Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

*****************************************

ဆောင်းပါးကဏ္ဍ

ပြည်သူအများကြား တရားဝင်မှုတည်ဆောက်မှသာ

မိုးမြင့်ငြိမ်း

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် မှန်ကန်မှုရှိသည့် အပြောင်းအလဲများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိပြီးပြီ ဖြစ်သည်။ ပြည်တွင်း၌လည်း နိုင်ငံရေးစနစ်အပြောင်းအလဲအပေါ် ပြည်သူများ၏ ယုံကြည်မှုမှာ တဖြည်းဖြည်း တိုးမြှင့်လာလျက်ရှိသည်ကို တွေ့မြင်ရသည်။ စီးပွားရေးအပြောင်းအလဲများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့်အတွက် ပြည်သူအများ အပြောင်းအလဲကို တိုက်ရိုက်ခံစားခွင့် မရှိသေးသော်လည်း နိုင်ငံရေးအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအပြောင်းအလဲကိုတော့ အထူး မျှော်လင့်မိကြသည်မှာ အမှန်ပင်ဖြစ်သည်။

သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ၏ ဂယက်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာ အနောက်နိုင်ငံများလို ပြည်သူများ၏ နိုးကြားမှုဖြင့် အသွင်ကူးပြောင်းခဲ့သည့် bottom-up model မျိုးမဟုတ်။ သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲလို့ဆိုရမည့် imposed transition ဖြင့် အသွင်ကူးပြောင်းခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံတော်အကြီး အကဲများ၏ ကြီးမှူးမှုဖြင့် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ ယခင်တပ်မတော် တပ်ချုပ်ကြီး သန်းရွှေ၏ အာဏာနေရာ ခွဲဝေ ချထားမှု (power allocation) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပုံဖော်လာရသည်ဆိုလျှင် အတိုင်းအတာတစ်ခုထိတော့ မှန် ကန်မှုရှိသည်။

နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲအပေါ် အပေါင်းလက္ခဏာဆောင်သည့် တိုးတက်ဖြစ်ထွန်းမှုများအဖြစ် အသိအမှတ် ပြုကြသော်လည်း စနစ်အတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူခြင်း မညီမညွတ်ဖြစ်နေခြင်းကိုတော့ ဝေဖန်ထောက်ပြကြသည်။ ဤသို့ဖြစ်ရခြင်း၏ အ ကြောင်းရင်းကို စီစစ်ကြည့်လျှင် ယခင်နိုင်ငံတော်အကြီးအကဲ တပ်ချုပ်ကြီး၏ အာဏာနေရာခွဲဝေချထားမှုကြောင့် သမ္မတနှင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ကြား တင်းမာမှု ပေါ်ပေါက်လာရသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း အစိုးရအဖွဲ့ဝင်မှာ ပါတီဝင်မဖြစ်ရဟု ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့မှာ အာဏာခွဲဝေကျင့်သုံးမှု ပီပီပြင်ပြင်ရှိလှသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ခုံရုံး ကိစ္စကိုကြည့်လျှင် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေး အာဏာကြား နိုင်ငံရေးညီညွတ်မှုအပ်ကြောင်း ဖြစ်သွားနိုင်သည်အထိ ပြင်းထန်သည့် အာဏာ လွန်ဆွဲပွဲတစ်ရပ်ဖြစ်သည်ဟု ကောက်ချက်ချ၍ ရနိုင်သည်။

သမ္မတအပေါ် ထောက်ခံမှု

နိုင်ငံတကာမှ သမ္မတဦးသိန်းစိန်ကို ချီးကျူးကြသည့်အချက်မှာ လူထုဆန္ဒမပါသည့် သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲအပေါ် နိုင်ငံရေး စေတနာဖြင့် ပြည်သူအများမျှော်လင့်သည့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် နိုင်ငံရေးဖြေလျှော့မှုများ၊ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်အောင် တဖြည်းဖြည်းဆောင်ရွက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သမ္မတအနေဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲဝင်၊ မဝင်ဆိုခြင်းမှာ ယခုအချိန်ထိတိုင် တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း လာမည့်ရွေးကောက်ပွဲကို ဝင်မည်ဆိုလျှင်တော့ ပြည်တွင်း၌ လူထုထောက်ခံမှုကို ယခုထက်ရရှိအောင် ဆောင် ရွက်နိုင်မှဖြစ်မည်။ တနည်းဆိုရလျှင် ကိုယ်လူ့အဖွဲ့အစည်းအတွင်း၌ ကိုယ့်ရဲ့တရားဝင်မှုကို တည်ဆောက်နိုင်ရန်ပင် ဖြစ်သည်။ ယခုတွင်ရော တည် ဆောက်နိုင်ပြီလောဟု မေးစရာရှိလာသည်။ အောက်တိုဘာ ၁ ရက်နေ့က သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်မှ မြန်မာပြည်သို့ပြန်အလာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်သူအများ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်ကို ကြည့်ခြင်းအားဖြင့် “ဒါဟာ ငါတို့နိုင်ငံ၏ သမ္မတကြီး” ဟူသော ခေါင်းဆောင်တစ်ဦးအပေါ် ယုံကြည်မှုကို ပြည်သူများတွင် ရှိလာပြီဟု ဆိုနိုင်သည်။

ခေါင်းဆောင်နှင့် ပြည်သူများ တရားဝင်မှု အနေအထား

မြန်မာနိုင်ငံသည် လူလတ်တန်းစားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုမဟုတ်သေးသည့်အပြင်၊ ဒီမိုကရေစီနိုင်ငံရေးစနစ်ဖြင့် ဆယ်စုနှစ်ပေါင်း များစွာ ကင်းကွာနေခြင်းကြောင့် ပြည်သူများကြားတွင် ဒီမိုကရက်တစ် နိုင်ငံရေးယဉ်ကျေးမှုထွန်းကားဖို့ အချိန်ယူတည်ဆောက်ရဦးမည် ဖြစ်သည်။ ထိုသို့ တည်ဆောက်ရာတွင် မြန်မာနိုင်ငံတွင် အများစုဖြစ်သော အခြေခံလူတန်းစားများ၏အကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်သူမှာ ပြည်သူများအကြား တွင် ယုံကြည်အားထားလောက်သည့် ခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာပေဦးမည်။ တနည်းဆိုရလျှင်ခေါင်းဆောင်နှင့် ပြည်သူများအကြား တရားဝင်မှု အနေအထား (elite-mass legitimacy) မြင့်မားလာဖို့ပင် ဖြစ်သည်။ ဒီမိုကရက်တစ်အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုသို့ ပြည်သူအများ၏ ချစ်ခင် လေးစားမှုကို ရယူထားနိုင်ပြီးဖြစ်သည်။ ယခုနိုင်ငံရေးအပြောင်းအလဲများကြောင့် ပြည်သူအများ၏ ထောက်ခံမှု တဖြည်းဖြည်းတက်လာသည့် သမ္မတဦးသိန်းစိန်အနေဖြင့်လည်း သူ၏ စီးပွားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကျန် သည့် သမ္မတသက်တမ်းအတွင်း ထင်သာမြင်သာသည့် ရလဒ်ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်ပါက သူ၏ခေါင်းဆောင်မှုအပေါ် ပြည်သူအများက ပိုမို ယုံကြည်လာမည်ပင်ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် မြန်မာနိုင်ငံသည် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည် ဆောက်ရေးဆိုသည့် စိန်ခေါ်မှုများကို ကြုံတွေ့ နေရသည်ဖြစ်ရာ သမိုင်းဝင်အချိုးအကွေ့ဟုလည်း ဆို၍ရနိုင်သည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှား သွားနိုင်ဖို့ရာမှာ နိုင်ငံရေးအင်အားစုများနှင့် ညှိနှိုင်းအကောင်အထည်ဖော်ရုံမျှမက ပြည်သူအများပါ ပူးပေါင်းပါဝင်နိုင်အောင် ဆောင်ရွက်နိုင်ဖို့လိုအပ်ပါ ကြောင်း….။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment