Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယနေ့လွှတ်တော်အတွင်း မေးခွန်းနဲ့အဖြေများ

*****************************************

ဆောင်းပါးကဏ္ဍ

ယနေ့လွှတ်တော်အတွင်း မေးခွန်းနဲ့အဖြေများ

ဘိုကြီး

(စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Popular News Journal မှ ထုတ်ယူဖော်ပြချက်။)

ကျွန်တော်သည် သာမန်ပြည်သူတစ်ဦးသာဖြစ်ပါသည်။ မည်သည့်ပါတီ၊မည်သည့်အဖွဲ့အစည်းကိုမျှ ၀င်ရောက်သူမဟုတ်ပါ။ အစိုးရ၀န်ထမ်း (အငြိမ်းစား) ပြည်သူတစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူတစ်ဦးအနေဖြင့် ယနေ့လွှတ်တော်အတွင်း အခင်းအကျင်းများနှင့် ပတ်သက်၍ မေးခွန်း မေးမြန်းခြင်း၊ ဖြေကြားခြင်းများနှင့် ပတ်သက်ပြီး ကျွန်တော့အနေဖြင့် ရေးသားဆွေးနွေးပါမည်။

ယခုတလော အင်တာနက်ပေါ်တွင်လည်းကောင်း၊ ပြည်သူများကြားထဲတွင်လည်းကောင်း၊ သတင်းပျံ့နှံနေသည်မှာ လွှတ်တော်ကိုယ်စား လှယ်များ အစည်းအဝေးတွင် အိပ်ငိုက်သည့်အကြောင်း ဖြစ်ပါသည်။ ကျွန်တော်သည် ယခုစတုတ္ထအကြိမ် လွှတ်တော်အစည်းအဝေးစတင်စဉ်ကပင် သတိ ပြုမိပါသည်။ ကျွန်တော်ပင်စင်စားတစ်ယောက်ဖြစ်၍ Sky Net ရုပ်သံဝယ်မကြည့်နိုင်ပါ။ တစ်ရက်တွင် ကျွန်တော်၏ ညီမဖြစ်သူအိမ်သို့ သွားလည်စဉ် သူတို့ကဖွင့်ပြ၍ ကြည့်ရှုရာတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး မေးခွန်းမေးနေစဉ် ဘေးမှလွှတ်တော်ကိုယ်စားလှယ်တစ်ဦး တွေ့ရှိရပါသည်။ ကျွန်တော့် စိတ်ထဲတွင် ဘဝင်မကျ ဖြစ်မိပါသည်။

ကိုယ်စားလှယ်က မေးခွန်းမေးပြီး သက်ဆိုင်ရာဒုဝန်ကြီးက ပြန်ဖြေရာတွင်လည်း စာမှာပါတာဖတ်ပြီးဖြေသည်မှာ စာသင်သား၊ ရဟန်းများ စာကျက်သကဲ့သို့ပင် ပြောသွားသည်မှာ လွန်စွာမြန်လွန်း၍ ကျွန်တော်ပင် နားမလည်ပါ။ ဝတ်ကျေ၊တန်းကျေဖြေသည့်သဘော ဖြစ်သည်ကို တွေ့ရပါ သည်။ လွှတ်တော်၏ အနှစ်သာရမရှိပါ။

လွန်ခဲ့သော သတင်းပတ်က ထုတ်ဝေသည့် သတင်းဂျာနယ်တစ်စောင်တွင်လည်း အမျိုးသားလွှတ်တော်ဥက္ကဠကြီးနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အချီအချပြောခန်းတွင် ဥက္ကဠကြီးက လွှတ်တော်ကိုယ်စားလှယ်များ အိပ်ငိုက်မနေရန် သတိပေးစကားပြောသည်ကို ဖတ်လိုက်ရပါသည်။ ဒါက ဘာပြသလဲဆိုတော့ ယနေ့လွှတ်တော်အစည်းအဝေးများတွင် မေးမြန်းသောမေးခွန်းများကို ကိုယ်စားလှယ်များက မိမိနှင့်မသက်ဆိုင်လျှင် စိတ်ဝင်စားခြင်း နည်းပါးမှုရှိကြောင်း ပြသနေပါသည်။

လွှတ်တော်အစည်းအဝေးများကို ကျွန်တော်သည် Sky Net တွင် မကြည့်ရသော်လည်း နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များနှင့် ည ၈ နာရီ မြန်မာ့အသံသတင်းများကိုတော့ မပြတ်ကြည့်၍ သိရပါသည်။ ဒီမှာဘာတွေ့လဲဆိုတော့ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းကဏ္ဍများနှင့် အချိန်ကုန်နေပါသည်။ ဒါတွေက လွှတ်တော်တွင်လုပ်ရမည့် အလုပ်များဖြစ်သည်မှာ မှန်ပါသည်။ အဆိုကဏ္ဍကို ကျွန်တော်မဆွေးနွေးလိုသော်လည်း မေးခွန်းမေးမြန်းခြင်းကဏ္ဍကို ဆွေးနွေးလိုပါသည်။

မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် တစ်နိုင်ငံလုံးနှင့်ဆိုင်သောကိစ္စများနှင့် မိမိတို့မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီးနှင့်ဆိုင်သော ကိစ္စများဟူ၍ နှစ်မျိုးတွေ့ရပါသည်။ တစ်နိုင်ငံလုံးနှင့်ဆိုင်သော ပြည်သူအများစုနှင့် အကျုံးဝင်သောမေးခွန်းများကို မေးမြန်းသည်မှာ လိုအပ်သော်လည်း အချို့ မိမိပြည် နယ်နှင့်ဆိုင်သော မေးခွန်းများမှ သက်ဆိုင်ရာ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်က ဖြေရှင်းရမည့်ကိစ္စရပ်များ ဖြစ်နေပါသည်။ ဥပမာ- လမ်းဂိတ်ပိတ်သည့်ကိစ္စ၊ မိမိမြို့နယ်လမ်းမကောင်းသည့်ကိစ္စ၊ ရေကိစ္စ၊ မီးကိစ္စများသည် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်တွင်ပင် မေးမြန်းဖြေရှင်းရမည့်ကိစ္စများ ဖြစ်ပါသည်။ ဒါကို လွှတ်တော်တွင် ဆွေးနွေးတော့ တန်ဖိုးရှိသောအချိန်များ ကုန်နေပါသည်။ မိမိမြို့နယ် အဆင့်ကိစ္စမေးလျှင်လည်း ကျန်လွှတ်တော်ကိုယ်စားလှယ်များလည်း စိတ်မ၀င်စားဘဲ အချိန်ကုန် ပျင်းရိနေပါသည်။ ဒါ့ကြောင့် လွှတ်တော်တွင် မေးမြန်း ဆွေးနွေးခြင်းမပြုဘဲ စာဖြင့်သာ ရေးသားမေးမြန်း ဖြေကြားမှုပြုပါက လွှတ်တော်၏ တန်ဖိုးရှိသောအချိန်များ အလဟဿ ဆုံးရှုံးမည်မဟုတ်ကြောင်း အကြံပြုရေးသားလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ရောက်စက အင်တာဗျူးတစ်ခုမှာ ဆွေးနွေးသလို ယနေ့လွှတ်တော် “တောင့်တောင့်ကြီး” ဖြစ်နေပါသည်။ ပြီးခဲ့သောအပတ်က ရှမ်းတိုင်းရင်းသားပါတီခေါင်းဆောင်တစ်ဦးနှင့် ဂျာနယ်အင်တာဗျူးတစ်ခုတွင်လည်း ယနေ့လွှတ်တော်များအပေါ် သူ့အမြင်ကို ဖြေကြားရာတွင် “အားလုံးခေါင်းပေါင်းချွတ်ပြီးဆွေးနွေးရင် ကောင်းမည်၊ အခုဟာက အခမ်းအနားဆန်သည်၊ လိုအပ်လျှင် ည ၁၀နာရီအထိ ဆွေးနွေးရ မည်။” စသည်ဖြင့် ပွင့်ပွင့်လင်းလင်းပြောသွားသည်ကို ဖတ်ရှုလိုက်ရပါသည်။ ဒါ့ကြောင့် လွှတ်တော်ကို ယခုထက် သွက်လက်မြန်ဆန်မှုရှိဖို့ လိုအပ်နေပြီ ဖြစ်ပါသည်။

နောက်တစ်ခုက မေးခွန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဖြေကြားချက်များနှင့် ပတ်သက်၍လည်း ကျွန်တော်ဆွေးနွေး တင်ပြလိုပါသေး သည်။ ကျွန်တော်ဂျာနယ်များတွင် ဖတ်ရှုရပါသည်။ လွှတ်တော်ကိုယ်စားလှယ်တချို့က အချို့ဝန်ကြီးဌာနများ၏ ဖြေကြားချက်များအပေါ် အားရကျေနပ်မှုမ ရှိကြောင်း သိရှိရပါသည်။ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အပကျန်ဌာနများ၏ ဖြေကြားချက်များမှာ ပြည့်စုံမှုမရှိခြင်းနှင့် သူတို့လုပ်ဆောင်ချက်များသာ ပြောဆိုသွားကြောင်း ဖတ်ရှုရပါသည်။ တစ်ချို့ဝန်ကြီးဌာနဆိုလျှင် မေးခွန်းမေးပြီး သုံးလလောက်နေမှ ဖြေသည်ဟုလည်းသိရှိရပါသည်။

သုံးလအတွင်းမှာ သူတို့ဖြေဖို့လုပ်ကိုင်ပြီးမှ ဖြေကြောင်းကိုလည်း သိရှိရပါသည်။ ဒါက ဘာကိုပြသလဲဆိုတော့ ပြည်ထောင်စုဝန်ကြီးဌာနအချို့က လွှတ်တော်များအပေါ် အလေးထားမှုမရှိကြောင်း ပြသနေပါသည်။ ပြည်ထောင်စုဝန်ကြီးများပါဝင်သည့် အစိုးရအဖွဲ့ဆိုတာ လွှတ်တော်များကတစ်ဆင့် ပေါ် ပေါက်လာခြင်း ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရက လွှတ်တော်အပေါ် ဂရုပြုရသလို၊ လွှတ်တော်ကလည်း ပြည်သူအပေါ် အလေးဂရုပြုရမည် ဖြစ်ပါသည်။ ပေါ့ပေါ့တန်တန်ဖြေခြင်းအားဖြင့် လွှတ်တော်ကိုစော်ကားသလို ပြည်သူကိုလည်း စော်ကားရာရောက်ပါသည်။

အချို့သော ဌာနဆိုင်ရာဝန်ကြီးများ၏ ဖြေကြားချက်များမှာ မေးခွန်းနှင့် တိုက်ရိုက်မသက်ဆိုင်ပဲ သူတို့လုပ်ကိုင်ဆောင်ရွက်တာတွေ ရှင်းပြ နေသည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့်-ပြီးခဲ့သောအပတ်များက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ရန်ကုန် တက္ကသိုလ် အဆင့်အတန်းမြှင့်တင်ရေး၊ တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့်အညီ လွတ်လပ်စွာရပ်တည်နိုင်ရေး၊ ပညာရေးဝန်ကြီးဌာန လက်အောက်မှ လွတ်ကင်းရေး စသည်များကို မေးမြန်းဆွေးနွေးသွားတာ ကြားသိရပါတယ်။ ဒါကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက သူတို့ဌာနအနေနဲ့ တခြား ကမ္ဘာ့ တက္ကသိုလ်များနှင့် ဘယ်လိုချိတ်ဆက်ဆောင်ရွက်နေတာကို ဇောင်းပေးဖြေသွားပါတယ်။ မေးခွန်းကတခြား၊ အဖြေကတခြားဖြစ်ပါသည်။ ဒါကိုပင် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံဆွေးနွေးခဲ့ရသည်ကို သိရှိရပါသည်။ ဒါ့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်က သူ၏ ကိုယ်စားလှယ်များကို မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းကို ရှင်းရှင်းလင်းလင်း တိုတိုတုတ်တုတ် ဆွေးနွေးကြရန် လမ်းညွှန်မှုပြုပါသည်။

ကျွန်တော် အထက်ကတင်ပြသလို မိမိမြို့နယ်ကိစ္စရပ်တစ်ခုတည်း လွှတ်တော်တွင် တင်ပြဆွေးနွေး မေးမြန်းနေပါက အချိန်ကုန်၍သာနေမည်ကို ကျွန်တော်ထောက်ပြခဲ့ပါသည်။ ဒီနေရာမှာလည်းကျန်လွှတ်တော် ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည်၏ နမူနာယူနိုင်ရန် ကျွန်တော်တင်ပြလိုပါ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်ကို မကြာခဏ ကွင်းဆင်းပါသည်။ သို့သော် ကော့မှူးမြို့နယ်ကိစ္စ လွှတ် တော်တွင် တင်ပြဆွေးနွေးမေးမြန်းခြင်း တစ်ခါမျှမပြုခဲ့ပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူ့ကော့မှူးကို ကွင်းဆင်းသည့်အခါ မြို့နယ်ပြည်သူ များ၏ အခက်အခဲများကို မေးမြန်းပြီး ဌာနဆိုင်ရာများနှင့် ညှိုနှိုင်းဆောင်ရွက်ခဲ့သည်သာ ဖြစ်ပါသည်။ ဒါက ဘာပြသလဲဆိုတော့ လွှတ်တော်က မေးမြန်းနေ မည့်အစား လက်တွေ့ကျကျဆောင်ရွက်ဖြေရှင်းခြင်း ဖြစ်ပါသည်။ ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လုပ်ပိုင်ခွင့်ကို ထိထိ ရောက်ရောက်နှင့် ပြည့်ပြည့်ဝဝ အသုံးချခြင်းလည်း ဖြစ်ပါသည်။ ကျန်လွှတ်တော်ကိုယ်စားလှယ်များ နမူနာယူရမည် ဖြစ်ပါသည်။

ကျွန်တော့ဆောင်းပါးကို နိဂုံးချုပ်ရလျှင် လွှတ်တော်များသည် အမြဲတမ်းကျင်းပမနေသလို ကျင်းပသည့်အခါတွင်လည်း ထိရောက်သွက်လက်ဖို့ လိုမည်ဖြစ်ပါသည်။ အခြားအချို့သောနိုင်ငံများ၏ လွှတ်တော်များတွင် ဖြစ်ပျက်သလို လွှတ်တော်အမတ်အချင်းချင်း လက်သီးလက်မောင်းတန်း ဆွေးနွေး ပြီး ထိုးကြကြိတ်ကြအဆင့်မျိုးကို မဆိုလိုပါ။ အခမ်းအနားဆန်ပြီး ငြီးငွေ့စရာ အိပ်ငိုက်ဖို့တော့ မသင့်ပါ။ ထိရောက်သောမေးခွန်းများ၊ အဖြေများကို ပြည်သူ က ကြားသိချင်ပါသည်။ နောက်တစ်ချက်က လွှတ်တော်မှာပဲ အချိန်ကုန်နေပြီး သက်ဆိုင်ရာပြည်သူများနှင့် ထိတွေ့မှုနည်းပါးလာမည်ကို စိုးရိမ်ပါသည်။ ပြည်သူ့အသံကြားချင်လျှင် ပြည်သူကြား အမြဲမပြတ်ကွင်းဆင်းရမည် ဖြစ်ပါသည်။ ပြည်သူ့အခက်အခဲကိုသိလိုလျှင် ပြည်သူနဲ့အမြဲ ထိတွေ့ရမည်ဖြစ်ပါ သည်။ ပြည်သူတွေမှာ ဒုက္ခအခက်အခဲ အဖုံဖုံရှိပါသည်။ ဒါကို ဆန္ဒပြမှသိတာထက် မိမိတို့ကိုယ်တိုင် ရှာဖွေဖော်ထုတ်ပြီး ပြည်သူ့ကိုယ်စားလှယ်များ၏ ပီပြင်သောအခန်းကဏ္ဍကို ဖော်ဆောင်နိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါသည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment