Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၉.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်
  1. ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် လှုပ်ရှားမှုစတင်
  1. ရခိုင်လူထု အစည်းအဝေး ရသေ့တောင်တွင် ကျင်းပမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. တရားဥပဒေစိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. ပြန်ကြားရေးဝန်ကြီးနှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ တွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

နိုင်ငံပိုင်သတင်းစာများ နှစ်လ အတွင်းပြုပြင်ပြောင်းလဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၀။

ဆယ်စုနှစ်များစွာ အစိုးရ၏ ဝါဒဖြန့်ချီရေးအနေနှင့်သာ ရပ်တည်ခဲ့သော နိင်ငံပိုင်သတင်းစာများကို ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ၂ လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု ၎င်း၏စကားကို ကိုးကားကာ စာပေစီစစ်နှင့် မှတ်ပုံတင်ဦးစီးဌာန ဒုညွှန်ချုပ် ဦးတင့်ဆွေက ပြောကြားသည်။

"လွယ်တော့မလွယ်ဘူးပေါ့၊ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေက ရှေ့မှာရောက်နေတယ်"ဟု ၎င်းက လူသားအရင်းအမြစ်များစွာ လိုအပ်သည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့၏ မျက်နှာဖုံးတွင် ဖော်ပြထားသော  သတင်းများကို ရည်ညွန်းကာ သတင်းစာများကို ပြုပြင်ပြောင်းလဲမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

"ယခင်က ဒီသတင်းများကို အတွင်းမှာပဲ ဖော်ပြခဲ့ပါတယ်။ အခုတော့ အယ်ဒီတာများက လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်"ဟု ၎င်းက ဆိုသည်။

အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေလျက်ရှိသော နိင်ငံပိုင် The News Light of Myanmar သတင်းစာကို မကြာမီ ရက် ပိုင်း အတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိ ဂျာနယ်များကဲ့သို့ ကာလာစာမျက်နှာများနှင့် ဖြန့်ချီမည်ဖြစ်ကြောင်း ယင်း တိုက် တာဝန်ခံ အယ်ဒီတာတစ်ဦးက ရှင်းပြသည်။

" သတင်းစာမှာထည့်မဲ့သတင်းတွေကို ဂျာနယ်မှာပါတဲ့ အတိုင်းရေးခိုင်းနေတာ၊ ဦးတို့က အရိုးစွဲနေပြီ "ဟု ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ ခရီးစဉ်များကို အမြဲလိုက်ပါ သတင်းယူရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်း သတင်းစာဆရာတစ်ဦးက ညီးတွားပြောဆိုသည်။

မီဒီယာလောကကို ၁၈ လအတွင်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများကိုလည်း ထုတ်ဝေခွင့် ရရှိအောင် ဆောင်ရွက် ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ရက်ပိုင်းအတွင်း ဦးအောင်ကြည်က မြန်မာတိုင်းဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ကတိပြု ပြောကြားခဲ့သည်။

သတင်းစာပညာအခြေခံများကို ယခင်နှစ်ပိုင်းလောက်ကပင် ပြန်ကြားရေးဝန်ထမ်းများကို သင်ကြားပေးခဲ့ရဘူးသည်ဟု သတင်းစာဆရာ တစ်ဦးဖြစ်သူ ဥိးရဲနိုင်မိုးက ရှင်းပြသည်။

 sweet

-------------------------------------------------------------------------------------------------------------

ရခိုင် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် လှုပ်ရှားမှုစတင်

ဒေါက်တာမျိုးမြင့် ဦးဆောင်သည့် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာကြောင်း စုံစမ်းသိရှိရသည်။

ယင်း ကော်မရှင်တွင် အဖွဲ့ဝင်ပေါင်း ၂၇ဦးရှိသည့် အနက် ၁၉ ဦး လိုက်ပါလာပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့က စစ်တွေလေဆိပ်မှ ကြိုဆိုခဲ့ကြကြောင်း   နေ့လည် (၂) နာရီ (၄၀) မိနစ်တွင် ပြည်နယ်အစိုးရ၊ တိုင်းမှူးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ နှင့် တွေ့ဆုံခဲ့ကြောင်း ယင်းအဖွဲ့၌ လိုက်ပါသွားသူတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

 အဆိုပါ ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာလ ၉ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စစ်တွေမြို့မှ ကျောက်တော်မြို့သို့ ထွက်ခွာပြီး ကျောက်တော်မြို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ မီးရှိုးခံရွာများမှ ရွာသားများအား တွေ့ဆုံ ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု  သိရသည်။

ယင်း မကော်မရှင်သည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ တောင် ကုတ်၊ ရမ်းဗြဲနှင့်ကျောက်နီမော် တို့တွင် စုံစမ်းစစ်ဆေးမှုများကို စက်တင်ဘာ ၇ ရက်မှ ၁၆ ရက်နေ့ထိ  ၁၀ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Moe Z

-------------------------------------------------------------------------------------------------------------

ရခိုင်လူထု အစည်းအဝေး ရသေ့တောင်တွင် ကျင်းပမည်

ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ်များပါဝင်မည့် လူထုအစည်းအဝေးပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ လာမည့် စက်တင်ဘာလဒုတိယပတ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့ထိနှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးမှ ထွက်ရှိလာသည့် သမိုင်းဆိုင်ရာ သုတေသနစာတမ်းများ၊ လက်ရှိဖြစ်ပျက်ခဲ့သည့် ပြဿနာများကြောင့် ရခိုင်တိုင်းရင်းသားများ ကြုံတွေ့နေရသည့် ဒုက္ခများကို နိုင်ငံတော် သမ္မတကြီးအပါအ၀င် လွှတ်တော်နာယက၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အခြားတိုင်းရင်းသားများနှင့် ကုလသမဂ္ဂအထိ တင်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်း အစည်းအဝေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋ္ဋိပက္ခများအား လာရောက် စုံစမ်းစစ်ဆေးမည့် စုံစမ်းရေး ကော်မရှင်အတွက် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း၊  ကော်မရှင်အနေဖြင့် ဒေသတွင်း ပဋိပက္ခဖြစ်ပွားမှုများကို စုံစမ်းစစ်ဆေးရန် လာရောက် သည့်အခါ ပြည်နယ်အနှံ့ လိုက်လံစစ်ဆေးနေရန်မလိုဘဲ ယခုကျင်းပမည့် လူထုအစည်းအဝေးပွဲမှ ထွက်ရှိလာသော သမိုင်းဆိုင်ရာ သုတေသနစာတမ်းများ၊ ဒေသခံတိုင်းရင်းသားများ၏ အခြေအနေအဖြစ်မှန်များကို တစ်နေရာတည်းက ရရှိသွားနိုင်ရန်အတွက် ယခုကဲ့သို့ လူထုစည်းဝေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ၎င်း၏ဆက်လက်ပြောကြားချက်အရ သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

တရားဥပဒေစိုးမိုးရေး ဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်  ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ပြည်သူ့လွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် ဥပဒေပညာရှင်များသည် သြဂုတ်လ ၈ ရက် နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တွေ့ဆုံခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင်  ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများ မိမိတို့၏လုံခြုံရေးနှင့် လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးသည်ဟု ယုံကြည်မှု ရှိမှသာ တရားဥပဒေစိုးမိုးမှုရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“တရားဥပဒေစိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေက တရားမျှတရုံ လောက်နဲ့လည်း မလုံလောက် သေးပါဘူး။ ဒီဥပဒေတွေကို ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှုရှိအောင် လုပ်တယ်ဆိုတာကပဲ အရေးကြီးပါတယ်။ အများနားလည်အောင် ပြောရမယ် ဆိုရင် ကျွန်မတို့အမြင်မှာတရား ဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဆိုလို့ရှိရင် လူတိုင်းလူတိုင်းက မိမိတို့ရဲ့လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိရပါမယ်။ ဒီလိုပဲနိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့လွတ်လပ်ပိုင်ခွင့်တွေနဲ့ ငါတို့ရဲ့လုံခြုံမှုကို ဥပဒေက အကာ အကွယ်ပေးနိုင်တယ်။ ပေးလည်းပေးတယ်။ ပေးနိုင်တဲ့အခြေအနေမှာ ရှိတယ်ဆိုတဲ့ ယုံကြည်မှုရှိလို့ရှိရင် ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေး ရှိပြီလို့ ကျွန်မတို့ပြောလို့ ရပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

 သူရဦးရွှေမန်းက  တရားဥပဒေစိုးမိုးရေးအတွက် အပြောနှင့်ဟန်ပြ လုပ်၍မရကြောင်း၊ ရဲရဲဝံ့ဝံ့လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီက နုနယ်ခြင်းမဟုတ်ဘဲ  လိုက်ပါသူများကသာ နုနယ်နေသေးခြင်း ဖြစ်နေကြောင်း၊ လက်မခံနိုင်သူများ နေခဲ့ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ အကူးပြောင်း ကာလ ဖြစ်သောကြောင့် ခွင့်လွှတ်လိုက်ပါက နောင်လည်း ဒီလိုလုပ်၍ရမည်ဆိုပြီး ဆက်လုပ်နေမည်ဖြစ်သောကြောင့် သံသရာတစ်ပတ်လည် သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်မရှင်သန်တော့လျှင်၊ မကျင့်သုံးလျှင် နိမ့်ကျနောက်ကျနေခဲ့မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ တရားဥပဒေ စိုးမိုးရေးဟာ ဒီမိုကရေစီ အပြောင်းအလဲအတွက် အခြေခံကျပြီး၊ ဒီအတွက် ရဲရဲတင်းတင်း ဆောင်ရွက်သွားရန့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေပညာရှင်များနှင့် တရားရေး ဝန်ထမ်းများကို တိုက်တွန်းပြောကြားသွားသည်။

“အပြောလေးနဲ့တော့ မရဘူး။ ဟန်ပြနဲ့တော့ မရဘူး။ အပြောလေးနဲ့ဟန်ပြနဲ့ မရသလိုပဲ ကျနော်တို့က ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ မလုပ်ဘူးဆိုရင်လည်း မဖြစ်ဘူး။ ဒီမိုကရေစီ နုနယ်တယ်ဆိုတာ ဒီမိုကရေစီ ဆိုတာကတော့ ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီအဆင့်မှာ ကျနော်တို့တွေ နုနယ်တယ်။ နုနယ်တဲ့ဟာမှာ သူက အခြေခံကျတဲ့ဟာကိုမှ လက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်ဘူး သွားပေတော့။ ခွင့်လွှတ်လိုက်လို့ရှိရင် နောင်လည်း လုပ်လို့ရတာပဲဟ၊ ဆိုပြီးတော့ ဒီလိုပဲ ဖြစ်သွားမယ်”ဟု သူရဦးရွှေမန်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တရားစီရင်ရေးနှင့် ဥပဒေရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၊ ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေ ပညာရှင်များနှင့် ဖိတ်ကြားထားသော ပညာရှင်များ တက်ရောက် ခဲ့ကြပြီး တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Moe Z

-------------------------------------------------------------------------------------------------------------

ပြန်ကြားရေးဝန်ကြီးနှင့်မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ တွေ့ဆုံ

                ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ(၁) ဦးကိုကိုအား စက်တင်ဘာ ၈ ရက်ညနေ  ၅နာရီတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဧည့်ခန်းမတွင် မိနစ်လေးဆယ်ကြာ လက်ခံတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ(၁) ဦးကိုကိုတို့သည် စာနယ်ဇင်း ကောင်စီကိစ္စ၊ မီဒီယာဥပဒေကိစ္စများ အပါအဝင် စာနယ်ဇင်းဆိုင်ရာ အခြားကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း၊  လက်ရှိနယ်ပယ် အသီးသီးက အဆိုပြုထားကြသော စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ် အတည်ပြုလျာထားခြင်း၊ စာနယ်ဇင်းကောင်စီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား နောက်ဆုံးအကြိမ်အတည်ပြုခြင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် လိုအပ်သည်တို့ကို ကူညီပေးရေး၊  မီဒီယာ ဥပဒေသစ် တစ်ရပ်ကို ဒီယာလောကသားများ၏ အကြံဥာဏ်များရယူပြီး ပြန်လည်ရေး ဆွဲနိုင်မည့် အခြေအနေများအား ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားတစ်ယောက်က  ၂၁ရက်အတွင်းမှာ နိုင်ငံကူးလက်မှတ်ရရမယ်။ ဒါက တရားဝင်လူသိရှင်ကြားပြော ပြီးသားပဲ။ အဲဒါက အတည်ဖြစ်ရမယ်။ အဲဒီလို မဟုတ်ဘဲ သီးခြားခွဲခြားဆက်ဆံတာက ပြောမယ်ဆိုရင် ထောင်ထဲကထွက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တစ်နှစ်ဆိုင်းငံ့ထားတယ်ဆိုတဲ့ ညွှန်ကြားချက် ရှိပါတယ်။  အဲဒါက စစ်အစိုးရက  ထုတ်ပြန်ထားတာ။ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေမဟုတ်ဘူး။ နောက်တစ်ခုက လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို နိုင်ငံကူးလက်မှတ်ထုတ်ပေးပြီးတော့ သာမာန်အထူးသဖြင့် ကျောင်းသားလူငယ်တွေကို နိုင်ငံရေးအကျဉ်းထောင်မှာ ပိတ်ဆို့ ထားတာက လုံခြုံရေး အရအကြောင်းပြချက် ပဲပြောပြော နိုင်ငံသားအခွင့်အရေးပဲပြောပြော ဘယ်ရှုထောင့်က လက်ခံနိုင်စရာ မရှိဘူး”

စက်တင်ဘာ၉ရက်ထုတ် Messengerဂျာနယ် အတွဲ(၃)အမှတ်(၁၆)တွင်ပါရှိသည့် “ကိုမိုးသီးဇွန်၊ ဒေါက်တာ နိုင်အောင်နှင့် ပြည်တွင်း ပြန်ဝင်ရောက် လာသူတို့နှင့် ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး နှင့် တွေ့ဆုံခြင်း”မှ ကိုကိုကြီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တို့တွေက မဲဝင်ရွေးလို့မဘူး။ မတ်ဝင်လုပ်လို့ မရဘူး။ တို့တွေက ဒီနိုင်ငံသားမှ မဟုတ်တာ။ ဒါပေမယ့် ဝင်ရွေးခံရတဲ့ သူတွေကို ကူညီမယ်။ တကယ် မှန်ကန်တဲ့သူတွေကိုပေါ့။ အဲဒီလို အားပေးလို့ရတယ် ။ တော်လှန်ရေးသမားတွေ ထဲမှာလည်း တော်လှန်ရေးဗန်းပြပြီး လုပ်စားနေတဲ့ သူအများကြီး၊ တိုက်တွေ ကားတွေ စီးပြီးတော့ NGO တစ်ပိုင်း၊ နိုင်ငံရေးတစ်ပိုင်း လုပ်နေတဲ့သူတွေရှိတယ်။ ကိုယ်က ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီးတော့ လုပ်ခဲ့တာ တိုင်းပြည်ကိုချစ်လို့။ အမေရိကန်နိုင်ငံသား ခံယူထားတယ်လို့ ပြောတာဟာ ရိုးသားလို့ ပြောတာ။ မြန်မာနိုင်ငံသား လိုလို၊ ဟိုနိုင်ငံသား လိုလိုနဲ့ ပြည်သူ တွေကို ပြောပြီးတော့ မလုပ်ချက်ဘူး”

စက်တင်ဘာ၉ရက်ထတ် News Day ဂျာနယ်အတွဲ(၁)အမှတ်(၂၇)တွင်ပါရှိသည့် ABSDF ၏ပထမဆုံး ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် တွေ့ဆုံခြင်းမှ ဦးထွန်းအောင်ကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------

“တရားဥပဒေ စိုးမိုးရေးဆိုတာ ဥပဒေတွေရှိရုံနဲ့ မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေက တရားမျှတရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ဒီဥပဒေတွေကို ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှု ရှိအောင်လုပ်မလဲဆိုတာ အရေးကြီးပါတယ်။ အများပြည်သူ နားလည်အောင်ပြောရမယ်ဆိုရင် ကျွန်မရဲ့အမြင်မှာ တရားဥပဒေစိုးမိုးမှုရှိတဲ့ အဖွဲ့အစည်းဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို ဥပဒေအရ ကာကွယ်ပေးမယ် ဆိုတဲ့ ယုံကြည်ချက် ရှိဖို့ လိုပါတယ်”

စက်တင်ဘာ ၉ရက်ထုတ် Messenger ဂျာနယ် အတွဲ(၃)အမှတ်(၁၆)တွင်ပါရှိသည့် “တရားဥပဒေ စိုးမိုးရေးသည် ပြည်သူများ၏ ခံစားမှုနှင့်သာ ဆိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment