Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်တွင်း တည်ငြိမ်မှုရှိရန် ဗြိတိန်အစိုးရတိုက်တွန်း

(UPI သတင်းဌာနမှ 29 Oct 2012 ရက်စွဲပါ Britain calls for calm in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မတည်ငွေခက်ခဲနေသောထားဝယ်စီမံကိန်းကို အီတာလျံ၊ ထိုင်း အလျှော့အတင်းလုပ်

(Bangkok Post မှ 30 Oct 2012 ရက်စွဲပါ "Italian. Thai alters plan for Dawai" သတင်းကိုဘာသာပြန်ဆိုသည်)

  1. နယ်စပ်ဖွင့်ထားရန် ဒက္ကားကို  UNHCR တိုက်တွန်း

(IRIN News မှ 29 October 2012 ရက်စွဲပါ “Bangladesh: UNHCR calls on Dhaka to open border” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး အုပ်စုများ သွားရောက်ခွင့်ရလို

(UPI သတင်းမှ  30 October 2012 ရက်စွဲပါ “Rights gropus want access to Rakhine state” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

ရခိုင်ပြည်နယ်တွင်း တည်ငြိမ်မှုရှိရန် ဗြိတိန်အစိုးရတိုက်တွန်း

(UPI သတင်းဌာနမှ 29 Oct 2012 ရက်စွဲပါ Britain calls for calm in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်းပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအားလုံးအနေဖြင့် လိုအပ်ချက်ရှိသောနေရာဒေသများသို့ လူသားခြင်း စာနာထောက်ထားသော အကူအညီများမဖြစ်မနေ ရောက်ရှိစေရေးအတွက် အသေအချာ လုပ်ကိုင်ပေးကြရန်လိုအပ်ကြောင်း ဗြိတိန်အစိုးရက တိုက်တွန်း ပြောဆိုသည်။

မြန်မာနိုင်ငံပိုင် The New Light of Myanmar သတင်းစာအဆိုအရ မြန်မာရဲတပ်ဖွဲ့နှင့် စစ်ဘက်တပ်ဖွဲ့ဝင်များ၏ ထိန်းသိမ်းမှုကြောင့် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကို ကောင်းစွာထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ “ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများတွင် လုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ထားပြီဖြစ်သည်” ဟု ယင်းနိုင်ငံပိုင်သတင်းစာက ရေးသားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့၊ ဆူပူအကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လူပေါင်း ၁၀၀၀ ကျော်ခန့်အား ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း၊ ၎င်းတို့အား လူစုဖွဲ့အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အဆိုအရ ဆူပူ အကြမ်းဖက်မှုများသည် မွတ်စလင်လူဦးရေများပြားသည့် ကျောက်ဖြူမြို့သို့ပင် ကူးစက်ဖြစ်ပွားခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင်း ဆူပူအုံကြွမှုများကို ရှုတ်ချကြောင်းပြောဆိုသည်။ အဆိုပါဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ်တွင်း လူထောင်ပေါင်းများစွာ ထွက်ပြေးပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။ “ရခိုင်ပြည်နယ်တွင်း သက်ဆိုင်သူများအားလုံးအနေဖြင့် ဆူပူအုံကြွမှုများရပ်ဆိုင်းအောင် လုပ်ဆောင်ပြီး မြန်မာအဏာပိုင်များကလည်း ဒေသတွင်းလုံခြုံရေးအတွက် လုပ်ဆောင်စရာရှိသမျှအားလုံးကို လုပ်ဆောင်သွားကြရန် မိမိတို့အစိုးရက တိုက်တွန်းလိုက်သည်”ဟု William Hague ကကြေညာချက်ထုတ်ပြန်သည်။ “အကူအညီလိုအပ်သော နေရာဒေသများသို့ လူသားချင်းစာနာထောက် ထားသော အထောက်အပံ့များ နှောင့်နှေးမှုမရှိဘဲရောက်ရှိအောင် ပို့ဆောင်ပေးကြရန်လည်း တိုက်တွန်းအပ်သည်”ဟုဆိုသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်တွင်း ဆူပူအုံကြွမှုများကြောင့် လူပေါင်း (၇၈)ဦးခန့် သေဆုံးခဲ့ရပြီးဖြစ်သည်။

--------------------------------------------------------------------------------------------------

မတည်ငွေခက်ခဲနေသောထားဝယ်စီမံကိန်းကို အီတာလျံ၊ ထိုင်း အလျှော့အတင်းလုပ်

(Bangkok Post မှ 30 Oct 2012 ရက်စွဲပါ "Italian. Thai alters plan for Dawai" သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်တာ အီတာလျံထိုင်းကုမ္ပဏီက မြန်မာနိုင်ငံမှ အကြီးစားထားဝယ်စီမံကိန်း၏ တစိတ်တစ်ပိုင်းကို အပေါ့စား စက်မှုလုပ်ငန်းများအတွက် ပြောင်းလဲအကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်ပြီး ၂၀၁၄ တွင်လုပ်ငန်းလည်ပတ်ရန် စီစဉ်နေပါသည်။

စီမံကိန်းစုစုပေါင်းဧရိယာ ၁၅၀,၀၀၀ ဧကအနက် ၆၃၃ ဧကခန့်ကို အထည်ချုပ်၊ စားသောက်ကုန်၊ ပရိဘောဂ၊ စသော အပေါ့စားလုပ်ငန်းများ အတွက်  စီစဉ်ပေးမည်ဟု ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ ဦးဆောင်ဒါရိုက်တာ ဆုမ်ချတ်ကပြောကြားသည်။

“တည်ဆောက်ရေးလုပ်ငန်းတွေကို လာမယ့်နှစ်ဆန်းမှာစတင်မှာဖြစ်ပြီး၊ ၂၀၁၄ မှာ စတင်လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပါလိမ့်မယ်”ဟု ဆုမ်ချတ်က Bangkok Post သို့ပြောကြားသည်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများ လက်ရှောင်နေကြခြင်းကြောင့် ထားဝယ်အထူးစီးပွားရေးဇုံ ရင်းနှီးမြှုပ်နှံရေးကိစ္စများ မရေမရာဖြစ်နေချိန်တွင် ယခုကဲ့သို့ အလျှော့အတင်းပြောင်းလဲမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထားဝယ်စီမံကိန်းပထမအဆင့်အတွက် ရေနက်ဆိပ်ကမ်းနှင့် ကားလမ်းဖောက်ခြင်းအပါအဝင် အခြေခံအဆောက်အဦး တစ်မျိုးတည်းအတွက်ပင် ဒေါ်လာ ၈.၅ ဘီလျံခန့် ကုန်ကျမည် ဖြစ်သည်။

ထိုင်းနိုင်ငံ GMS စီးပွားရေးဖိုရမ်ဥက္ကဋ္ဌ တာနစ်ဆိုရတ်က "ထားဝယ်စီမံကိန်းဖွံ့ဖြိုးလာရန် အချိန်ကြာမည်ကိုစိုးရိမ်နေသော ဂျပန်ရင်းနှီးမြှုပ်နှံ သူများနှင့် မကြာသေးမီက တွေ့ဆုံခဲ့သည်"ဟု ပြောကြားသည်။

ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဋ္ဌ တာဝန်ကိုပါယူထားသူ တာနစ်ဆိုရမ်က "အဲဒီကို ရင်းနှီးမြှုပ်နှံသူတွေ ရောက်လာစေချင်တယ် ဆိုရင် အခြေခံအဆောက်အဦးစနစ်က အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။ ဒါပေမယ့် အခုထိ ဘာမှရေရေရာရာ မရှိပါဘူး"ဟု မှတ်ချက်ပေးသည်။

"ဂျပန်နဲ့ ဥရောပရင်းနှီးမြှုပ်နှံသူတွေဟာ ရန်ကုန်နဲ့ ၂၆ ကီလိုမီတာပဲဝေးတဲ့ သီလဝါကိုအာရုံပြောင်းသွားကြပါပြီ။ ဂျပန် ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူတွေဟာ သီလဝါနဲ့ရန်ကုန်အနီးတဝိုက်မှာ နေရာရှာနေကြပါပြီ"ဟု ၎င်းကရှင်းလင်းပြောဆိုသည်။

ချောင်ဘူရီပြည်နယ် လမ်ချာဘန် ရေနက်ဆိပ်ကမ်းဒုတိယအဆင့် အကောင်အထည်ဖော်သူ ဟောင်ကောင် Hutchison ကုမ္ပဏီက စီမံခန့်ခွဲ နေသော ဆိပ်ကမ်းနှင့်အတူ သီလဝါဒေသသည် ချက်ခြင်းလက်ငင်းရင်းနှီးမြှုပ်နှံသူများအတွက် အဆင်သင့်ဖြစ်နေပါသည်။

ထားဝယ်တွင် စက်မှုလုပ်ငန်းများစွာ မရှိပါက ပို့ဆောင်စရာကုန်ပစ္စည်း လုံလုံလောက်လောက် ရှိမည်မဟုတ်သောကြောင့် Mitsui နှင့် NYK ကဲ့သို့သော သဘောင်္လိုင်းများက ထားဝယ်ဆိပ်ကမ်းသို့ပြေးဆွဲရန် လိုလားမည်မဟုတ်ဟု တာနစ်ဆိုရတ်က ဆိုပါသည်။

မစ္စတာတာနစ်က ထိုင်းနိုင်ငံ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် စက်မှုဇုံအာဏာပိုင်အဖွဲ့တို့အား ထားဝယ်တွင် အခြေခံအဆောက်အဦးစနစ် ရင်းနှီးမြှုပ်နှံရေးတွင် ဦးဆောင်ကြရန် တိုက်တွန်းထားသည်။

“ထားဝယ်မှာ အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံတာဟာ ပထမ ၃ နှစ်က ၅ နှစ်အထိ အရှုံးပေါ်တာကို ခံနိုင်ဖို့လိုပါတယ်”ဟု တာနစ်က ဆိုသည်။

ထိုအတောအတွင်း သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ပြန်ပြင်ရန် ပြန်ပို့ထားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ပူပန် ကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ထုတ်ဖော်ပြောဆိုထားသည်။

၎င်းအဆိုပြု ဥပဒေမူကြမ်းတွင် နိုင်ငံကုမ္ပဏီများအတွက် ရှယ်ယာထည့်ဝင်ခွင့်ကို ၅၀% အထိသာ ခွင့်ပြုထားသည်။ ၁၉၈၈ ကတည်းကစ၍ ယခုတိုင် သုံးစွဲနေသော လက်ရှိဥပဒေတွင် နိုင်ငံခြားသားပိုင်ဆိုင်မှုကို ၁၀၀% ခွင့်ပြုထားသည်။

"နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့်ဂျပန်နဲ့ ဥရောပကုမ္မဏီတွေက အဆိုပြုဥပဒေသစ်ဟာ လက်ရှိသုံးနေတဲ့ ဥပဒေလောက် မပျော့ပြောင်းဘူးလို့ ရှုမြင်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကအန္တရာယ်များနေသေးတယ်လို့ ယူဆသွားနိုင်ပါတယ်"ဟု တာနစ်က သုံးသပ်ပြောကြားသည်။

နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုစည်းကမ်းများကို မလိုက်နာတော့ပါက မြန်မာပါတနာကုမ္ပဏီထံ လက်လွှဲရောင်းချရန် ယခုအဆိုပြု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်ဟုလည်း V Ventis ဥပဒေအတိုင်ပင်ခံလုပ်ငန်းမှ အကြီးအကဲ တန်ဗာမာဟီတီဗာနစ်ချာ က ပြောကြားသည်။

"နိုင်ငံခြားကုမ္ပဏီအနေနဲ့ သူပိုင်ဆိုင်တဲ့ရှယ်ယာလွှဲပြောင်းဖို့ ဖိအားပေးခံရချိန်မျိုးမှာ ဝယ်မယ့်ပြည်တွင်းလုပ်ငန်းရှင်မရှိဘူးဆိုရင် ဘယ်လို လုပ်မလဲ၊ ဘာတွေဖြစ်လာမှာလဲ"ဟု မစ္စတာတန်ဗာက မေးခွန်းထုတ်လိုက်ပါသည်။  

--------------------------------------------------------------------------------------------------

နယ်စပ်ဖွင့်ထားရန် ဒက္ကားကို  UNHCR တိုက်တွန်း

(IRIN News မှ 29 October 2012 ရက်စွဲပါ “Bangladesh: UNHCR calls on Dhaka to open border” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ အကြမ်းဖက်အဓိကရုဏ်းကြောင့် ထွက်ပြေးလာကြသော ရိုဟင်ဂျာများအား နယ်စပ်ဖွင့်ပေးရန် ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ UNHCR က ဘင်္ဂလားဒေရှ့် နိုင်ငံကို တောင်းဆိုလိုက်သည်။

“ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းအားလုံးအတွက် ဥပဒေစိုးမိုးရေးနဲ့ လုံခြုံမှုပြန်ရတဲ့အထိ ဒီကိစ္စကိုလိုအပ်တယ်လို့ UNHCR ကဆက်လက် ယူဆထားပါတယ်။ ရခိုင်ပြည်နယ်ကလာတဲ့သူတွေကို အတင်းအကြပ် ပြန်မပို့သင့်ပါဘူး။ ဒါကြောင့် ဘေးကင်းတဲ့နေရာ လိုအပ်နေသူတွေအတွက် နယ်စပ်ဖွင့်ပေးထားဖို့ ဘင်္ဂလားဒေရှ့်အစိုးရကို ဆက်လက်မေတ္တာရပ်ခံသွားမှာ  ဖြစ်ပါတယ်”ဟုဒက္ကားမှ UNHCR အကြီးတန်းတာဝန်ခံ ဗီယာပက်ဂွီရိုက IRIN သတင်းဌာနသို့ ပြောကြားသည်။

မြန်မာဥပဒေများအရ ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုသလို၊ မွတ်ဆလင်အများစုနေထိုင်သော ဘင်္ဂလားဒေရှ့်နိုင်ငံကလည်း ရိုဟင်ဂျာများကို လက်ခံလိုခြင်းမရှိပေ။

လတ်တလော မြန်မာနိုင်ငံဖက်မှ အဓိကရုဏ်းကြောင့် ထွက်ပြေးလာသူ ရိုဟင်ဂျာများကို လက်သင့်မခံနိုင်တော့ဟု ဘင်္ဂလားဒေရှ့်နိုင်ငံက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားသည်။

 အိုးမဲ့အိမ်မဲ့အရေအတွက် မြင့်တတ်လာ

အောက်တိုဘာ ၂၁ နောက်ပိုင်းထပ်မံဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် ဒေသခံ ၂၈၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အောက်တိုဘာ ၂၉ တွင် မြန်မာအစိုးရက ခန့်မှန်းသတင်းထုတ်ပြန်ထားသည်။ အနည်းဆုံး ၇၆ ဦးသေဆုံးကာ အိမ်ခြေ ၄၆၀၀ ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု ကုလသမဂ္ဂကလည်း သတင်းထုတ်ပြန်သည်။

ယခုတစ်ကြိမ် အဓိကရုဏ်းသည် ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲ၊ ရသေ့တောင်မြို့ များသို့  ပြန့်နှံ့သွားခဲ့သည်။

လတ်တလောတွင် ဒုက္ခသည်အများစုကို စစ်တွေမြို့ရှိ ရုံပြည့်ရုံလျှံ ဒုက္ခသည်စခန်း  ၉ ခုတွင် နေရာချပေးထားသည်ဟု သိရှိရသည်။

 နယ်စပ်ပိတ်ထား

ယခုအခါ မြန်မာနယ်စပ်အဦး စစ်တကောင်းပြည်နယ်ရှိ ဘူတူပလောင်နှင့် နာယာပရာဒုက္ခသည်စခန်းနှစ်ခုမှ တရားဝင်မှတ်ပုံတင်ဒုက္ခသည် ၃၀၀၀၀ အပါအဝင် ရိုဟင်ဂျာ ၃ သိန်းနီးပါးခန့် ဘင်္ဂလားဒေရှ့်နိုင်ငံဖက်တွင် နေထိုင်လျက်ရှိသည်ဟု UNHCR က ဆိုသည်။

UNHCR သည် ၁၉၉၂ နှစ်လယ်နောက်ပိုင်း ထပ်မံရောက်ရှိလာသော ရိုဟင်ဂျာများကို မှတ်ပုံတင်ပေးခွင့်မရတော့ပေ။ ရိုဟင်ဂျာအများစုမှာ ကော့ဘဇားဒေသတစ်ဝိုက်မြို့များ ကျေးရွာများတွင်နေထိုင်ကြသည်။ UNHCR အနေဖြင့် တရားဝင်မှတ်ပုံတင်ထားသော ဒုက္ခသည်များကိုသာ ကူညီပေးခွင့်ရှိသောကြောင့် ကျန်ရိုဟင်ဂျာများမှာ အထောက်အပံ့မရ နိုင်ကြပေ။

UNHCR သည် ရခိုင်ပြည်နယ်ဖက်မှ ထွက်ပြေးလာသူများ၏ အခြေအနေကိုလေ့လာရန် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်သို့ သွားရောက်ခွင့်မရပါ။ ထို့အပြင် ဘင်္ဂလားဒေရှ့်အစိုးရ၏ “နယ်စပ်ပိတ်ထား” မူဝါဒမှာလည်း အကြုံးဝင်သက်ရောက်နေဆဲ ဖြစ်သည်။

UNHCR အရပ်ဖက် အဖွဲ့အစည်းများနှင့် သံတမန်အသိုင်းအဝိုင်းတို့က အကြိမ်ကြိမ် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော်လည်း ရိုဟင်ဂျာများ ဒလဟော စီးဝင်လာမည်ကို စိုးရိမ်နေသော ဘင်္ဂလားဒေရှ့်အစိုးရက ယင်း၏ နယ်စပ်ကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်စပ်ဖြတ်ကူးရန် ကြိုးစားသူများမှာ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးပြန်ပို့ခြင်းကို ခံကြရသည်။ သို့သော် ရောက်ရှိ လာသူနှင့် ပြန်ပို့ခံရသူများ၏ တိကျသော အရေအတွက်ကို မသိရပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံသည် ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ ညီလာခံနှင့် ၁၉၆၇ ပဋိဥာဉ်စာတမ်းတို့ကို လက်မှတ်ထိုးထားခြင်း မရှိပါ။

လက်ရှိလူသားခြင်း စာနာမှုအခြေအနေကို ဖြေရှင်းရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေရှ့်နှင့် မြန်မာ နှစ်နိုင်ငံအစိုးရများ ပြည်သူများကို ကာကွယ် ပေးရန် ကူညီပေးရန် UNHCRက အဆင်သင့်ရှိကြောင်း ထပ်လောင်းပြောကြားလိုသည်ဟု ဒက္ကားမှ UNHCR တာဝန်ခံ ပက်ဂွီရိုက ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး အုပ်စုများ သွားရောက်ခွင့်ရလို

(UPIသတင်းမှ  30 October 2012 ရက်စွဲပါ “Rights gropus want access to Rakhine state” သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်မှ အကြမ်းဖက်အဓိကရုဏ်းအကြောင်း ဦးဦးဖျားဖျားတွေ့ထိသိရှိနိုင်ဖို့ မြန်မာနိုင်ငံသို့ သွားကြရန် နိုင်ငံတကာလေ့လာစောင့်ကြည့် သူများကို တောင်းဆိုထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများက ပြောကြားသည်။

ရခိုင်ဒေသတွင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များ အကြား ထပ်မံဖြစ်ပွားသော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၇၆ ဦးသေဆုံးကာ၊ နေအိမ်ထောင်ပေါင်းများစွာနှင့် အဆောက်အဦးများပျက်စီးသွားပြီး၊ အရေအတွက် သောင်းနှင့်ချီကာ ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်ဟု လူသားခြင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး ကုလသမဂ္ဂရုံးက ခန့်မှန်းထားသည်။

“အပြစ်မဲ့အရပ်သားတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတာ ရပ်ဆိုင်းသွားအောင် အဲဒီမှာဘာတွေအမှန်တကယ် ဖြစ်နေသလဲဆိုတာကို လာရောက်လေ့လာစောင့်ကြည့်ကြဖို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကို ကျွန်တော်တို့မေတ္တာရပ်ခံနေပါတယ်”ဟု  ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့ အတွင်းရေးမှူး မိုဟာမက်နော်ဆင်က ကုလသမဂ္ဂလူသားခြင်းစာနာမှုဆိုင်ရာ သတင်းအေဂျင်စီ IRIN သို့ ပြောကြားခဲ့သည်။

မြန်မာအစိုးရအာဘော် New Light of Myanmar သတင်းစာတွင်မူ ရခိုင်ပြည်နယ် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းနှင့် အကြမ်းဖက် မှုများနှင့်ပတ်သက်သူ အနည်းဆုံး ၅၀၀၀ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းဖော်ပြထားသည်။

Human Rights Watch ၏အာရှဆိုင်ရာ ဒုတိယဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ရခိုင်ဒေသသို့ နိုင်ငံတကာအဖွဲ့အစည်းများ ၂၄ နာရီပတ်လုံး အကန့်အသတ်မရှိ သွားရောက်နိုင်ခွင့် ရှိသင့်သည်ဟု ပြောကြားလိုက်သည်။

ယခု အကြမ်းဖက်အဓိကရုဏ်းဖြစ်စဉ်တွင် မွတ်ဆလင်များနေထိုင်သော ကျောက်ဖြူ မြို့နယ် ကမ်းခြေရွာတစ်ခု မီးလောင်ပျက်စီးသွားသည်ဟု Human Rights Watch ကဂြိုလ်တုဓါတ်ပုံ အထောက်အထားဖြင့် တင်ပြထားသည်။

ယခုဖြစ်စဉ်သည် ရိုဟင်ဂျာများက နိုင်ငံတကာအာရုံစိုက်အောင် ကြိုးစားမှုနှင့် တပ်မတော်က ၎င်း၏ role ကိုတင်ရန် ကြိုးစားမှုတို့အကြားတွင် ရခိုင်တို့ ကြားညှပ်ကာ မြေစာပင်ဖြစ်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ အကဲခတ်သမားများက မှတ်ချက်ပေးထားသည်။

 *****************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment