yangonchronicle2011 Op-Ed |
၃.၉.၂၀၁၂
ဆောင်းပါးကဏ္ဍ
- ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်တိုင်ပါဝင်သည့်နိုင်ငံရေး
*****************************************
ဆောင်းပါးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်တိုင်ပါဝင်သည့်နိုင်ငံရေး
မိုးမြင့်ငြိမ်း
သြဂုတ်လ ၂၃ ရက်နေ့က ကမ္ဘာကျော်နိုင်ငံရေးသိပ္ပံပညာရှင်၊ နိုင်ငံရေးဘောဂဗေဒပညာရှင် ဖရန်စစ်ဖူးကူးယားမား မြန်မာနိုင်ငံသို့ လာ ရောက်၍ “ဖွံ့ဖြိုးတိုးတက်မှု” နှင့် ပတ်သက်ပြီး ဟောပြောဆွေးနွေးချက်အပေါ် The Voice weekly မှ ဆရာကျော်ဝင်းနှင့် အင်တာဗျူးပြုလုပ်ခဲ့ပါသည်ကို စာရေးသူဖတ်လိုက်ရသည်။ ယင်းအင် တာဗျူးတွင် ဖူးကူးယားမား၏ lecture နှင့် ယင်းအပေါ်ဆရာကျော်ဝင်း၏ သုံးသပ်ချက်များမှာ စာရေးသူအတွက် ဆက်လက်အတွေးပွားစရာများရှိခြင်းကြောင့် ယခုဆောင်းပါးကိုးကို ရေးသားလိုက်ခြင်း ဖြစ်သည်။ အဆိုပါအင်တာဗျူးတွင် ဆရာကျော်ဝင်းက ဖူးကူးယား မား၏ ဖွံ့ဖြိုးတိုးတက်မှု သုံးသပ်ချက်တွင် စီးပွားရေးတိုးတက်မှု၊ လူမှုရေးနိုးကြားလှုပ်ရှားမှု၊ အတွေးအမြင်များ/ တရားနည်းလမ်းကျမှု၊ နိုင်ငံရေးဖွံ့ဖြိုးမှု၊ နိုင်ငံတည်ဆောက်ရေး၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီ စသည့် အစိတ်အပိုင်းကြီး ၇ ပိုင်း ပါဝင်ကြောင်းပြောသည်။
နိုင်ငံတည်ဆောက်ရေးနှင့် ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိသည်။ အကျိုး ဆက်အားဖြင့် ပညာရေးမြင့်မားလာပြီး လူမှုနိုးကြားမှု အားကောင်းလာသည်။ ယင်းလူမှုနိုးကြားမှုနှင့် အားကောင်းသည့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့ ပေါင်းမိသည့်အခါ ဒီမိုကရေစီ ထွန်းကားလာသည်။ ထို့အပြင် အတွေးအမြင်များ/ တရားနည်းလမ်းကျမှုနှင့် တရားဥပဒေစိုးမိုးမှုတို့မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ဒီမိုကရေစီထွန်းကားမှုတို့ကြောင့် ဖြစ်ပေါ်လာရသည်။ နိုင်ငံတိုင်း နိုင်ငံတည်ဆောက်ရေးနှင့် ဈေးကွက်စီးပွားရေး အားကောင်းအောင် ဆောင်ရွက်နိုင်လျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရရှိကြသည်။ နိုင်ငံအများစု၏ ခေါင်းဆောင်များမှာ အဆိုပါ နိုင်ငံတည်ဆောက်ရေးနှင့် ဈေးကွက်စီးပွား ရေး စနစ်တကျတည်ဆောက်မှုဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရယူလိုကြသော်လည်း ယင်း၏ အကျိုးဆက်ဖြစ်သော လူမှုနိုးကြားမှုကိုတော့ လိုလား ဟန်မရှိချေ။ သို့နှင့် လူမှုနိုးကြားမှုကြောင့် ဖြစ်ထွန်းလာသော အရပ်ဖက်လူအဖွဲ့အစည်းများ ဖွံ့ဖြိုးမှုကို တည်ငြိမ်ရေးအကြောင်းပြချက်ဖြင့် ဟန့်တား ထားတတ်ကြသည်။ ယခင် တောင်ကိုရီးယားနိုင်ငံတွင် ဂျင်နရယ် ပတ်ချောင်ဟီးနှင့် ချီလီနိုင်ငံ ဂျင်နရယ် ပီနိုချေးလက်ထက်တုန်းက စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု တို့ရရှိခဲ့သည့်တိုင် အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းလာခြင်းမရှိအောင် ဆောင်ရွက်ခဲ့ကြသည်။ ထိုအတွက်ကြောင့်လည်း ဒီမိုကရေစီ ထွန်းကားလာမှု မရှိခဲ့ခြင်းဖြစ်သည်။
ထို့အတူ ယခုခေတ်ပြိုင်ကမ္ဘာတွင် တရုတ်နှင့် ဗီယက်နမ်တို့၏ လူ့အဖွဲ့အစည်းများတွင်လည်း ဒီမိုကရေစီထွန်းကားဖို့ ရေခံမြေခံကောင်းဖြစ် သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ခဲ့ကြသော်လည်း ယခုအချိန်ထိတိုင် ဒီမိုကရေစီ ကျင့်သုံးအကောင်အထည်ဖော်မှု မရှိသေးချေ။ ပြုပြင် ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောင်ဖိန်၏ ခေါင်းဆောင်မှုဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးထိန်းချုပ်မှုများကို ဖြေလျော့ခဲ့နိုင်ခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးမှု ကို ရရှိခဲ့သည့်အပြင် ယင်းနှင့်အတူ ပညာတတ်လူလတ်တန်းစား အားကောင်းလာပြီး ၁၉၈၉ ခုနှစ် တီရင်မန် ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ပေါ်လာခဲ့ သည်အထိ လူမှုနိုးကြားမှုအားကောင်းခဲ့သည်။ တရုတ်တပ်နီတော်၏ အကြမ်းဖက်ဖျက်ခွင်းမှုကြောင့် ယင်းအရေးတော်ပုံကြီးမှာ အောင်မြင်မှုမရရှိခဲ့သော် လည်း စီးပွားရေးဆက်လက် ဖွံ့ဖြိုးနေသည့်အတွက် အနောက်တိုင်း သောတုဇနများက နိုင်ငံရေးဘောဂဗေဒသဘောအရ ဖွံ့ဖြိုးမှု၏ အမှတ်တစ်ခု (critical point) တစ်ခုကို ရောက်လျှင် နိုင်ငံရေးလွတ်လပ်ခွင့်ကို တောင်းဆိုလာနိုင်သည့်အတွက် နောက်တစ်ကြိမ် ဖြစ်ပေါ်လာနိုင်သေးသည်ဟု သုံး သပ်ကြသည်။ သို့သော် တရုတ်တွင် ယခုအချိန်ထိ တီရင်မန်ကဲ့သို့ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာခြင်းမရှိသည့်အတွက် အဆိုပါ ပညာရှင် များ၏ ခန့်မှန်းချက် လွဲချော်နေသည်ဟု ဆိုရမည်ပင်။ အကြောင်းရင်းကို ဆန်းစစ်ကြည့်သော် အရေးတော်ပုံနောက်ပိုင်း တရုတ်နိုင်ငံ အကြီးအကဲများက နိုင်ငံ၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်သော ပေါ်လစ်ဗျူရိုတွင် စီးပွားရေးလုပ်ငန်းရှင်များအား ထည့်သွင်းစေခြင်း နည်းလမ်းအားဖြင့် လည်း ကောင်း၊ စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်များကို ရံဖန်ရံခါ တိုက်ရိုက်ညွှန်ကြားစေခြင်းနည်းလမ်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သည့် မီဒီယာ၏ ဖြစ်ထွန်းခွင့်ကို တင်းကျပ်စွာ ပိတ်ပင်ထားခြင်းကြောင့် နောက်ထပ် ပေါ်ထွန်းလာနိုင်သည့် နိုင်ငံရေးဘောဂဗေဒ အကျပ်အတည်းကို ဖြေရှင်းနိုင်ခဲ့သည်။ ထိုအတွက်ကြောင့် တရုတ်နိုင်ငံ၏ ပေါ်လစ်ဗျူရိုကို နိုင်ငံတကာမီဒီယာများက တရုတ် သမ္မတနိုင်ငံ၏ ကုန်သည်ကြီးများအသင်းဟုပင် တံဆိပ်ကပ်ရသည်အထိ ဖြစ်သည်။
ဆရာကျော်ဝင်းနှင့်အင်တာဗျူးတွင် စာရေးသူအား နောက်ထပ် အတွေးပွားစေသည့် အကြောင်းအရာမှာ မြန်မာနိုင်ငံ၏ လူမှုနိုးကြားမှုအပိုင်း ဖြစ်သည်။ အင်တာဗျူးတွင် ဆရာက “ကျွန်တော်တို့ အားကောင်းချက်ဟာ “social mobilization” လို့ ပါမောက္ခက မှတ်ချက်ပြုပေမယ့် ဒီမိုကရက်တစ် အိုင်ဒီယာတွေ အပေါ်စီးရလာပြီး အာရပ်နိုင်ငံတချို့လို ဖြစ်သွားနိုင်စရာ ရှိမယ်ထင်တယ်။ ကျွန်တော်တို့အားနည်းချက်ကိုလည်း ပါမောက္ခက ထောက်ပြ ပါတယ်။ “social capital” အားနည်းတာပါ။ ဒါကြောင့် အစိုးရနဲ့လူထုကြားမှာရော၊ ဒီမိုကရက်တစ် အင်အားစုတွေကြားမှာရော Trust ပျောက်နေတာ။ အကျိုးဆက်အနေဖြင့် “ဂိုဏ်းဂဏဝါဒ” (Factionalism) က နိုင်ငံရေးဖွံ့ဖြိုးမှုကို ဒုက္ခပေးနိုင်တယ်” ဟု ဖြေကြားသွားခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ် ရေး လှုပ်ရှားမှုစတင်ကတည်းက ကျောင်းသားလှုပ်ရှားမှု အားကောင်းခဲ့သည်ဟု ဆို၍ရနိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအချိုးအကွေ့တိုင်းတွင် (၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈) ကျောင်းသားလှုပ်ရှားမှု ဖြစ်ပေါ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်သည်။ သို့သော် အများစုသော ကျောင်းသားလှုပ်ရှားမှုများမှာ အစိုးရကို အပြီးသတ်တော်လှန်သည့် ရယ်ဒီကယ်သဘောတရားများသာ လွှမ်းမိုးခဲ့သည်။ ကမ္ဘာပေါ်ရှိ ဒီမိုကရေစီကျင့်သုံးသည့်နိုင်ငံများတွင် ယခင်က ကိုယ်စားပြုဒီမိုကရေစီ (representative democracy) ကိုသာ အားထားခဲ့ကြသော်လည်း လက်တွေ့ အလုပ်သိပ်မဖြစ်သဖြင့် ယခုအခါတွင် လူမှုလှုပ်ရှား မှုများဖြင့် (social movement) ကိုယ်တိုင်ပါဝင်သည့် ဒီမိုကရေစီ (participating democracy) စနစ်ကို ထိရောက်မှုရှိသည့်လမ်းကြောင်းအဖြစ် ရွေးချယ် လာကြသည်။ သို့သော် ယင်းလှုပ်ရှားမှုများမှာ အာရပ်နိုင်ငံများ၏ လူမှုလှုပ်ရှားမှုလို ရယ်ဒီကယ်သဘောမလွှမ်းမိုးဘဲ ဒီမိုကရက်တစ် ဘောင်အတွင်းမှာ ပင် ဒီမိုကရေစီလက်တွေ့အလုပ်ဖြစ်အောင် ဆောင်ရွက်လာကြသည်ကို တွေ့လာရသည်။ မြန်မာနိုင်ငံတွင်လည်း ထိုသို့ ပညာနှင့်ယှဉ်သည့် နိုင်ငံရေးကို ဆောင်ရွက်နိုင်ခဲ့လျှင် လူ့အဖွဲ့အစည်းအတွင်း ပျောက်နေသည့်ယုံကြည်မှုကို တည်ဆောက်ပြီးသားဖြစ်သလို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလည်း ဖြစ် ထွန်းလာမည်ဖြစ်ပါကြောင်း….။
*****************************************
Google Drive: create, share, and keep all your stuff in one place.