Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၆.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ခြံစည်းရိုးအပြင်ဘက်က အကျင့်ပျက်ခြစားမှု

*****************************************

ဆောင်းပါးကဏ္ဍ

ခြံစည်းရိုးအပြင်ဘက်က အကျင့်ပျက်ခြစားမှု

လှရွှေ (ခေတ္တ-နို့ဖိုးဒုက္ခသည်စခန်း)

(အောက်တိုဘာ ၁၆ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၄၀)မှ ထုတ်ယူတင်ပြချက်။)

တစ်လအတွင်း မြန်မာပြည်နဲ့ ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို အကြောင်းတိုက်ဆိုင်လို့ ရောက်ရှိသွားခဲ့ပါတယ်။ မိသားစု ကျန်းမာရေးကိစ္စ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆက်တွဲတွေဖြစ်တဲ့ ဆက်ဆံရေးရုံးဖွင့်လှစ်ရေးကိစ္စတွေနဲ့ ဆက်စပ်ပြီး မြန်မာပြည်တွင်းနေခဲ့စဉ်က ပြည် တွင်းရှိ လူတစ်ဦးချင်းတွေရဲ့ ကိုယ်ကျင့်တရားပျက်ပြားမှု၊ အောက်ခြေဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားနေမှုစတာတွေကို ဂျာနယ်တွေမှာ ရေးသားတင်ပြ ခွင့် ရရှိခဲ့ပါတယ်။ ပွင့်လင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ တွေ့ကြုံရတော့ စာရေးသူအဖို့ အံ့သြခဲ့ရတယ်။ ပြီးခဲ့တဲ့လကတည်းက ထိုင်း- မြန်မာစပ်က ဒုက္ခ သည်စခန်းတစ်ခုဖြစ်တဲ့ နို့ဖိုးဒုက္ခသည်စခန်းကို ပြန်ရောက်ခဲ့ပါတယ်။ အမြင့်ပေ ၂၀၀၀ ကျော်၊ မြန်မာနိုင်ငံနယ်စပ်ကနေ ကားနဲ့သွားရင် ၄၅ မိနစ်အကြာ မှာတည်ရှိတဲ့ နို့ဖိုးဒုက္ခသည်စခန်းဟာ ဗမာ၊ မွန်၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ကချင် ဒုက္ခသည်တစ်သောင်းကျော်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခု ဖြစ်ပါတယ်။ ဒီဒုက္ခသည်စခန်းမှာ ပြည်တွင်းစစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒီဒုက္ခသည်စခန်းမှာ ပြည်တွင်းစစ်ဘေး၊ စစ်ဒဏ်ကြောင့် ထွက်ပြေးလာတဲ့သူတွေ၊ တော်လှန် ရေးအသိုင်းအ၀ိုင်းကလာတဲ့သူတွေ၊ တတိယနိုင်ငံကိုသွားချင်လို့ ထွက်လာတဲ့သူတွေဆိုပြီး အမျိုးမျိုးရှိကြပါတယ်။

အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံတဲ့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်နေတာက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလိုလူမျိုးစုံတဲ့ မြန်မာ့လူ့အဖွဲ့ အစည်းမှာ အကျင့်ပျက်ခြစားမှုတွေ ဘယ်လိုဖြစ်နေသလဲဆိုတာ တော်တော်ကို စိတ်ဝင်စားစရာကောင်းပါတယ်။ လူ့အလွှာအသီးသီးကလာတဲ့သူတွေဖြစ် တော့ စခန်းအတွင်းမှာ လည်း လုပ်ငန်းမျိုးစုံနဲ့ဘဝရပ်တည်ရေးအတွက် လှုပ်ရှားနေတာတွေကိုတွေ့ရပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေက ကားတွေစီး၊ ဘတ်ငွေသန်းချီတန်တဲ့ ဈေးဆိုင်ခန်းတွဖွင့်၊ ဆက်သွယ်ရေးအတွက် မရှိမဖြစ်အရေးပါတဲ့ အင်တာ နက်ဆိုင်တွေဖွင့်၊ လက်ဖက်ရည်ဆိုင်တွေ၊ ချဲဒိုင်တွေကအစ ရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။

ကျွန်တော်ရောက်တဲ့ရက်မှာ ရိက္ခာထုတ်တဲ့ရက်နဲ့ တိုက်ဆိုင်နေပါတယ်။ ရိက္ခထုတ်တဲ့ရက်ဆိုတာ ဒုက္ခသည်တွေ အူစိုတဲ့နေ့၊ ကလေးတွေအတွက် ဗီဒီယိုရုပ်ရှင်တွေကြည့်ရတဲ့နေ့ ဖြစ်ပါတယ်။ TBBC ကထုတ်ပေးတဲ့ ရိက္ခာလေးတွေထဲက ကိုယ့်မိသားစုအတွက် မလိုအပ်တဲ့ပစ္စည်းတချို့ကိုရောင်းပြီး စားချင်စရာလေးတွေ ဝယ်စား၊ အောက်ဆုံးရောက်နေတဲ့စိတ်ဓာတ်တွေကို အနုပညာလေးတွေနဲ့ဖြေသိမ့်တဲ့နေ့တွေ ဖြစ်ပါတယ်။

ပြည်တွင်းက ငွေကြေးပြည့်စုံပြီး တတိယနိုင်ငံကို ထွက်လိုတဲ့အတွက် ဒုက္ခသည်ဖြစ်နေတဲ့သူတွေကတော့ မပြောလိုပါဘူး။ ဒုက္ခသည်စခန်းကိုမ ရောက်ဖြစ်တဲ့ နှစ်နှစ်နီးပါးမှာ ဒုက္ခသည်တော်တော်များများ ပျောက်သွားတာကို တွေ့ရတယ်။ မြန်မာ့ပြည်တွင်း နိုင်ငံရေးပြောင်းလဲမှုနဲ့ တိုက်ရိုက်ဆက် စပ်နေသလို ထိုင်းအစိုးရရဲ့မူဝါဒတွေနဲ့လည်း ဆက်စပ်နေပြန်တယ်။ ဒုက္ခသည်စခန်းဆိုတာလည်း အုပ်ချုပ်မှုအဆင့်ဆင့်နဲ့ နေထိုင်ရတဲ့နေရာပါ။

စခန်းရဲ့အကြီးဆုံးအုပ်ချုပ်ရေးအရာရှိက ထိုင်းပြည်ထဲရေးက ပလပ်ဆိုတဲ့အရာရှိဖြစ်ပါတယ်။ စခန်းတစ်ခုလုံး ရပ်ကွက်အသီးသီးတွေကို တိုက် ရိုက်အုပ်ချုပ်နေတဲ့ စခန်းဥက္ကဋ္ဌတွေရှိသလို ရပ်ကွက်မှူးတွေ၊ လိုင်းမှူးတွေ၊ ရိက္ခာမှူးတွေ အသီးသီးရှိကြပါတယ်။ ရပ်ကွက်မှူး၊ လိုင်းမှူး၊ ရိက္ခာမှူးတွေ ဆိုတာ ဒုက္ခသည်တွေအတွက် အင်မတန်မှအရေးပါပါတယ်။

ဒုက္ခသည်တွေထဲမှာ အဆင်းရဲဆုံးသူတွေကတော့ တော်လှန်ရေး အဝန်းအဝိုင်းမှာ နှစ်တွေကြာ၊ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ် နေတဲ့သူ တွေပါ။ ဒုက္ခသည်တစ်ဦးအတွက် အခြေခံရိက္ခာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ သကြား၊ ငရုတ်သီးရပေမယ့် သားငါးနဲ့ တခြားမိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ စခန်းအပြင်ကိုထွက်ပြီး အလုပ်လုပ်ကြပါတယ်။ ဒီလိုစခန်းအပြင်ကိုထွက်ပြီး အလုပ်လုပ်တယ်ဆိုတာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့မဟုတ် ပါဘူး။

ဒုက္ခသည်အများစုက ထိုင်းလူမျိုး တောင်သူတွေဆီမှာ မတန်တဲ့လုပ်အားခတွေနဲ့ အလုပ်သွားလုပ်ကြတာပါ။ ရိက္ခာထုတ်တဲ့နေ့မှာပဲ မိုးဦးမှာ မပေးခဲ့တဲ့ အိမ်ခေါင်မိုးအတွက် အင်ဖက်ဖိုးထုတ်ပေးတဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ဒုက္ခသည်ဆိုတာ လက်ခုပ်ထဲကရေလိုပါပဲ။ ဒီနှစ်မှာ TBBC က အိမ်အတွက်လိုအပ်တဲ့ အင်ဖက်တွေ ထုတ်မပေးဘဲထားတဲ့နှစ် ဖြစ်နေပါတယ်။ အိမ်တော်တော်များများကလည်း ပျက်စီးနေတာကိုတွေ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကဆို  TBBC က အိမ်တိုင်အတွက် ယူကလစ်တိုင်လေးတွေ ထုတ်ပေးပေမယ့် သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းတွေက ခေါင်းပုံ ဖြတ်ထားလို့ မရခဲ့တာတွေလည်းရှိပါတယ်။ ဒီလိုနှစ်တွေမှာတော့ ထိုင်းအစိုးရပိုင်တဲ့ သစ်တောတွေပြုန်းတီးအောင် အခုတ်ခံရတဲ့ နှစ်တွေပါပဲ။ ထိုင်းသစ် တောအရာရှိတွေ သေနတ်တကားကားနဲ့စောင့်နေတဲ့ကြားက မြန်မာတွေလက်စွမ်းပြလိုက်တာ ဒုက္ခသည်စခန်းနားက သစ်တောထူထပ်တဲ့တောင်တွေက တောင်ကတုံးဘဝ ရောက်သွားရှာတယ်။

ဒီနှစ်ကတော့ TBBC က အိမ် အတွက်လိုအပ်တဲ့အင်ဖက်တွေထုတ် မပေးပါဘူး။ မိုးလယ်ရောက်တော့မှ အင်ဖက်အစား ငွေကို သက်ဆိုင်ရာ စခန်းအုပ်ချုပ်ရေးမှူးတွေက ထုတ်ပေးနေတာဖြစ်ပါတယ်။ မိသားစုလိုအပ်ချက်တွေ ကိုဖြည့်ဆည်းဖို့ အလုပ်သွားလုပ်နေတဲ့သူတွေ ရိက္ခာရဖို့အတွက် လမ်းကြောင်းလေးတွေ ရှိနေပါတယ်။ လူမရှိရင် ရိက္ခာမရဘူးဆိုတဲ့ မူနဲ့ကိုင်ထားတော့ ဒုက္ခသည်တွေအတွက် ရွေးချယ်စရာလမ်းက လာဘ်ပေးပြီး ရိက္ခာ ရရှိရေးကို လုပ်ကြပါတယ်။

TBBC ဝန်ထမ်းလေးတွေ ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ် ရေးနဲ့ ဆက်စပ်တဲ့သူတွေကို သင့်တော်သလို လာဘ်ထိုးပြီး ရိက္ခာတွေထုတ်ကြပါတယ်။ အဆက်အသွယ်ကောင်း မရှိရှာတဲ့သူတွေကတော့ ရိက္ခာမရကြပါဘူး။

အင်ဖက်ဖိုးအတွက် ငွေထုတ်ပေးတာက ငတ်ပြတ်နေတဲ့ဒုက္ခသည်တွေအတွက် မက်မောစရာပါ။ ကျွန်တော်လည်း အင်ဖက်ဖိုးငွေထုတ်တဲ့ နေရာ ကို သွားရောက်လေ့လာမိပြန်တယ်။ အမျိုးသမီးနဲ့ ကလေးအတွက် အင်ဖက်ဖိုးငွေလာထုတ်တဲ့ဒုက္ခသည် တစ်ဦးကို TBBC မှာအလုပ်လုပ်နေတဲ့ ဝန်ထမ်း နှစ်ဦးနဲ့ ရပ်ကွက်ကရွေးထားတဲ့ ရိက္ခာမှူးတွေက အစ်ကို့အမျိုးသမီးနဲ့ ကလေးကိုယ်တိုင်လာမှ ငွေထုတ်ပေးလို့ရမယ်တဲ့။ ဘာမှပြန်မပြောဘဲ ထွက်သွားတဲ့ ဒုက္ခသည်ကို စိတ်မကောင်းစွာတွေ့ခဲ့ရပါတယ်။ သူရဲ့နောက်မှာ မိသားစုရိက္ခာ စာအုပ် ၁၀ အုပ်ကျော်အတွက် ငွေလာထုတ်သူတစ်ဦးကို တွေ့ခဲ့ရပြန်ပါ တယ်။

သူကတော့ အစီအစဉ်တကျထပ်ထားတဲ့ ရိက္ခာစာအုပ်တွေကိုကျော်ပြီး ဘတ်ငွေတစ်ထပ်ကြီးထုတ်သွားတာကိုတွေ့ရတော့ ကျွန်တော့်စိတ်ထဲ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။ မိသားစုရိက္ခာလေးတောင် ထုတ်ယူခွင့်မရှိတဲ့ ဒုက္ခသည်နဲ့ မိသားစု ၁၀ ခုကျော်အတွက် ရိက္ခာထုတ်သွားတဲ့ဒုက္ခ သည်ကြားက ကွာခြားမှုတွေကိုလည်း စဉ်းစားနေမိခဲ့ပါတယ်။

ဒုက္ခသည်စခန်းအတွင်း အကျင့်ပျက်ခြစားမှုက တော်တော်စိတ်မကောင်းစရာပါ။ လူတစ်ဦးအတွက် လိုအပ်တဲ့ရိက္ခာဆိုတာ အတိအကျ၊ ပိုတာ တွေ မရှိပါဘူး။ ဒီကြားထဲက ခေါင်းပုံဖြတ်၊ လာဘ်စားနေကြတဲ့လူတွေကလည်း မြန်မာတိုင်းရင်းသားတွေဖြစ်နေကြပြန်တယ်။

လူမရှိဘဲ ရိက္ခာစာအုပ် ၂၀ လောက်ကို ထုတ်လို့ရတဲ့သူတွေရှိသလို ယောက်ျားက တောင်ယာမှာအလုပ်လုပ်သွားနေလို့ ကလေးတွေကျောင်း တက်နေလို့ရိက္ခာထုတ်မရတဲ့ ဒုက္ခသည်တွေကိုမြင်ရတော့ ကျွန်တော်တို့မြန်မာတွေ အကျင့်ပျက်ခြစားမှုကို ဘယ်လိုနည်းနာတွေ၊ ဘယ်လိုအုပ်ချုပ်ရေး၊ ဘယ်လိုပညာရေးတွေနဲ့ ပြုပြင်ရမလဲဆိုတာ မတွေးတတ်အောင်ရှိခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အကျင့်ပျက်ခြစားမှုက မြန်မာ့အစိုးရရဲ့ အုပ်ချုပ်ရေးအာဏာစက် သက်ရောက်မှုမရှိဘဲ ခြံစည်းရိုး အပြင် ဘက်က ခြစားမှုတွေဖြစ်ပါ တယ်။ ခြံစည်းရိုးအပြင်က အာပြဲလျှာပြဲ လူ့အခွင့်အရေး၊ အကျင့်ပျက်ခြစားမှုအကြောင်းကို အော်နေကြတဲ့သူတွေမှာလည်း အကျင့်ပျက်ခြစားမှုတွေ ဖြစ်နေပါလားလို့ တွေးမိတယ်။ နိုင်ငံကိုပြန်လည်ထူထောင်တဲ့အခါ ဒီလိုအကျင့်ဆိုးတွေနဲ့ လူသားတွေရဲ့စံနှုန်းတွေ အမိမြန်မာပြည် ထဲကို ကပ်ပါမလာပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment