသည် မည်သို့ရှိမည်နည်း၊ စဉ်းစားဖို့လိုသည်။ ပြည်ထောင်စုအဆင့်မဟုတ်သော အဖွဲ့အစည်း၏ မေးမြန်း ချက်များကို ပြည်ထောင်စုအဆင့်ရှိသူများက ဖြေကြားလိုမှု ရှိနိုင်မည်လား စဉ်းစားသင့်ပေသည်။

ထို့အတွက်ကြောင့် ပြည်သူ့လွှတ်တော်အနေဖြင့် အဆိုပါကိစ္စကို ဖြေရှင်းနိုင်ရန် အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်တင်စွဲဆို သည့် နည်းလမ်းကို ပြည်သူ့ကိုယ်စားလှယ် (၃၀၁)ယောက်၏ ထောက်ခံချက်အရ လုပ်ဆောင်ရန် ပြင်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အကယ်၍ အမျိုးသားလွှတ်တော်မှ မဲအရေအတွက်နှင့်ပေါင်းပြီး သတ်မှတ်မဲအရေအတွက်ရကာ အခြေခံဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် ခုံရုံး အနေဖြင့် မည်သို့ရှိမည်ဆိုသည်မှာလည်း စဉ်းစားစရာပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတ

နိုင်ငံတော်သမ္မတသည် လွှတ်တော်များမှ ဖွဲ့စည်းသောကော်မတီ၊ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် တင်သွင်းမေး မြန်းခဲ့သူလည်း ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ သဘောထားနှင့်ပတ်သက်၍ သြဂုတ်လ ၂ဝရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ် လွှာတွင် လွှတ်တော်ကို “စွပ်စွဲပြစ်တင်သည့်နည်းလမ်းအစား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)တွင် တရားဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံး ပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါကြောင်း၊ ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်နိုင်ခွင့်ရှိပါ ကြောင်း”ဟူ၍ ဖော်ပြထားသည်။ တနည်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အကြံပြုခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ပြန်ကြားချက်ကိုထောက်ရှုလျှင် သမ္မတအနေဖြင့် ထိုသို့နှုတ်ထွက်ရန် အကြံပြုခြင်းထက် ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြစ် သည့် သက်ဆိုင်ရာ အခြေခံဥပဒေကို ပြင်ဆင်ရေးကိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်ကို တွေ့ရသည်။ သို့ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၅အရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းက ဥပဒေမူကြမ်းအဖြစ်တင်ပြမှုကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုရပြီးပြီဆိုလျှင် ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်မည်ဟူသည်မှာ နိုင်ငံ တော်သမ္မတ ပြောသကဲ့သို့ပင် သည်လွှတ်တော်၏ ရွေးချယ်မှုအပေါ်တွင် မူတည်မည်ဖြစ်သည်။

အဆိုပါ ပဋိပက္ခမှာခုံရုံး၏ ဆုံးဖြတ်ချက်ဆောင်ရွက်ချက်သည်ပင် ဥပဒေပြုရေးမဏ္ဍိုင်၏ ဆောင်ရွက်ချက်များကို အားနည်းသွားစေသည်။သို့ဖြင့် လွှတ်တော်အမတ်၏ မကျေနပ်မှုများယခုကဲ့သို့ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ထိပ်တိုင်အငြင်းပွားမှုများကို ဖြစ်လာစေသည်။ ထို့ကြောင့် ခုံရုံး၏ ဆုံးဖြတ်ချက်မှာ အနာဂတ်မြန်မာနိုင်ငံတွင် ဒီမိုကရေစီလက်တွေ့ကျင့်သုံးမှု ပီပြင်ရေးအတွက် အရေးပါသည့်ဖြစ်ရပ် ဖြစ်မည်မှာ အသေအချာပင်ဖြစ်သည်။

ခုံရုံးက လွှတ်တော်ကဖွဲ့စည်းသော ကော်မတီကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့်မဟုတ်ဟု ဆုံးဖြတ်ပြီး လွှတ်တော်က ခုံရုံးအဖွဲ့ဝင် များကို မိမိတို့အသိစိတ်ဖြင့် တာဝန်မှအနားယူရန် ကြိုးပမ်းဆောင်ရွက်သည်။ နိုင်ငံတော်သမ္မတက အခြေခံဥပဒေပြင်ရန် အကြံပြုသည်။ လွှတ်တော်အမတ် များအားလုံးကရော အခြေခံဥပဒေကို ပြင်စေလိုသလား။ ခုံရုံးအဖွဲ့ဝင်များကို ပြောင်းလိုက်ရုံဖြင့်ရော ပြေလည်သွားမည်လော၊ ယခုခုံရုံးအဖွဲ့ဝင်များကရော မည်ကဲ့သို့  ဆောင်ရွက်ကြမည်န်း။ အဆိုပါပြဿနာ၏ အဖြေသည် ခုံရုံးတွင်ရှိသလော၊ လွှတ်တော်တွင်ရှိသလော၊ သမ္မတတွင်ရှိသလော၊ အခြေခံဥပဒေ ပြင်မည်ဟု ကြွေးကြော်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကရော ဘယ်လိုမြင်ပြီး ဘယ်လို အဖြေရှာမည်နည်းဆိုသည်မှာ ပြည်သူများအတွက် စဉ်းစားစရာတစ်ခုပင်ဖြစ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ကြပါလေ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment