Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1.  ဒီမိုကရေစီင်္အင်အားစုများအားလုံးညီညွတ်ရေးသည် မဖြစ်မနေလိုအပ်ချက်

*****************************************

ဆောင်းပါးကဏ္ဍ

 ဒီမိုကရေစီင်္အင်အားစုများအားလုံးညီညွတ်ရေးသည် မဖြစ်မနေလိုအပ်ချက်

ဝင်းထွဋ်ဇော်

(စက်တင်ဘာ ၄ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၁၄) မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးဟာ ပန်းတိုင်ရောက်ဖို့မဝေးတော့ဘူးလို့ ပြောဆိုနေကြသူတွေရှိသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီလမ်းဟာ ဖြောင့် ဖြူးနေပြီလို့ စိတ်ဒုံးဒုံးချပြီး ယုံကြည်နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ ပြောနေသူတွေလည်း ရှိနေပါတယ်။ အခြေအနေအရပ်ရပ်အပေါ် အကောင်းမြင်သူ တွေရှိသလို သတိနဲ့ စောင့်ကြည့်နေသူတွေ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေသူတွေလည်း ရှိနေပါတယ်။ အကောင်းမြင်ဝါဒကို အားဖြည့်ပေးနေတဲ့ ဖြစ်စဉ်ဖြစ် ရပ်တွေကတော့

၁။နိုင်ငံတော်သမ္မတကိုယ်တိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလို ထိပ်တန်းတာဝန်ရှိသူတွေက ဒီမိုကရေစီစနစ်ဆီကို မုချဆက်ဆက်သွားမှာ ဖြစ်တယ်လို့ တစ် ကြိမ်နှစ်ကြိမ်မက ကတိပြုပြောဆိုခဲ့ခြင်း။

၂။သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့လို နိုင်ငံခေါင်းဆောင်တွေဟာ ယခင့်ယခင်အစိုးရနဲ့မတူဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်းကောင်း၊ အခြားတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်းကောင်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း။

၃။ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လွှတ်တော်အတွင်းသို့ ရောက်ရှိခဲ့ခြင်း။

၎။လွှတ်တော်အတွင်း၌ အာဏာရပါတီနဲ့ အတိုက်အခံပါတီများအကြား(မူလက မျှော်လင့်ခဲ့သြလို)တင်းမာမှုများမရှိဘဲ ဆက်ဆံရေး အတော်အတန်ပြေပြစ် လာခြင်း၊ အချို့ကိစ္စများ၌ ပူးပေါင်းဆောင်ရွက်မှုများပင် ရှိလာခြင်း။

၅။တပ်မတော်ခေါင်းဆောင်ဟောင်းများ ဦးဆောင်သော အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်း။

၆။ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင် ဟောင်းများနဲ့ အစိုးရခေါင်းဆောင်များအကြား တရင်းတနှီး ဆက်ဆံလာခြင်း။

၇။ ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများထဲမှ တော်တော်များများကို ပြန်လွှတ်ပေးခဲ့ခြင်း။

၈။နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းထားမှု များသိသိသာသာ လျော့နည်းသွားခြင်းဆိုတဲ့ အကြောင်းအချက်တွေပဲ ဖြစ်တယ်။

သို့ပေမယ့် မြန်မာ့ဒီမိုကရေစီခရီးလမ်းကြောင်းဟာ ဖြော်င့်ဖြူးသာယာနေပြီလို့ စိတ်နှလုံး တုံးတုံးချနိုင်လောက်တဲ့အခြေအနေမှာ မရှိသေးဘူးလို့ ယူဆနေသူတွေကတော့ အောက်ပါအချက်တွေကို ထောက်ပြကြပါတယ်။

၁။ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမျိုး မရှိသေးခြင်း။

၂။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှု မပြုနိုင်သေးခြင်း။

၃။ကချင်၊ ကယား၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်စဲနိုင်မှုမရှိသေးခြင်း။

၎။နိုင်ငံရဲ့စီးပွားရေးဟာ ခရိုနီတွေလက်တွင်းမှာပဲ ရှိနေသေးခြင်း။

၅။နိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်ရဲ့လက်ဝါးကြီးအုပ်ဝါးမျိုမှုအောက်မှာပဲ ရှိနေသေးခြင်း။

၆။နိုင်ငံရဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်ဟာ ယခင်လူဟောင်းတွေရဲ့ လက်တွင်းမှာပဲ ရှိနေသေးခြင်း။

၇။တောင်ယာမြေတွေကို အဓမ္မသိမ်းပိုက်မှုတွေနဲ့ တောင်သူလယ်သမားပြဿနာတွေရှိနေဆဲဖြစ်ခြင်း၊ အလုပ်သမားပြဿနာတွေ ရှိနေဆဲဖြစ်ခြင်း။

၈။တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို ပြုပြင်မှုမရှိသေးခြင်း၊မတရားမှုတွေနဲ့ အကျင့်ပျက် လာဘ်စားမှုတွေ ရှိနေသေးခြင်း စတဲ့ အချက်တွေ ပဲ ဖြစ်တယ်။

အကောင်းမြင်ဝါဒီတွေရဲ့ အယူအဆ

ယနေ့အချိန်မှာတော့ အကောင်းမြင်ဝါဒီတွေဟာ အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ စီးပွားရေးအခင်းအကျင်းတွေအတွင်းမှာ ထဲထဲဝင်ဝင် ပါဝင် လာနိုင်ရေးအတွက် ကြိုးပမ်းလာကြတယ်။ မဆွတ်ခင်က ညွတ်ချင်ကြသူအချို့ဆိုရင်လည်း တံခါးပေါက်လေးတွေ ဟလိုက်ရုံရှိသေး အတင်းပဲတိုးဝှေ့ ဝင် ရောက်ခဲ့ကြတယ်။

ထိုသူတွေဟာ မိမိတို့ရဲ့လုပ်ရပ်မှန်ကန်ကြောင်း သက်သေထူဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာကြတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိ ရေးအတွက် မိမိတို့လုပ်ဆောင်တဲ့ ရရာနေရာမှ ဝင်ရောက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းမှတစ်ပါး အခြားနည်းလမ်းမရှိဘူးလို့ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ယခုသွားနေတဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းဟာလည်း နောက်ပြန်ဆုတ်နိုင်တဲ့လမ်းကြောင်း မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတယ်။ သို့ပေ မဲ့ ထိုသူတွေက မြန်မာနိုင်ငံများဒီမိုကရေစီရရှိဖို့ဆိုတာက ငါးနှစ်ဆယ်နှစ် သို့မဟုတ် တစ်ဆယ့်ငါးနှစ်နဲ့ ရရှိနိုင်မယ့်ကိစ္စမဟုတ်ဘူးလို့ ပြောဆိုနေကြပါ တယ်။

တစ်ဖက်မှာတော့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ်သစ်ဆီသို့ ဦးတည်ရွှေ့လျားမှုကို သတိကြီးစွာနဲ့ စောင့်ကြည့်နေသူတွေ သံသယမျက်လုံးနဲ့ စောင့်ကြည့်နေသူတွေကလည်း ရှိနေတာပါ။

ထိုသူတွေကတော့ လွှတ်တော်တွင်းကို ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေချည်း ရောက်ရှိနေရာယူနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကာ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့နိုင်မှသာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆနေကြတာပါ။

ဘာတွေလိုအပ်နေလဲ

သို့ဆိုလျှင် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ ဘာတွေလိုအပ်နေပါသလဲ။ တကယ်တော့ ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြုပြင်ရေး စိတ်သဘောထား (reformist minded) ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ စိတ်ကောင်းစေတနာကြောင့် ရရှိတဲ့အရာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ဦး ကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး။ ဒီမိုကရေစီအခွင့်အရေးမှန်သမျှရဲ့ အထက်မှာနေခဲ့ကြရသူတွေ ဟာ ဒီမိုကရေစီရဲ့တန်ဖိုးကို တကယ်သိရှိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို နှစ်ပရိစ္ဆေဒကြာမျှ ချိုးဖောက်ခံခဲ့ကြရတဲ့ ပြည်သူတွေသည် သာ ဒီမိုကရေစီကိုချစ်မြတ်နိုးပြီး ဒီမိုကရေစီရဲ့ တန်ဖိုးအစစ်အမှန်ကို သိကြတာပါ။

တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ပြည်သူလူထုရဲ့အင်အားကို အခြေခံပြီး လုပ်ဆောင်ရမှာသာ ဖြစ်ပါတယ်။

အဆုံးအဖြတ်ပေးမယ့်ပွဲ

ယနေ့မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့နိုင်ငံရေး ခရီးစဉ်အရဆိုရင် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုရဲ့ အနာဂတ် အတွက် အဆုံးအဖြတ်ပေးမယ့် ဒီမိုကရေစီအင်အားပြပွဲကြီး တစ်ရပ်ဖြစ်မှာပါ။

ပြည်သူလူထုကြီးအနေနဲ့ ထိုရွေးကောက်ပွဲတွေမှာ တွေဝေခြင်း၊တွန့်ဆုတ်ခြင်းမရှိဘဲညီညာဖြဖြနဲ့ အင်အားပြနိုင်ကြဖို့ လိုပါတယ်။

သို့ပေမယ့် ယနေ့အချိန်မှာ ဒီမိုကရေစီစနစ်ဆီကို တကယ်မတက်လှမ်းချင်တဲ့ နောက်ကြောင်းပြန်လိုတဲ့ အင်အားစုတွေလည်း ရှိနေနိုင်ပါတယ်။ ထိုသူတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီကင်းမဲ့ခဲတဲ့ နှစ်ပါင်းများစွာအတွင်းမှာ အခွင့်ထူးမှန်သမျှ ရရှိခံစားကြရသူတွေပဲ ဖြစ်ပါတယ်။

ယနေ့အချိန်မှာဆိုရင် ထိုသူတွေဟာ ၂၀၁၅မှာစစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုတွေလက်တွင်းကို နိုင်ငံရေးအာဏာမရောက်ရှိရေးအတွက် ပရိ ယာယ်ဝေဝုစ်မျိုးစုံနဲ့ ပြင်ဆင်ကြိုးပမ်းနေဖွယ် ရှိပါတယ်။

၎င်းတို့ရဲ့ အဓိကဦးတည်ချက်က ၂၀၁၅မှာ စစ်မှန်တဲ့ (မျိုးဗီဇမှန်ကန်တဲ့) ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်း မရရှိနိုင်ရေးအတွက်ပဲ ဖြစ်နိုင်ပါတယ်။

ယခုအခါမှာ အဆိုပါဦးတည်ချက်ကောက်ကြောင်း နှစ်ကြောင်းတို့ဟာလည်း ဟိုတစ်စဒီတစ်စ ပေါ်ထွက်နေတာ တွေ့ရပါတယ်။ ပီအာ(PR)စနစ်နဲ့ နောက်တိုး ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေကို ပွဲထုတ်မှုတွေဟာ အထက်ပါဦးတည်ချက်ကောက်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၁၅ခုနှစ် မတိုင်မီကာလအတွင်းမှာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ သပ်လျှိုသွေခွဲမှု၊ပဉ္စမံ တပ်သားထည့်ဝင်မှု စတဲ့နည်းဗျူဟာ ကို ကျင့်သုံးလာနိုင်ပါတယ်။

ဒါ့ကြောင့်၂၀၁၅မှာ ဒိမိုကရေစီအင်အားစုတွေအားလုံးတစ်ညီတညွတ်တည်း ဟန်ချက်ညီညီနဲ့ ရပ်တည်နိုင်ဖို့အတွက် ယခုကတည်းက ပြင်ဆင် ကြိုးပမ်းသင့်ပါပြီ။

ဒီမိုကရေစီအလံကို လွှင့်ထူပြီး ဒီမိုကရေစီ စကားတွေကို ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြတဲ့ နိုင်ငံရေးပါတီအားလုံးဟာ မိမိပါတီအမတ် နေရာ ရရှိရေးထက် ဒီမိုကရေစီအောင်ပွဲခံရေးကိုသာ အဓိက ရှေးရှုသင့်လှပါတယ်။

ဒီမိုကရေစီအင်အားစုတွေရဲ့ အားတွေပြန့်ကြဲသွားမယ့်အလုပ်တွေကို ရပ်တန့်ပြီး ဒီမိုကရေစီအင်အားစုတွေအားလုံးကို စုစည်းနိုင်မယ့် လုပ်ရပ် တွေ ဆောင်ရွက်ကြဖို့လိုပါပြီ။

ဒီမိုကရေစီရဲ့ ရန်သူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူမပြုမိဖို့ လိုနေပါပြီ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment