Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၅.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လွှတ်တော်နှင့် လွတ်လပ်သောတက္ကသိုလ်

*****************************************

ဆောင်းပါးကဏ္ဍ

လွှတ်တော်နှင့် လွတ်လပ်သောတက္ကသိုလ်

ဦးကြည်မြင့်(လသာ)

(သြဂုတ် ၂၅ရက်ထုတ် Street View New ဂျာနယ် အတွဲ (၁) အမှတ် (၃၃) မှ ထုတ်ယူတင်ပြချက်။)

ပထမအကြိမ် လွှတ်တော်စတုတ္ထအစည်းအဝေးသို့ ရောက်လာပြီ။ မေးခွန်းတွေ အဆိုတွေသည် အရည်အသွေးထက် အရေအတွက်ဘက် လှည့် နေသည်ဟု ထင်သည်။ မီဒီယာပေါ်ပြူလာ ကြော်ငြာခေတ်သည် ဇီးရိုးကို ဟီးရိုးဖြစ်စေသော ဟုတ်ဟုတ်မဟုတ်ဟုတ် ပေါ်ပင်ဆိုလျှင် သူ့ထက်ငါဦးအောင် လုပ်ကြလာစေပြန်သည်။ မည်သို့ပင်ဆိုစေ ဆိုင်ဆိုင်မဆိုင်ဆိုင် မြိုင်နေဖို့တော့ လိုသည်ဟု အရပ်ထဲပြောကြသလို စုံလင်ကွဲပြားများပြားလေ ဒီမိုကရေစီညီ လေ Plurality and diversity tends democracy ပဲ ဆိုရပါတော့မည်။ သည်ထဲမှ ကောင်းတာလေးတော့ ပြောချင်သည်။

အမျိုးသားဂုဏ်ဆောင်ရေး

ပြီးခဲ့သော တတိယအစည်းအဝေးတွင် ရှုံးနိမ့်သွားသည့် ကမ္ဘာ့အဆင့်မီ မြန်မာ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးအဆိုကို တင်သွင်းခဲ့သူတစ်ဦး (နှစ်ဦးရှိသည်။ ပြင်ပမှ သြဇာကြီး စီးပွားရေးအကြံပေးကြီးတစ်ယောက်ဆိုလျှင် သုံးဦးဟုဆိုရမည်)က ပြည်သူ့လွှတ်တော်ပညာရေး မြှင့်တင်ရေးကော်မတီ ၏ တက္ကသိုလ်များ ဥပဒေကြမ်းကို ပုဒ်မအလိုက် အပိုဒ်အလိုက် ဆွေးနွေးရန် စတင်ချိန်ရောက်မှ ပြန်လည်ရုတ်သိမ်းရန် ကန့်ကွက်ကြောင်း ထပြောသည်။ (ထပြောသည်ဟု ပြောရခြင်းမှာ အဆိုတင်သွင်းခြင်း မဟုတ်သောကြောင့် ပြောရခြင်း ဖြစ်သည်။)

ဤတွင် ဥက္ကဋ္ဌက တတိယအစည်းအဝေးတွင် ဆွေးနွေးသူနောက်တစ်ဦးနှင့် ယခု အပိုဒ်အလိုက် ဆွေးနွေးရာတွင် အများဆုံး ပါဝင်ထောက်ပြ ထားသော ဒေါ်အောင်ဆန်းစုကြည်တို့ကို ဝင်ရောက်ဆွေးနွေးစေသည်။ ထို့နောက် သက်ဆိုင်ရာ ဝန်ကြီးသဘောထားကို မေးမြန်းသည်။

ဝန်ကြီးက သူ့တို့အနေဖြင့် အလားတူဥပဒေကြမ်းကို ဆွေးနွေးဆောင်ရွက်နေကြောင်းနှင့် ကော်မတီ၏ ဥပဒေကြမ်းကော်မတီ၏ ဥပဒေကြမ်းကို နောက်ဆုတ်ထားရန် သဘောထားပေးသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သဘောတူသည်။ ပါဝင်ဆွေးနွေးသူများနှင့် သက်ဆိုင်ရာဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေး လုပ်ကိုင်ကြရန် ဆက်လက်အကြံပြုသည်။

မြန်မာ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးအချို့နှင့် တက္ကသိုလ်ဥပဒေကြမ်းသည် ဆက်စပ်သည်။ ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ်က ဆို သည်။ အစိုးရစွက်ဖက် လက်အောက်ခံထားရှိမှုမပြုသော လွတ်လပ်စွာ စီမံအုပ်ချုပ်သည့် တက္ကသိုလ်ကိုဆိုလိုသည်။  ပြည်သူ့လွှတ်တော်ပညာရေး  မြှင့် တင်ရေးကော်မတီ၏ တက္ကသိုလ်များဥပဒေသည် အစိုးရလက်အောက်ခံ တက္ကသိုလ်များပုံစံ ဖြစ်နေသည်။

လမ်းစဉ်ပါတီခေတ်မှ တပ်မတော်အစိုးရဥပဒေနှင့် မခြားနား။ မှီငြမ်း၍ပင် ထားသေးသည်။ လွတ်လပ်သောတက္ကသိုလ်များ ဖြစ်ရေးကိုသာ လို လားကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်တွင် တွေ့ရသည်။

ပြည်သူ့လိုလားချက်

လွှတ်တော်တွင် အဆိုတင်ရာ၌ စနစ်တကျ အဆင့်ဆင့် ပြောဆိုတတ်ရန် သို့မဟုတ် မှတ်တမ်းတို ရေးသားပြီး အဖွင့်အပိတ် ရေပက်မဝင်အောင် စီစဉ်တတ်ရန် ခိုင်မာသော ကြောင်းအရာဖြစ်ရန်တို့ လိုအပ်သည်။

မြန်မာ့ဂုဏ်ဆောင် ရန်ကုန်တက္ကသိုလ်ကြီးအဆိုသည် ကြိမ်စကြာနှင့်တို့ရုံဖြင့် ပေါ်လာရမည့်သဘော ရှိခဲ့သည်။ စင်စစ် မည်သည့်နိုင်ငံရှိ တက္က သိုလ်ကြီးမှ နှစ်ပေါင်းကြာရှည်စွာ အားထုတ်ကြိုးပမ်းမှု မပါဝင်ဘဲ ကမ္ဘာအဆင့်မီ ဖြစ်မလာကြပါ။ မီဒီယာကြော်ငြာကောင်းဖြင့် လူသိများရုံ ဟုတ်နိုးနိုး တက္ကသိုလ်လောက်သာ တမင်လုပ်ကြံ ဖန်တီးယူရန် ရနိုင်ပါသည်။

တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးကို လုပ်နေကြောင်း သမ္မတ၏ နိုင်ငံရေးအကြံပေးဥက္ကဋ္ဌ ဒေါက်တာဦးမြင့်က တစ်ဦးတည်းသဘော အိတ်ဖွင့် ပေးစာကို တုန့်ပြန်ဖြေရှင်းရာ၌ ထည့်သွင်းဖြော်ပထားကြောင်း တွေ့ရသည်။  ယင်းသည် ရန်ကုန်တက္ကသိုလ်သာမက မြန်မာပြည်အနှံ့ အစိုးရနှင့် ပုဂ္ဂလိက၊ သမဝါယမတက္ကသိုလ်ကော်လိပ်၊ ပြည်ပမှ လာရောက်ဖွင့်လှစ်မည် သို့မဟုတ် ပြည်တွင်းနှင့် ဖက်စပ်ဖွင့်လှစ်မည့် ပြည်ပတက္ကသိုလ်များပါ အကျုံးဝင်မည် ဖြစ်သည်။

ဤတွင် အဓိကအားဖြင့် ပြောကြားလိုက်သည်မှာ တက္ကသိုလ်များကို အစိုးရလက်အောက်ခံ ဌာနအသီးသီးတွင် ထားရှိပြီး မကြာခဏ ညွှန်ကြား ချက် အမျိုးမျိုးဖြင့် စွက်ဖက်မှုမပြုရေးကို ဆရာများ၊ ကျောင်းသားများနှင့် ဆရာဆရာမများ မိဘများက လိုလားသည်ဆိုသော အချက်ဖြစ်ပါသည်။

အကောင်းမသေချာ အဆိုးမသေချာခဲ့

အစိုးရညွှန်ကြာစွက်ဖက် လက်အောက်ခံထားရှိသော တက္ကသိုလ်များအနက် ကမ္ဘာပေါ်တွင် ဂုဏ်ရောင်ပြောင်သော တက္ကသိုလ်ဟူ၍ တစ်ခုမှ မတွေ့ရပါ။ ပညာရေးဘောဂဗေဒ educational economics အရ စီးပွားရေးအဖြစ် မအောင်မြင်ဘဲ ချွတ်ခြုံကျသွားမြဲဖြစ်သလို တိုင်းပြည်၏ လုပ်သား လိုအပ်ချက် (ပညာရေးထုတ်ကုန် လိုအပ်ချက်)နှင့် ပညာတတ် မွေးထုတ်နိုင်မှု (ပညာရေးထုတ်ကုန်ရောင်းလိုအား) တို့ကိုလည်း အကောင်ဆုံးနှင့် အနီးစပ် ဆုံး မဖြစ်စေနိုင်ပါ။ ဤသို့ဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးမှအစ စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီ၊ရုံး၊ တရားရုံး၊ အသင်းအဖွဲ့ စသည်တို့တွင် တကယ် တတ်သိ နားလည် တတ်ကျွမ်းသည့် လုပ်သားမရရှိနိုင်သလို နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ (unemployed) ဖုံးကွယ်အလုပ်လက်မဲ့ hidden employed ပြဿနာ များ ကြီးထွားစေမြဲ ဖြစ်သည်။

လွတ်လပ်စွာ စီမံခန့်ခွဲ လည်ပတ်ဖွင့်လှစ်သော တက္ကသိုလ်များကို မြန်မာနိုင်ငံတွင် ၁၉၂၀ တက္ကသိုလ်ဥပဒေမှစ၍ (ကျောင်းလခ၊ အဆောင်ဈေး ဈေးကြီးသည်ဟူ၍ ဆန္ဒပြ သပိတ်မှောက်မှု ဖြစ်ခဲ့သေးသည်) ပါလီမန် ဒီမိုကရေစီခေတ်တစ်လျှောက် တွေ့ခဲ့ကြပေသည်။ ယင်းသည် နိုင်ငံရေးပါတီ အလိုက် အရောင်ကွဲကျောင်းသားသမဂ္ဂများ၊ ပင်နီနှင့် ပုဆိုးတိုတိုဝတ် နိုင်ငံရေးကျောင်းသားများ အဆောင်အယောင်သူရဲကောင်းများ၊ ဘိုလိုတော့ ကျင့်အော် ရေတာနိုင်ငံရေးရူးများ၊ ဘိုဆန်ဆန် လှေလှော်အသင်းနှင့် ပါတီပွဲများ၊ ကလပ်များတွင်ကျယ်လုပ်သူများ၊ သစ်ပုတ်ပင်နှင့် ဂျတ်ဆင်တို့တွင် လွမ်း တေးဆင်သူများ၊ မန္တလေးတက္ကသိုလ် ရေနီမြောင်းကို စမ်းချောင်းလုပ်ရေးဖွဲ့သူများ စသည်စသည် ပျော်စရာများစွာပုံ၊ တမ်းတစရာများစွာ ရှိခဲ့ ဖြစ်ခဲ့သည်။

ပြောရလျှင် ထိုခေတ်ကို ကောင်းကောင်မီသူ သိပ်မရှိပါ။ သို့သော် ကျွန်တော်တို့ တွေ့ကြုံခဲ့ရသော ဆိုးရွားသည့် တက္ကသိုလ်အုပ်ချုပ်ရေးနှင့် ညံ့ဖျင်းလာသည့် ပညာရေးကိုမူ ကောင်ကောင်း သိကြသူများနေသည်။ ထိုအခါ နိုင်ငံတကာကို မျှော်ကြည့်မိသည်မှာ အပြစ်မဟုတ်ပါ။ နိုင်ငံတကာ တက္က သိုလ်ပညာရေးတွင် အစိုးရနွယ်ဖက် ညွှန်ကြားမှု တစ်စုံတစ်ရာမပါဘဲ လွတ်လပ်စွာ စီမံခန့်ခွဲဖွင့်လှစ်ခဲ့သော တက္ကသိုလ်ပညာရေးကို ကျွန်တော်တို့ ပြန် လည် တမ်းတမိသည်မှာလည်း မထူးဆန်းလှပါ။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment