Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၁၈.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင်

*****************************************

ဆောင်းပါးကဏ္ဍ

ယခုကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင်

မိုးမြင့်ငြိမ်း

ယနေ့(အောက်တိုဘာ ၁၈ ရက်နေ့)သည် နေပြည်တော်တွင် ပထမအကြိမ် ပဉ္ဓမလွှတ်တော်ပုံမှန်အစည်းအဝေးပွဲ ကျင်းပသည့်နေ့ဖြစ်သည်။ လွှတ်တော်၏လုပ်ဆောင်ချက်များသည် တစ်ကြိမ်ထက်တစ်ကြိမ် အသက်ဝင်လာသလို ပြည်သူများမှာလည်း လွှတ်တော်မှာ အခွံသက်သက်မဟုတ် မိမိတို့ သန်း ၆၀ သောပြည်သူများ၏အရေးကို ဝေဖန်ငြင်းခုံနေကြသည့် နေရာဖြစ်လာကြောင်း တဖြည်းဖြည်းသိရှိလာပြီလည်းဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်နိုင်ငံရေးတွင် ပါဝင်လာခြင်းကြောင့်လည်း ပြည်သူများရော၊ နိုင်ငံတကာကရော စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။

အထူးစိတ်ဝင်စားရသည့် အရေး

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်းပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာနှစ်ရပ်ကြား အာဏာခွဲဝေမှုဆိုင်ရာ အငြင်းပွားမှုဖြစ်ပေါ်ခဲ့ရသည်။ လွှတ်တော်အတွင်း ကြံ့ခိုင်ရေးအမတ်များသည် မိမိတို့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဖွဲ့စည်းခဲ့သည့် အစိုးရကို ဝေဖန်တိုက်ခိုက်မှုများ ပြင်းထန်ခဲ့သည့်အတွက် နိုင်ငံတကာကပင် အထူးစိတ်ဝင်စားရသည့်ကိစ္စ ဖြစ်ခဲ့ရသည်။ တပြိုင်နက်တည်းမှာပင် သမ္မတနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြား အာဏာပြိုင်ဆိုင်မှု ကြိမ်းသေပေါက်ရှိနေမည်ဟု သုံးသပ်၍ရသွားခဲ့သည့်အပြင် ပြုပြင်ပြောင်းလဲလိုသူများကြား စည်းလုံးညီညွတ်မှုမရှိခြင်းကိုလည်း ဖော်ပြရာရောက်နေသည်။ ယင်းအငြင်းပွားမှုအပေါ် ဥပဒေရှုထောင့်ကမကြည့်ဘဲ နိုင်ငံရေးရှုထောင့်မှကြည့်ကာ ညီညီညွတ်ညွတ် ဆောင်ရွက်ကြဖို့ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ သုံးသပ်ချက်ကိုလည်း စာရေးသူအမှန်ပင် ဘဝင်ကျမိသည်။

Unity and Diversity

ယင်းအငြင်းပွားမှုမှာ ဒီမိုကရေစီစနစ်အတွင်း ဖြစ်လေ့ဖြစ်ထရှိသော အသွင်ကွဲ၊အဆင်ကွဲဖြစ်မှု (diversity)ကိုဖော်ပြနေသည်ဟု ကောက်ချက် ချ၍ရနိုင်မည်လော။ စာရေးသူအမြင်၌ အသွင်ကွဲပြားမှုများကို စည်းလုံးညီညွတ်မှု(unity)နှင့် မထိန်းညှိလျှင်တော့ အပြန်အလှန် တိုက်ခိုက်နေခြင်းဖြင့်သာ အချိန်ကုန်နေမည် ဖြစ်သည်။ စည်းလုံးညီညွတ်မှု(Unity)ကိုသာ ဦးစားပေးလျှင်လည်း အမှားထောက်ပြဝေဖန်မှုများ ရှိလာတော့မည်မဟုတ်ဘဲ တစ်သွေး တစ်သံ၊ တစ်မိန့်စနစ်ဆီသို့ ဦးတည်သွားနိုင်ပေသည်။ အသွင်ကွဲပြားမှုအပေါ် စည်းလုံးညီညွတ်မှုဖြင့် ထိန်းညှိနိုင်မှသာလျှင် ဒီမိုကရေစီစနစ် ပိုမိုခိုင်မြဲမည် ဖြစ်သည်။ စာရေးသူဤကိစ္စကို အလေးထားပြောကြားနေရခြင်းမှာ ယခင်လွှတ်တော် အစည်းအဝေးတွင်ဖြစ်ပွားခဲ့သော အဆိုပါခုံရုံးကိစ္စတွင် လွှတ်တော်ဘက်မှ အနိုင်ရရှိသွားသည့်သဘော ဖြစ်သွားခြင်းကြောင့် အနိုင်၊အရှုံးရလဒ် တိတိကျကျထွက်သွားသည့် ကစားပွဲဟု ဆိုနိုင်သည်။ တနည်းဆိုရလျှင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအကြား နောက်တစ်ကြိမ် အာဏာလွန်ဆွဲပွဲမျိုး ပေါ်လာနိုင်သေးသည်ဟုဆို၍ ရနိုင်သည်။ သို့ဆိုလျှင် ဖြေရှင်းစရာ ပြဿနာများစွာ ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံတွင် အချင်းချင်းမညီညွတ်မှုကြောင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်အထမမြောက်ဘဲ တိုင်းပြည်နွံ့နစ်သွားနိုင်သည့် အန္တရာယ်ရှိခြင်းကြောင့် နိုင်ငံ့ခေါင်းဆောင်များ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ အနှုးအညွှတ်မေတ္တာရပ်ခံလိုပါသည်။

အလေးထားဆောင်ရွက်ရမည့် စီးပွားရေး

ယခုအကြိမ်လွှတ်တော်တွင် အလေးထားဆွေးနွေးရမည့်ကိစ္စမှာ ပြည်သူတစ်ရပ်လုံးနေ့စဉ်နှင့်အမျှ ထိတွေ့နေသည့် နိုင်ငံ၏စီးပွားရေးပင် ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ လိုအပ်ချက်များရှိခြင်းကြောင့် အပြီးသတ် မဆောင်ရွက်နိုင်သေးသလို၊ နိုင်ငံသားရင်းနှီးမြုပ်နှံမှုဥပဒေ၊ ဗဟို ဘဏ်ဥပဒေများအပါအဝင် အခွန်ဥပဒေများလည်းအတည်ပြုပြဋ္ဌာန်းဖို့ ကျန်ရှိနေသေးသည်။ ထိုအရေးကိစ္စများတွင်လည်း အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့ ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်သည်။ အုပ်ချုပ်ရေးမှ အကောင်အထည်ဖော်မည့် စီးပွားရေးမူဝါဒများကို လွှတ်တော်မှဥပဒေ၊ နည်းဥပဒေများဖြင့် အတည်ပြုပြဋ္ဌာန်းရန် ရှိနေခြင်းကြောင့်ဖြစ်သည်။

လက်တွေ့အလုပ်ဖြစ်သည့် ရေးရာကော်မတီများ

လွှတ်တော်မှာ တစ်ကြိမ်ထက်တစ်ကြိမ် အသက်ဝင်လာသည်ဟု ဆို၍ရနိုင်သော်လည်း အချို့သောကိစ္စရပ်များကို ဆောင်ရွက်သင့်ပါလျက်၊ ဆောင်ရွက်နိုင်ပါလျက် မဆောင်ရွက်သေးသည်ကို တွေ့နေရပါသည်။ အထူးသဖြင့် လွှတ်တော်ရေးရာကော်မတီများအသက်ဝင်ရေး ကိစ္စရပ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံ၏ လွှတ်တော်စနစ်မှာ ပါလီမန်စနစ်လို အုပ်စုဖွဲ့ဝိုင်းအာကြသည့် လုပ်ပုံကိုင်ပုံမျိုးမဟုတ်ဘဲ၊ ရေးရာကော်မတီများဖြင့် စုံစမ်းအဖြေရှာသည့် အမေရိကန်ကွန်ဂရက်လို ဖြစ်သည်။ သို့သော် ယခုရေးရာကော်မတီများ ဖွဲ့စည်းထားသော်လည်း လက်တွေ့အလုပ်ဖြစ်အောင် ဆောင်ရွက်ကြသည်ကို မတွေ့ရ။ သို့ဆိုလျှင် မြန်မာနိုင်ငံလွှတ်တော်စနစ်၏ အသက်ဖြစ်သော ရေးရာကော်မတီများကို အဖြစ်သဘောဖွဲ့စည်းထားခြင်းကြောင့် လွှတ်တော်၏ စွမ်းဆောင်ရည် အားနည်းနေသေးသည်ဟု သုံးသပ်၍ရနိုင်သည်။ ကိုယ်ပိုင်ဘတ်ဂျက်ပင်မရှိသေးသော လွှတ်တော်၏ တစ်ရက်အသုံးစရိတ်မှာ အတော်များသည့်အပြင် ထိရောက်မှုအားနည်းနေလျှင် နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမည်မဟုတ်။ ထိုအတွက်ကြောင့် ရေးရာကော်မတီများတွင် ညှိနှိုင်းအဖြေရှာလိုက်လျှင် ရနိုင်သည့်ကိစ္စရပ်မျိုးကို လွှတ်တော်အစည်းအဝေးပွဲတွင် အချိန်ကြာမြင့်စွာ ပြောဆိုနေမှုများကြောင့် အရေးတကြီးဆွေးနွေး ဆောင်ရွက်သင့်သည့်ကိစ္စများကို မဆောင်ရွက်နိုင်ဘဲရှိနေလေရာ ထိုသို့ဖြစ်နေရခြင်းကို  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ အလေးထားပြုပြင်စေလိုကြောင်း စာရေးသူ မေတ္တာရပ်ခံအပ်ပါသည်။

                                               ***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment