yangonchronicle2011 Op-Ed |
၂၈.၈.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဆောင်ပုဒ်နှင့် မြန်မာ့လူ့အဖွဲ့အစည်း
*****************************************
ဆောင်းပါးကဏ္ဍ
ဆောင်ပုဒ်နှင့် မြန်မာ့လူ့အဖွဲ့အစည်း
အောင်အောင်(ID)
(သြဂုတ် ၂၆ ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ(၃)အမှတ်(၁၄)မှ ထုတ်ယူဖော်ပြချက်။)
ဆောင်ပုဒ်ဆိုသည်မှာ အဖွဲ့အစည်းတစ်ရပ်၏ ရည်ရွယ်ချက်၊ လုပ်ဆောင်လိုမှု၊ ပန်းတိုင် စသည်တို့ကို အကျဉ်းချုံးဖော်ပြထားသော စကားစုဖြစ် သည်။ တိတိရှင်းရှင်းထိထိမိမိနှင့် မိမိ၏ဆိုလိုရင်းကို တစ်ပါးသူထံ၊ အများပြည်သူထံ အချက်ပြသော Message တစ်မျိုးလည်း ဖြစ်သည်။ ဆောင်ပုဒ်တိုင်း သည် ရှင်းလင်းပြတ်သားရန် လိုသလို လှုံဆော်မှုလည်း ပါရသည်။ ပို၍အရေးကြီးသည်မှာ ဆောင်ပုဒ်၏နောက်တွင် အဆိုပါဆောင်ပုဒ်ပါ ဖော်ပြချက်ကို အကောင်အထည်ဖော်သည့် လိုက်နာဆောင်ရွက်သည့် အပြုအမူ လုပ်ဆောင်ချက်များပါရှိရန် လိုအပ်ခြင်းဖြစ်သည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင် ဆောင်ပုဒ်များစွာ ရှိပါသည်။ The Land of Motto ဟု ဆိုရလောက်အောင် ဆောင်ပုဒ်များ များခဲ့ပါသည်။ သို့ရာ တွင် လိုက်နာဆောင်ရွက် အကောင်အထည်ဖော်နိုင်သည့် အပိုင်းတွင်မူ များစွာ အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဆိုကြပါစို့ အများပြည်သူသုံး ဘတ်စ်ကားပေါ်မှ စိတ်ရှည်သည်းခံလမ်းကြောင်းမှန် မောင်းရန်မော်တော်ကား ဆိုသော ဆောင်ပုဒ်ကို ကပ်ထားသည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ ကား ဆရာအများစုသည် စိတ်လည်းမရှည်ကြပါ။ သည်လည်းမခံပါ။ လမ်းကြောင်းလည်းမမှန်ပါ။ ရေးသားတင်ပြရန်ပင် လိုမည်မထင်ပါ။ မောင်းသည့်မော် တော်ကား တစ်ခုပဲမှန်ပါသည်။ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ခဲ့ပါကလည်း ကားဆရာများအနေဖြင့် ခေါက်ရေမပြည့်ဘဲ နောက်တစ်နေ့မောင်းရန် မော်တော်ကားပင် ရှိတော့မည် မဟုတ်ပါ။ မြန်မာပြည်မှ ဘတ်စ်ကားစနစ်သည် စီးသူ၊ မောင်းသူအားလုံး အလွန်အန္တရာယ်များလှကြောင်း ဆောင်းပါး များတွင် မကြာခဏ ဖတ်ရှုရပါသည်။ ယခုထိ မပြင်နိုင်သေးပါ။ စာရေးသူ UN တွင်လည်း အလုပ်လုပ်စဉ် နိုင်ငံခြးသားဝန်ထမ်းများအတွက် မြန်မာပြည် တွင် အသက်အန္တရာယ်ရှိစေမည့် အဓိကအချက်မှာ သူပုန်ရန်၊ ဓားပြရန်မဟုတ်ဘဲ လမ်းပေါ်ရှိ ဘတ်စ်ကား၊ မော်တော်ကားများ၏ အန္တရာယ်ဖြစ်ကြောင်း မှတ်သားခဲ့ဖူးပါသည်။ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကားပိုင်ရှင်များနှင့် ကားဆရာ၊ စပယ်ယာများစုပေါင်းအဖြေရှာသင့်ပါသည်။ အဖြေရှာစဉ်ကာလနှင့် အဖြေမရစဉ်ကာလကို အဆိုပါဆောင်ပုဒ်ကို ကျေးဇူးပြု၍ ဖြုတ်ထားပေးပါ။
မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ ဆောင်ပုဒ်အကြောင်းကိုလည်း ရေးချင်ပါတယ်။ ကြွေးကြော်သံလို့လည်း ဆိုနိုင်ပါတယ်။ အခုတော့ ဒီဆောင်ပုဒ် မရှိတော့ဘူးလို့ ထင်ပါတယ်။ တကယ်ကို ရှင်းလင်းတဲ့ ဆောင်ပုဒ်တစ်ခုပါ။ ရည်မှန်းချက်ကလည်း အင်မတန်မှကြီးမားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကို ထည့်မတွက်ဘူး။ အရှေ့တောင်အာရှကို လွှမ်းရမည်ဆိုလျှင်တော်သေး၊ အာရှကိုလွှမ်းရမည်ဆိုလျှင်လည်း ဟုတ်သေး၊ ပြည်သူတွေကြား မှာတော့ “လွှမ်းရမည်” ဆိုတဲ့ စကားအစား “လွမ်းရမည်” ဆိုတဲ့စကားသာ ဟာသအဖြစ် ကျန်ခဲ့တယ်။ အခုလာမယ့် Sea Game အတွက် ဆောင်ပုဒ် တော့ လူသိရှင်ကြား မတွေ့မိသေးဘူးလားပဲ။ “စိတ်သစ်၊ လူသစ်၊ မြန်မာသစ်” ဆိုပြီး မကြွားဝါတဲ့ ဆောင်ပုဒ်မျိုးလေးပဲ ဖြစ်စေချင်ပါတယ်။
“ကူညီပါရစေ” ဆိုတဲ့ ဆောင်ပုဒ်လေးဆီ လှည့်ပါရစေ၊ ဆောင်ပုဒ်လေးက ရှင်းပါတယ်။ အဓိပ္ပါယ်လည်းရှိတယ်။ ယဉ်လည်းယဉ်ကျေးတယ်။ ဖတ် လိုက်ရတာနဲ့ အားတောင်နာသွားတယ်။ ဒါပေမယ့် အဲဒီဆောင်ပုဒ်နဲ့အညီ ထိရောက်တဲ့ အကူအညီတွေ ဖြစ်သင့်ပါတယ်။ အများပြည်သူ ယုံကြည်ကိုးစား လောက်တဲ့ အကူအညီမျိုးတွေ ပေးသင့်ပါတယ်။ မျက်စိနီကြောင်ကြောင်၊ နီထွေးထွေးသွားတွေနဲ့ ယူနီဖောင်းမသပ်မရပ်ဝတ်တဲ့ အပြုအမူတွေ ဆင်ခြင်ရ ပါမယ်။ ဟုတ်တာမဟုတ်တာအပထား ပြည်သူကြားမှာတော့ ပြည်သူ့ရဲတွေကို မဖြစ်မနေ အခြေအနေမျိုးမှသာ အားကိုးချင်ကြတာပါ။ ကျွန်တော်ရောက် ခဲ့တဲ့ အာရှနိုင်ငံတော်တော်များများမှာ ရဲတပ်ဖွဲ့ဆိုတာ မြင်လိုက်တာနဲ့ ရှိန်သွားကြပါတယ်။ လူတွေကလည်း တော်တော်အားကိုးပါတယ်။ ထစ်ကနဲဆို ရဲကို ဖုန်းဆက်ခေါ်ကြတာပါ။ ကိုရီးယားမှာ ကျွန်တော်နဲ့ ကျွန်တော့် အင်ဒိုနီးရှားသူငယ်ချင်း ကိုယ်တိုင်လမ်းပျောက်လို့ ဟိုလျှောက်မေး၊ ဒီလျှောက်မေး လုပ်နေတုန်း အနီးကရဲကားတစ်စီးက လမ်းကြုံတယ်ဆိုပြီး တင်ခေါ်သွားခဲ့ဖူးပါတယ်။ အမေရိကားဆိုတာ ရောက်ဖူးတဲ့သူမှ သိပါမယ်။ ရဲကအုပ်ချုပ်တာ ပါ၊ ဆိုလိုတာက ဘယ်မှာကြည်ကြည့် ရဲကားတွေ အမြဲသွားနေတာပါ။ ပွဲတော်၊ ပွဲခင်းရှိရင် ရဲကားတွေ နေရာတိုင်းမှာ မမြင်ချင်မှအဆုံးပါ။ ဘယ်လိုကိစ္စ ဖြစ်ဖြစ် ဖုန်းဆက်ခေါ်ရင် ရဲက ၅ မိနစ်အတွင်း ရောက်လာပါတယ်။ ကျွန်တော့ရှေ့မှာတင် လမ်းပေါ်မှာ လင်မယားချင်းစကားများ၊ မယားလုပ်သူက ဖုန်းဆက်ခေါ်လို့ ၅ မိနစ်အတွင်း ရဲကားရောက်ပြီး ဖြေရှင်းကြပါတယ်။ (တချို့နေရာတွေမှာတော့ ခြွင်းချက်ရှိပါတယ်။ ခေါ်တိုင်းရောက်မလာပါဘူး။ အသားအရောင်ခွဲခြားမှုသဘောထားတွေ တွေ့ရပါတယ်။) အမေရိကားနဲ့ နှိုင်းစရာလားလို့ မေးစရာရှိပါတယ်။ အမေရိကန်ရဲလို မြန်နှုန်း၊ ပြည်သူလူထု ရဲ့ အားကိုးမှုစံနှုန်းမျိုးရအောင်ဆိုပြီး ကိုရီးယားတို့၊ ဂျပန်တို့၊ ထိုင်းတို့မှာ လုပ်နေကြတာပါ။ အဓိကက ဘတ်ဂျက်ပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဘတ်ဂျက် များများရပြီး ထိရောက်တဲ့ စီမံခန့်ခွဲမှုနဲ့ ပြည်သူချစ်ရတဲ့ရဲတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်။
“လာဘ်ပေးလာဘ်ယူတို့ရန်သူ” ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ မြန်မာ့ဝန်ထမ်းလောကကြီး ဘာဖြစ်သွားသလဲ။ ဆောင်ပုဒ်တွေ ဘယ်လောက် ကောင်းကောင်း အထက်က အချို့လူတွေ သဘောထားမမှန်ရင် ဆောင်ပုဒ်ကဆောင်ပုဒ်ပဲ။ ၁၀၀ ရရင် ၁၀ လောက်တော့ စားပေါ့ဆိုတဲ့ Unwritten policy အောက်မှာ၊ နှုတ်ထွက်စကားတွေအောက်မှာ ၁၀၀ ရရင် ၅၀ စားတဲ့သူတွေ၊ ၁၀၀ ရရင် ၁၀၀ အပျောက်ဖျောက်တဲ့သူတွေ ရှိလာပြီး မြန်မာနိုင်ငံ မှာ နိုင်ငံတကာ လာဘ်ပေးလာဘ်ယူမှု ညွှန်းကိန်းမှာ ဘယ်အထိ ရောက်သွားခဲ့သလဲ။ သီတင်းကျွတ်လက်ဆောင်၊ နှစ်သစ်ကူးလက်ဆောင်ဆိုတဲ့ စကား လှလှလေးတွေအောက်မှာ အထုပ်ကြီးငယ်နဲ့ ဝင်ကြပေတော့။ အဲဒီ ကန်တော့လက်ဆောင်အမျိုးမျိုးဝယ်ဖို့ ဝန်ထမ်းငယ်တွေ၊ ဝန်ထမ်းလတ်တွေ ရှာကြ ပေတော့၊ လာဘ်ပေးလာဘ်ယူမှုမှာ မပတ်သက်ချင်တဲ့သူတွေ၊ ကင်းအောင်နေတဲ့သူတွေ အကြောင်းအမျိုးမျိုးနဲ့ ရမယ်ရှာခံရမယ်။ နှိပ်ကွပ်ခံရမယ်။ အခု တော့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်တဲ့ဥပဒေ ထွက်လာတော့မယ်ဆိုပဲ။
ဆောင်ပုဒ်တွေကတော့ အများကြီးပါ။ ရေးမယ်ဆိုရင် ဘာတဲ့ “အခွန်ဆောင်ထား နိုင်ငံသား၊ လေးစားသမှု တို့ဂုဏ်ပြု”တဲ့။ နိုင်ငံသားတိုင်း အခွန် ဆောင်ကြသလား။ ဆောင်တဲ့သူတွေကို နိုင်ငံတော်က ဂုဏ်ပြုမှာလား။ ဘယ်လိုဂုဏ်ပြုမှာလဲ။ တခြားနိုင်ငံတွေမှာ အခွန်စနစ်ဆိုတာ ထင်သာမြင်သာ ရှိတယ်။ လူဆိုတာ အတ္တသမားတွေ။ ယူပဲယူချင်တာ မပေးချင်ဘူး။ အဲဒီမပေးချင်တဲ့သူတွေ ပေးချင်လာအောင် အခွန်ထမ်းတွေ ပြန်ရမယ့် အခွင့်အရေး တွေကို ချပြဖို့လိုတယ်။ ဆောင်ပုဒ်လောက် တံဆိပ်တုံးလောက်နဲ့တော့ ကိုယ့်ကိုကိုယ်ပဲ ဂုဏ်ပြုကြလိမ့်မယ်။ “အလှူဒါန ပြုကြသူငှာ” ဆိုပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ တစ်ယောက်ပြီးတစ်ယောက် တန်းစီပြီး မျက်နှာလှည့်ပတ် ဓာတ်ပုံအရိုက်ခံတာ ပြည်ပမှာတော့ ကျွန်တော်သိပ်မတွေ့မိဘူးပဲ။ နိုင်ငံခြားမှာ လှူ တယ်ဆိုရင် အပြတ်ပဲ။ ရှိတဲ့စည်းစိမ်ရဲ့ တစ်ဝက် ခုနစ်ဆယ့်ငါးရာခိုင်နှုန်း၊ တချို့ဆို သေရင်အကုန်ယူသွားပဲ။ ယုံကြည်တဲ့အဖွဲ့အစည်းတွေ အတွက် ဆိုရင်လည်းေ ဒ်ါလာသိန်းချီ၊သောင်းချီ လှူကြတာပဲ။ စာရွက်မှာ၊ စာအုပ်မှာ သူတို့နာမည်နဲ့ ငွေပမာဏလေးတွေပဲပါတယ်။ ဘာဖွင့်ပွဲမှမလုပ်ဘူး။ ဘာမုခ် ဦးမှမရှိဘူး။ ဘာ TV သတင်းမှာမှ မပြဘူး။ “ဒါတို့ကျောင်း တို့ကောင်းအောင်ကြိုးစားမည်။”ဆိုတဲ့ ဆောင်ပုဒ်မျိုးကလည်း မလိုလှပါဘူး။ ကိုယ့်ကျောင်း ကိုယ်ကပဲ ကောင်းအောင်လုပ်ရမှာပေါ့။ ကိုယ့်နိုင်ငံ ကိုယ်ကပဲ ကောင်းအောင်လုပ်ရမှာပဲ။ ဒါတွေကို လှုံဆော်နေစရာမလိုဘူး။ ပြောနေရပြီဆိုမှ လှုံဆော် နေရပြီဆိုမှ အဲဒီကျောင်းက စာသင်သားတွေ အဲဒီနိုင်ငံက နိုင်ငံသားတွေ ဘာဖြစ်ကုန်မလဲ။ တို့ကျောင်း ရန်ကုန်တိုင်းဒေသကြီးမှာ ၁ ဖြစ်ရမယ်။ မြန်မာ ပြည်မှာ Top 10 ဝင်ရမယ် ဒီလိုမျိုး ဖြစ်ရမယ်။
စာရေးသူ နိုင်ငံတာဝန်များထမ်းဆောင်စဉ်၊ ပြင်ပအဖွဲ့အစည်များ၌ တာဝန်ထမ်းဆောင်နေစဉ် စာရေးသူလုပ်ဆောင်နေသည့် အလုပ်များနှင့် နံရံများတွင် ချိတ်ထားသည့် ဆောင်ပုဒ်များ၊ ဦးတည်ချက်များ မကိုက်ညီ၊ မညီညွတ်ပါက နောက်ကျောမလုံသလို ခံစားရသည်။ စာရေးသူအနေဖြင့် ဆောင်ပုဒ်များနှင့် ကိုက်ညီအောင် မလုပ်နိုင်ပါက လုပ်ဆောင်နိုင်သည့် ဝန်းကျင်ကို မဖန်တီးနိုင်ပါက အဆိုပါဆောင်ပုဒ်များကို ပြင်လိုက်ချင်သည်။ အစားထိုးလိုက်ချင်သည်။ သို့မဟုတ် အနည်းငယ်ကွယ်ရာတွင် ထားလိုက်ချင်သည်။
စာရေးသူ၏ ပြည်ပအတွေ့အကြုံများအရ နိုင်ငံခြားတွင် ဆောင်ပုဒ်အစား အလုပ်နှင့် သက်သေပြကြသည်။ ဆောင်ပုဒ်ရှိသည့်တိုင် ထင်သာမြင် သာ မရှိလှချေ။ အခြေအနေလှပြီ၊ ကောင်းပြီ၊ ဆောင်ပုဒ်အတိုင်း ဖြစ်နိုင်ခြေရှိပြီဆိုမှ ဆောင်ပုဒ်က ရှေ့ရောက်လာသည်။ ဆောင်ပုဒ်ကတစ်မျိုး၊ ဖြစ်နေ တာကတစ်မျိုး၊ ထို့ထက်ဆိုးသည်မှာ ဆောင်ပုဒ်နှင့် ပြောင်းပြန်ဆန့်ကျင်ဘက် ဖြစ်နေပါက ထိုလူ့အဖွဲ့အစည်း၏ အမြော်အမြင်နည်းမှုကို လူသိရှင်ကြား ဖော်ပြရာရောက်ပါသည်။
ယခု အလှည့်အပြောင်းကာလတွင် ဆောင်ပုဒ်များ သိပ်မတွေ့ရတော့ဟု ထင်သည်။ တွေ့ရသည့်တိုင် ကျယ်ကျယ်လောင်လောင် မရှိလှတော့ ဟု ထင်သည်။ ဆောင်ပုဒ်များသည် မကောင်းဟု မဆိုလိုပါ။ သို့သော် ထိရောက် ရေရှည်ခံဖို့လိုသည်။ ဖြစ်နေသည့်အရာ၊ ဖြစ်လာမည့်အရာများကို ရောင်ပြန်ဟပ်ဖို့ လိုသည်။ ဖြစ်နိုင်ချေကို သုံးသပ်ဖို့လိုသည်။ အဓိက ပြည်သူယုံကြည်ဖို့လိုသည်။ ဖြစ်နိုင်မှလုပ်ပါ။ ဒီဆောင်းပါးရေးရင်း နိုင်ငံတကာ ဆောင်ပုဒ်များအား Internet မှတဆင့် အနည်းငယ် လေ့လာမိသည်။ နိုင်ငံအတော်များများတွင် နိုင်ငံတော်ဆောင်ပုဒ်များရှိသည်ကို တွေ့ရသည်။ ဥပမာ-အမေရိကန်ပြည်ထောင်စု၏ motto မှာ “In God We Trust” ဖြစ်သည်။ ဂျာမနီမှာ “Unity,Justice and Freedom” ဖြစ်ပြီး ပြင်သစ်၏ motto မှာ “Liberty,Equality and Fraternity” ဖြစ်သည်။ ထိုင်းနိုင်ငံ၏ motto မှာ “Country,Faith and King” ဖြစ်သည်။ မလေးရှားနိုင်ငံမှာ “Unity is strength” ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကတော့ “Unity is Diversity” ဖြစ်သည်။ စင်ကာပူ၏ motto မှာ “Onward Singapore” ဖြစ်ပြီး ဗီယက်နမ်၏ motto မှာ “Independence,Liberty and Happiness” ဖြစ်သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ကော နိုင်ငံတော်ဆောင်ပုဒ်သည် မည်သို့ဖြစ်သင့်သနည်း။
*****************************************
Google Drive: create, share, and keep all your stuff in one place.