Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၁.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီ
  2. အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း
  3. ရေနံကုမ္ပဏီကြီးများ၏ အင်အားသုံးမတရားမှုများအား တရားစွဲဆိုမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်တော့မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီ

မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းသစ်များအတွက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် စီးပွားရေးကျွမ်းကျင်ပညာရှင်များ ထည့်သွင်း၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကော်မရှင်မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မကြာခင်မှာ ရင်းနှီးမြှုပ်နှံမှုဥပဒေ ထွက်လာတော့မှာပါ။ ဥပဒေထွက်လာပြီဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်း တရှိန်ထိုးဝင်လာတော့မှာပါ။ ဒါကြောင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်ပြီးဖွဲ့စည်းလိုက်တာပါ။ ဒီအဖွဲ့မှာ စီးပွားရေးပညာရှင် ငါးဦးထပ်တိုးလိုက်တာပါ။ လာမယ့် ၂၀၁၄ မှာလည်း AFTA လာတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း ပြင်ဆင်ထားဖို့ လိုပါတယ်”ပာု ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း(သမ္မတရုံး)က တာဝန်ယူ၍ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးတင်သိန်း(သမ္မတရုံး)နှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးသောင်းလွင်(မီးရထားဝန်ကြီးဌာန)တို့ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း(သမ္မတရုံး)၊ ဦးလှထွန်း(သမ္မတရုံး)နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်တို့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြန်ဖွဲ့စည်းပြီးရင်တော့ ပြည်တွင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာ ကိစ္စတွေကို ပိုပြီးလုပ်ကိုင် ဆောင်ရွက်လာ နိုင်မှာပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုအတည်ပြုပြီးဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်လာတော့မှာ ဖြစ်တဲ့အတွက် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ပြင်ဆင်ထားသင့်ပါပြီ”ပာု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုးဝင်ရောက်လာနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာများအဖြစ် လက်ရှိထုတ်ဝေလျက်ရှိသော မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် The News Light of Myanmar သတင်းစာများကို အများပြည်သူ ဝန်ဆောင်မှုသတင်းစာ(Public Service Media-PSM)အဖြစ် ပြောင်းလဲရန်အတွက်  သတင်းစာအုပ်ချုပ်ရေးအဖွဲ့ (Governing Body)အဖွဲ့ကို ဖွဲ့စည်းကြောင်း အမိန့်ကြေငြာချက်အမှတ်(၇၂/၂၀၁၂)ကို ထုတ်ပြန် ကြေညာခဲ့သည်။

အများပြည်သူဝန်ဆောင်မှု သတင်းစာအုပ်ချုပ်ရေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ဦးရဲတင့်(ကြေးမုံသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း))က တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ဦးကျော်စိုး (ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း)မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် ဦးရဲမြင့်ဖေ(ကြေးမုံသတင်းစာ၊ စာတည်းမှူးချုပ်(ငြိမ်း))၊ ဦးရဲနိုင်မိုး (စာနယ်ဇင်းပညာရပ်ကျွမ်းကျင်သူ)နှင့် ဦးကျော်ဇောနိုင်(ဥပဒေပညာရှင်)တို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယခုဖွဲ့စည်းလိုက်သည့် အများပြည်သူ ဝန်ဆောင်မှု သတင်းစာအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့အလင်း၊ ကြေးမုံနှင့် The New Light of Myanmar သတင်းစာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်သို့ ပြောင်းလဲနိုင်ရေးအတွက် လိုအပ်သောမူဝါဒများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများအတွက် လိုအပ်သောကျင့်ဝတ်နှင့် စည်းမျဉ်းများ ရေးဆွဲပြဋ္ဌာန်းခြင်း၊ သတင်းစာများအနေဖြင့် အများပြည်သူ ဝန်ဆောင်မှု မီဒီယာများ၏ အခြေခံမူများကို ဖော်ဆောင်နိုင်ရန်အတွက် ကြီးကြပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

------------------------------------------------------------------------------------------------------------------------

ရေနံကုမ္ပဏီကြီးများ၏ အင်အားသုံးမတရားမှုများအား တရားစွဲဆိုမည်

ရေနံဝယ်ယူရေးကုမ္ပဏီများမှ အင်အားသုံး မတရားလုပ်ဆောင်နေမှုများအပေါ် ကလေးဒေသ၊ အင်းတင်ရွာအနီး မှော်လုပ်သားအဖွဲ့များ၊ ရေနံ ကျင်းပိုင်များနှင့် ကလေးမြို့ ရှစ်လေးလုံးအင်အားစု၊ အထက်ချင်းတွင်း လူုငယ်အင်အားစုတို့မှ ဖော်ထုတ်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"ရေနံကုမ္ပဏီတွေက မတရားမှုတွေအတွက် ဖော်ထုတ်ပြီး ကျွန်တော်တို့ တရားစွဲဆိုသွားမှာပါ။ သူတို့တွေက ရေနံတွေကို ပေါက်ဈေးထက် ဈေးနှိမ် ပြီးဝယ်ကြပါတယ်။ ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ရေနံမရောင်းရင် ဖမ်းဆီးထောင်ချမယ်ဆိုတာမျိုးတွေပါ ခြိမ်းခြောက် ပြောဆို နေပါတယ်။ ကိုယ်ထိလက်ရောက် ကျုးလွန်တာမျိုးတွေတောင် ရှိပါတယ်။ ဒါတွေကို ဖော်ထုတ်သွားမှာပါ"ပာု ရှစ်လေးလုံးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကုမ္ပဏီမှ ရေနံများဝယ်ယူရာတွင် ၎င်းတို့ပေးသည့်ဈေးဖြင့်သာ ရောင်းချရမည်ပာု အနိုင်ထက်ပြုကျင့်မှုများ ပြုလုပ်သည့်အပြင် ရောင်းချခြင်း မရှိသည့်သူများကိုလည်း ဖမ်းဆီး၍ ရိုက်နှက်ခြင်းများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့်ပေါင်း၍ ထောင်ချခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

“အလုပ်သမားတွေကို ရေနံရောင်းခိုင်းလို့ အဆင်မပြေရင် အာဏာပိုင်တွေနဲ့ပေါင်းပြီး ဖမ်းဆီးတာတွေ၊ ရိုက်နှက်တာတွေ လုပ်ပါတယ်။ တကယ်ကို ဥပဒေမဲ့လုပ်ရပ်တွေပါပဲ။ ဒီရေနံတူးဖော်ရေးလုပ်ငန်းတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင်ကို အထိုက်လျောက်ထိခိုက်မှု ရှိပါတယ်။ ဒါကိုလည်း သက်ဆိုင်ရာက မသိချင်ယောင်ဆောင်နေပါတယ်”ပာု ယင်းဒေသမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ရေနံလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသည့် ပြည်ပကုမ္ပဏီများအနေဖြင့် ရေနံရှာဖွေရေးလုပ်ကိုင်မှုများအတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားထိခိုက်မှုများ ဖြစ်လာပါက သဘောတူစာချုပ်ရပ်စဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာခဲ့ပြီး ကုန်းတွင်းရေနံလုပ်ကွက်များလုပ်ကိုင်၍ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ပြည်ပ ကန်ထရိုက်တာများအနေဖြင့် ရေကြောင်းသွားလာရေးနှင့် ငါးဖမ်းလုပ်ငန်းများကို ထိခိုက်ခြင်းမရှိစေရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို ဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာရန် စသည့်အချက်ငါးချက်ဖြင့် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်တော့မည်

ပြည်ပနိုင်ငံများသို့ထွက်ခွာရာတွင် လုပ်ဆောင်ရသည့် နိုင်ငံကူးလက်မှတ် ပတ်စ်စပို့စ် ရရှိနိုင်ရန် ပြည်တွင်း အခွန်များဦးစီးဌာနမှ ထုတ်ပေးရသည့် ပုံစံ ၁၇၊ ၁၉ ကိုပယ်ဖျက်တော့မည်ဖြစ်ကြေင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်ပကိုသွားမယ့်သူတွေအတွက် ပတ်စ်ပို့စ်ရဖို့ဆို ပုံစံ ၁၇၊ ၁၉ အခွန်ကင်းရှင်းကြောင်းလက်မှတ်ကို ပြရပါတယ်။ ခုဒီအဆင့်တွေကို လျှော့ချတဲ့ အနေနဲ ပုံစံ ၁၇၊ ၁၉ ပယ်ဖျက်နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ အဓိကတော့ ပြည်သူတွေအတွက် ပြည်ပကိုထွက်ခွာရာမှာ အဓိက အခက်အခဲ တစ်ခုကို ဖြေလျော့ပေးလိုက်တာပါ”ပာု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုသို့ ပြည်ပခရီးထွက်ခွာရာတွင် အဓိက အခက်အခဲတစ်ခုဖြစ်သည့် ပုံစံ ၁၇၊ ၁၉ ကိုဖြေလျော့နိုင်ရန် စီစဉ်ဆောင်ရွက်နေသော်လည်း ပြည်တွင်း၌ အခွန်ကြွေးကျန်သူများ၊ ကုမ္ပဏီလုပ်ငန်းရှင်ကြီးများနှင့် ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပိုင်ရှင်များ၊ ဝန်ထမ်းများကို ဆက်လက်စိစစ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ပကိုထွက်တော့မယ်ဆိုရင် ပုံစံ ၁၇၊ ၁၉ တင်ပြရတာပာာ အဓိကအခက်အခဲကို ဖြစ်နေပါတယ်။ ဒီလို အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပြခိုင်းလို့ နိုင်ငံတော်ဝင်ငွေ တိုးလာတာ မရှိပါဘူး။ ပြီးတော့ ဥပဒေမှာလည်း အခွန်ကင်းလွတ်ခွင့် ပေးနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီအခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် လုပ်ဖို့အတွက် တစ်ချို့တွေဆိုရင် နိုင်ငံခြားခရီးစဉ်တွေ ဖျက်လိုက်ရတာတောင် ရှိပါတယ်”ပာု ဥပဒေပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများနှင့်အခွန်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်ရန်နှင့် အခွန်ဆိုင်ရာ အခက်အခဲအချို့ ပြေလည်နိုင်စေရန် မကြာမီကာလအတွင်း ရန်ကုန်မြို့၌ အများပြည်သူ ဆက်ဆံရေးရုံးကို ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယင်းရုံးတွင် ငွေရေးကြေးရေးနှင့် ဘဏ်ဆိုင်ရာ သတင်းအချက်အလက်များကိုပါ မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

YC          

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

အဓိက Sattilite ဂြိုလ်တုတွေနဲ့ စောင့်ကြည်ရမယ့်နေရာကတော့ ရခိုင်ပြည်နယ် မြောက်ဘက်အခြမ်းပဲ ဖြစ်တယ်။ ဘင်္ဂါလားဒေ့ရှ်က ဘင်္ဂါလီတွေ ခိုးဝင် လာတာ အများအပြား ရှိတာကို သတိထားရမယ်။ အဲဒီဟာတွေကို အဓိကထားပြီး စောင့်ကြည့်ရမယ်။ တွေ့ရင်ထိထိရောက်ရောက် အသိပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုးခိုးဝင်လာတာ တွေကိုလည်း ကမ္ဘာသိ အောင် ကြေညာရမယ်။

အောက်တိုဘာ၂၁ရက်ထုတ် Flower Newsဂျာနယ် အတွဲ(၈) အမှတ်(၄၁)တွင် ပါရှိသည့် “လူမျိုးခြားများ ခိုးဝင်လာခြင်းကို ကာကွယ်ရန် နယ်စပ် ဒေသများတွင် Satelliteဂြိုလ်တုများ သုံးပြီးစောင့်ကြည့်မည်” သတင်းမှ ပြည်တွင်း ဘူမိဗေဒ ပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

------------------------------------------------------------------------------------------------------------------------

သူတို့ဝန်ကြီးတွေ အပြောင်းအလဲဆိုတာ လူပြောင်းတာပဲရှိတာ။ မူပြောင်းတာမှ မဟုတ်တာ။ အရေးကြီးတာက အစိုးရအဖွဲ့တစ်ဖွဲ့မှာ  တကယ်အပြောင်း အလဲ ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာ မူကိုပြောင်းလဲနိုင်လား မပြောင်းလဲနိုင် ဘူးလားကိုဆိုတာ၊ အခုဟာက မူမပြောင်းဘဲ လူပြောင်းနေတာကတော့ ဘာမှ ထူးခြားနေမှာ မဟုတ်ဘူး။

အောက်တိုဘာ၂၁ရက်ထုတ် News Dayဂျာနယ် အတွဲ(၁) အမှတ်(၃၃)တွင် ပါရှိသည့် “ဝန်ကြီးအပြောင်းအလဲ ဖြစ်သည်မှာ ၂လနီးပါးရှိပြီ ဖြစ်သော် လည်း ထူးခြားသော ပြောင်းလဲမှုတစ်စုံတစ်ရာ မတွေ့ရသေးကြောင်း လေ့လာသူများဆို” သတင်းမှ စာရေးဆရာကြီး ဦးထက်မြက်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------------------------------

ဖက်ဒရယ် ကိစ္စအကောင်အထည်ပေါ်လာမယ်ဆိုရင် ချက်ချင်း ငြိမ်းချမ်းရေးရပြီးတော့ အဆင်ပြေသွားမှာ။ တိုင်းရင်းသား လူမျိုးတွေ အားလုံး ပြည်ထောင်စု တစ်ခုလုံးတောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးအနေနဲ့ တစ်တိုင်းပြည်လုံး အေးအေးဆေးဆေးဖြစ်သွားမယ်။ အဆင်ပြေသွားမယ်။ ဘယ်သူမှ လက်နက်ကိုင်ချင်မှာ မဟုတ်တော့ဘူး။

အောက်တိုဘာ၂၁ရက်ထုတ်  Messengerဂျာနယ် အတွဲ(၃) အမှတ်(၂၂)တွင် ပါရှိသည့် “အနာဂတ်တွင် တိုင်းရင်းသားများ တန်းတူအခွင့်အရေး ရရှိရေး အကောင်အထည်ဖော် အာမခံပေးရန် လိုအပ်” သတင်းမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment