Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၂.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တူသောအကျိုး

*****************************************

ဆောင်းပါးကဏ္ဍ

တူသောအကျိုး

မိုးမြင့်ငြိမ်း

ဒီမိုကရက်ဘောင်ထဲမှ

မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြသည့် ခေါင်းဆောင်တိုင်းတွင် နိုင်ငံကို မည်သည့်လမ်းကြောင်းဖြင့် ဦးဆောင်သွား ပုံဖော် သွားမည်ဟူသော အတွေးစိတ်ကူး ရှိခဲ့ကြသည်ချည်း ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း တဖြည်းဖြည်း ရုန်းကန်ရင်း ကမ္ဘာ့အလယ်တွင် ဝင့်ကြွားနိုင် သည့်အဆင့်သို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ဆောင်ရွက်သွားနိုင်ခဲ့သည့် ခေါင်းဆောင်တိုင်းသည် အစပထမ၌ မိမိတို့နိုင်ငံ ဘယ်လိုဖြစ်လာရမည်ဟု နှုတ်က လူထုထံသို့ တရားဝင် ပြောဆိုမှုမျိုး မရှိသော်လည်း စိတ်ထဲတွင် ရှေရှည်ကိန်းအောင်နေသည့်အတွက် လက်တွေ့ အကောင်အထည် ပေါ်လာကြ သည်ပင် မဟုတ်ပါလော။ ထိုသို့ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာတွင်လည်း ဒီမိုကရက်တစ်ဘောင်ထဲမှ ဆောင်ရွက်ရခြင်းမှာ သာ၍ခက်သော်လည်း ရေရှည်တွင် အကျိုးဖြစ်ထွန်းနိုင်သည့် အရာဖြစ်သည့်အတွက် အလုပ်ဖြစ်အောင်သာ လုပ်ကြရမည် ဖြစ်သည်။

မော်ဒယ်နှစ်မျိုး

နိုင်ငံဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ပညာရှင်များသုံးသပ်ကြသည့် မော်ဒယ်နှစ်မျိုးရှိသည်။ တစ်မျိုးမှာ နိုင်ငံရေးသိပ္ပံပညာရှင် ဟန်တင်တန်နှင့် သူ၏တပည့် ဇာခါရီတို့၏ စီးပွားရေးဖွံ့ဖြိုးအောင် အရင်ဆောင်ရွက်ပြီးတော့မှ ဒီမိုကရေစီအရေး ကို အကောင်အထည်ဖော်ဟူသော မော်ဒယ်မျိုးဖြစ်သည်။ စီးပွားရေးတစ်စုံတစ်ရာ ဖွံ့ဖြိုးတိုးတက်နေမှ တနည်း ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် စီးပွားရေး ရေခံမြေခံရှိလျှင် ဒီမိုကရေစီအရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ကောက်ချက်ချသည်။ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာမှုဆီသို့ အောင်အောင်မြင်မြင် အသွင်ကူးပြောင်းနိုင်ခဲ့သည့် နိုင်ငံများကို ကြည့် လျှင်လည်း တစ်စုံတစ်ရာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ကြသည့် နိုင်ငံများချည်း ဖြစ်နေသည်ကို တွေ့မြင်ရပေမည်။ ယင်းမှာလည်း နိုင်ငံအနည်းစုသာလျှင် ဖြစ်သည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်ပတ်ချောင်ဟီး၊ လီကွမ်ယု၊ တိန်ရှောင်ဖိန် အစရှိ သူတို့မှာ အာဏာပိုင်စနစ် ကျင့်သုံးမှုအောက်တွင် နိုင်ငံကို ဖွံ့ဖြိုးတိုး တက်မှုလမ်းကြောင်းပေါ်သို့ ဆွဲတင်ပေးနိုင်ခဲ့သည့် ကမ္ဘာသိခေါင်းဆောင်များပင် ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် တိန်ရှောင်ဖိန်လို၊ လီကွမ်ယုလို ခေါင်း ဆောင်ထက် မားကို့စ်လို၊ ဗိုလ်ချုပ်နေဝင်းလို ခေါင်းဆောင်များက အများစုဖြစ်နေသည် မဟုတ်ပါလော။ ထိုအတွက်ကြောင့်လည်း ယင်း အသွင်ကူးပြောင်း ရေးမော်ဒယ်မှာ လက်တွေ့အလုပ်မဖြစ်ဘူးဟု ပညာအသိုင်းအဝိုင်းက ဆိုလာကြသည်။ သို့နှင့် နိုင်ငံရေးဘောဂဗေဒပညာရှင် ဖရန်စစ်ဖူးကူးယားမား ဦးဆောင်၍ အသွင်ကူးပြောင်းရေးမော်ဒယ်တစ်မျိုး ဖော်ထုတ်ပြလာသည်။ ယင်းမှာ ဒီမိုကရေစီအရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးအပြောင်းအလဲ များကို ဆောင်ရွက်ရာ၌ တစ်ခုနှင့်တစ်ခု အလှမ်းမကွာစေဘဲ တစ်ဖြည်းဖြည်းခြင်း အသွင်ကူးပြောင်းသည့် နည်းလမ်းဖြစ်သည်။ ယင်းနည်းလမ်းဖြင့် အသွင်ကူးပြောင်းလျှင် တည်တည်ငြိမ်ငြိမ်ရှိနိုင်သည့်အတွက် ရွေးချယ်ဆောင်ရွက်သင့်သည့် မော်ဒယ်မျိုးလည်း ဖြစ်သည်။ သို့သော် နိုင်ငံရေးနှင့် စီးပွား ရေး အပြောင်းအလဲများကို ဟန်ချက်ညီညီ ဆောင်ရွက်ဖို့တော့ လိုသည်။

စိန်ခေါ်များစွာဖြင့် တက်လာသည့် ခေါင်းဆောင် မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုကို ယင်းမော်ဒယ်မျိုး နှစ်မျိုးပေါ်တင်ပြီး ဆန်းစစ်ကြည့်လျှင် ဒုတိယတစ်မျိုးနှင့် ပိုမိုနည်းစပ်သည်ကို တွေ့မြင်ရသည်။ ထိုသို့ ကောက်ချက်ချရခြင်းမှာ လက်ရှိ သမ္မတဦးသိန်းစိန်မှာ အာဏာပိုင်စနစ်ကို ကျင့်သုံးအ ကောင်အထည်ဖော်မှုမျိုး ယခုအချိန်ထိတိုင် တွေ့မြင်ရခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်။ သို့သော် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ်တွင် တော့ ယခုထက် ပိုမိုတွန်းတင်နိုင်မှ ဟန်ချက်ညီသည့် အသွင်ကူးပြောင်းမှုတစ်ခုကို ဖန်တီးယူနိုင်မည် ဖြစ်သည်။ ထို့အပြင် သမ္မတသည် နိုင်ငံကို မည်သို့ သောပုံစံဖြင့် ဦးဆောင်ပဲ့ကိုင်သွားမည်ဆိုခြင်းမှာလည်း အမှန်ပင် စိတ်ဝင်စားဖွယ်ကောင်းပါသည်။ စာရေးသူအမြင်တွင် သမ္မတဦးသိန်းစိန်သည် စိန်ခေါ်မှု များစွာဖြင့် တက်လာရသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမျိုးသားသွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကိုင်တွယ်နေရသည့် သမ္မတတစ်ဦးအနေဖြင့် ကြီးမားသည့် အခက်အခဲများကို ရင်ဆိုကျော်လွှားနေရသည်။ ပြုပြင်ပြောင်းလဲမှုတိုင်းတွင် အခွင့်အရေးဆုံးရှုံးမှုမျိုး ဖြစ်သွား နိုင်ချေရှိသူများကတော့ အပြောင်းအလဲကို ခုခံကြမည်ပင်ဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ၎င်းကိုယ်တိုင်ပင် အန္တ ရာယ်ရှိနိုင်သည့်ကြားက အခုအခံများကို ကျော်လွှားအကောင်အထည်ဖော်နိုင်ခဲ့သည့်အတွက် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်လျှင် ပြတ်ပြတ်သားသား ဆက်လက်ဆောင်ရွက်သွားမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ပါသည်။

တူသောအကျိုး

သို့သော် သမ္မတအနေဖြင့် သူ၏ ကျန်ရှိနေသည့်သက်တမ်းအတွင်း ယခု တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့အရေးများကို ပြီးဆုံးသည်ထိတိုင် အ ကောင်အထည်ဖော်နိုင်မည်လောဟူ၍ မေးစရာရှိလာပါသည်။ နောက်ထပ် ဆက်လက်အရွေးခံမည်ဟုလည်း တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေး ပါ။ သို့သော် ပြီးခဲ့သည့် USDP ၏ အထွေထွေညီလာခံတွင်တော့ သမ္မတဦးသိန်းစိန်အား ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ထားလေသည်။ ဖွဲ့စည်းပုံ အရ သမ္မတဖြစ်လျှင် ပါတီလုပ်ငန်း စဉ်များကို ဆောင်ရွက်ခွင့်မရှိသည့်အတွက် ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးချယ်ရန် မသင့်တော့ကြောင်းကို နိုင်ငံရေး အသိုင်းအဝိုင်းနှင့် မီဒီယာမျက်နှာစာတို့တွင် ဆွေးနွေးငြင်းခုံနေရဆဲကိစ္စလည်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သမ္မတဦးသိန်းစိန်သည် ယခုကျန်ရှိနေသေး သည့် သက်တမ်းအတွင်း နိုင်ငံရေးတွင်ပါဝင်နေသည့် stake holders အားလုံးနှင့် လက်တွဲ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ၎င်း၏မူဝါဒများကို စေတနာရှေ့ ထား အကောင်အထည်ဖော်နိုင်ခဲ့လျှင် ပြည်သူအများ ၏ တူသောအကျိုးပေးမှုကို မြေကြီးလက်ခတ်မလွဲ ရရှိမည်ဖြစ်ပါကြောင်း။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment