Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ရခိုင်ပြည်နယ်အတွင်းရှိဒေသခံများ သုံးရက်အတွင်း နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ လက်နက်အပ်နှံရန် ကြေညာချက် ထုတ်ပြန်

နိုင်ငံရေးသတင်း

  1. ဥပဒေသုံးခု ရုတ်သိမ်းကြောင်း ပြဋ္ဌာန်း
  2. နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံမည်
  3. ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်ခွင့်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ရခိုင်ပြည်နယ်အတွင်းရှိဒေသခံများ သုံးရက်အတွင်း နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ လက်နက်အပ်နှံရန် ကြေညာ ချက်ထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်းရှိ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်သူများ(၃)ရက်အတွင်း လက်နက်များကို နီးစပ်ရာလုံခြုံရေးအဖွဲ့များထံ အပ်နှံကြရန် နိုဝင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် အောက်တိုဘာ ၂၁ ရက်မှစတင်၍ ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့တွင်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် ခဲ့ပြီး သေဆုံသူများနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိသည့်အတွက် သက်ဆိုင်ရာအာဏာပိုင်များမှ အရေးယူထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့်  ရခိုင်ပြည်နယ်အတွင်းလူမျိုးရေးပဋိပက္ခများ အဆုံးသတ်နိုင်စေရေးအတွက် တည်ငြိမ်အေးချမ်းမှုနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများအပေါ် အကြမ်းဖက်သူများက နည်းလမ်းမျိုးစုံဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

အချို့မြို့နယ်များတွင်လည်း လူအုပ်စုဖွဲ့ကာ ဓား၊ လှံ၊ တူမီးသေနတ်များ ကိုင်ဆောင်၍ လုယက်ဆူပူ အကြမ်းဖက်မှုများပြုလုပ်၍ ပဋိပက္ခကို အခြေအနေ ပိုမိုဆိုးရွားလာစေရန် ဖန်တီးခဲ့သည့်အတွက် အရေးယူမှုများပြုလုပ်ခဲ့ကြသည်။ ထို့အပြင် အကြမ်းဖက်မှုများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ပစ္စည်းများကိုလည်း နီးစပ်ရာရဲစခန်း၊ လုံခြုံရေးအဖွဲ့များထံ (၃) ရက်အတွင်း အမြန်ဆုံးအပ်နှံကြရန် ထုတ်ပြန်ကြေညာခဲ့ သည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း အောက်တိုဘာလ ၂၁ ရက်နေ့မှစတင်၍ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသူနှင့် ကျေးရွာစွန့်ခွာ၍ ထွက်ပြေးလာသူ သောင်းဂဏန်းအထိရှိပြီး ယင်းဒုက္ခသည်များဝင်ရောက်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်များကိုဖွင့်ထားပေးရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီးရုံး(UNHCR)မှ ဘင်္ဂလားဒေ့ရှ်အစိုးရထံ တောင်းဆိုခဲ့သည်။

YC

  ******************************

နိုင်ငံရေးသတင်း

ဥပဒေသုံးခု ရုတ်သိမ်းကြောင်း ပြဋ္ဌာန်း

ပြည်ထောင်စုလွှတ်တော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ၁၉၆၄ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ဥပဒေတစ်ခု၊ ၁၈၈၅ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့သည့် ဥပဒေတစ်ခုနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ဥပဒေတစ်ခုတို့အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၁၈ ဖြင့် ၁၉၆၄ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းကော်ပိုရေးရှင်းဥပဒေအားလည်းကောင်း၊ ဥပဒေအမှတ် ၁၉ ဖြင့် မြေသိမ်း(သတ္တုတွင်းများ) အက်ဥပဒေအားလည်းကောင်း၊ ဥပဒေအမှတ် ၂၀ ဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေတို့အား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်းခဲ့သည်။

                YC

 --------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ ဒုတိယအကြိမ်တွေ့ဆုံမည်

လာမည့် ၂၀၁၃ ဖေဖော်ဝါရီလအတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး(၂၉)ဦး တို့မှာ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းရင်းသားရေးရာဝန်ကြီးတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ပထမအကြိမ်တွေ့ဆုံစဉ်က တစ်နှစ်တစ်ကြိမ်တွေ့ဆုံရန် အစီအစဉ်ရှိခဲ့ကြောင်းနှင့် ယခု ဒုတိယအကြိမ် တွေ့ဆုံမှုကို ပြည်ထောင်စုနေ့မတိုင်ခင် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံဆွေးနွေးပွဲ၌ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများပါဝင်ရန်၊ နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တစ်နှစ် နှစ်ကြိမ်တွေ့ဆုံ ရန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

                              YC

 --------------------------------------------------------------------------------------------

ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကိုင်ခွင့်ပြု

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဆိုင်ရာကဏ္ဍအသီးသီးကို လုပ်ကိုင်ခွင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင်ပါရှိသည့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ သယ်ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ အကျိုးအမြတ် ပိုမိုရရှိလာနိုင်စေရန် ကုန်းတွင်း၊ ကမ်းဝေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနမှယင်းလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများနှင့် အင်ဂျင်နီယာ လုပ်ငန်းများကို အဖွဲ့တစ်ခုဖွဲ့စည်း၍ဆောင်ရွက်သွားနိုင်ရန်ပြင်ဆင်လျက်ရှိသည်။ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းကိုလည်း ကမ်းလွန်ရေနံရှာဖွေရေးကုမ္ပဏီလီမီတက်အဖြစ် အသွင်ပြောင်းလဲဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများလုပ်ကိုင်ရာတွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာမှ ရေနံကုမ္ပဏီများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ ပြည်ပသို့တင်ပို့ရောင်းချမှုများမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံထိရောက်ရှိခဲ့သည်။ ယခုအခါ ကမ္ဘာပေါ်တွင် အင်္ဂလန်-ဒတ်ခ်ျ နိုင်ငံတကာရေနံကုမ္ပဏီကြီး Shell မှ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျုပ်တို့ညောင်ဝန်းရွာကတောင်သူတွေ အားကိုးတကြီးစောင့်မျှော်နေပါတယ်လို့ အသနားခံချင်ပါတယ်။ အစိုးရအဖွဲ့တွေအပြင် တောင်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လိုလိုလားလားနဲ့ ကိုယ်ကျိုးမဖက် ကာကွယ်ပေးနိုင်မယ့် နိုင်ငံရေးအဖွဲ့ အစည်းတွေ၊ နိုင်ငံရေးပါတီတွေ ကူညီမှုတွေကိုလည်း စောင့်မျှော်နေပါတယ်ဗျာ”

အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ(၁)၊ အမှတ် (၃၃) တွင်ပါရှိသော “ကျေးရွာအုပ်ချုပ် ရေးမှူးများ ဒေသခံတောင်သူများ၏ အကျိုးခံစားခွင့်အပေါ် ကာကွယ်ပေးမှုနည်းပါး၍ ဒေသခံများဒုက္ခတွေ့နေကြရ၊ တောင်သူများ၏ နစ်နာမှုများကို လိုလိုလားလားကူညီပေးနိုင်သော အဖွဲ့အစည်းများ၊ ပါတီများ၏ အကူအညီကိုမျှော်လင့်နေ” သတင်းမှ လယ်သမားဦးမှူး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“လွှတ်တော်မှာ ဆုံးဖြတ်မယ်ဆိုတာ အစိုးရရဲ့ လမ်းပြမြေပုံပဲ ကျွန်တော်တို့က လွှတ်တော်ပြင်ပမှပဲ အပြီးသတ်လုပ်ချင်တယ်၊ သဘောတူညီမှုရသည်အထိ  အပြင်မှာပဲဆွေးနွေးမယ်၊ နောက်ပြီး နိုင်ငံတကာက စောင့်ကြည့်တာ လိုချင်တယ်”

နိုဝင်ဘာလ ၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၁) တွင်ပါရှိသော “နိုင်ငံရေးဆွေးနွေးပွဲ လွှတ်တော်ပြင်ပမှာ အပြီးသတ်ဆွေးနွေးစေချင်” သတင်းမှ ကေအိုင်အေဒုတိယ ဥက္ကဠဟောင်းဒေါက်တာတူးဂျား၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------

“အခုခေတ်မှာက ဘာအောင်လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ရနေပြီ။ ဘွဲ့မရတဲ့သူ တစ်ယောက်ကလည်း လိုချင်တဲ့ဘွဲ့ကိုအတုလုပ်လို့ရတယ်။ ဒီတော့လုပ်ငန်းရှင်တွေက ကိုယ့်အလုပ်နဲ့တစ်ကယ်အကျွမ်းတဝင် ဖြစ်နိုင်တဲ့သူကို ရွေးချယ်ခန့်နိုင်ဖို့လိုတယ်။”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် Popular News Journal အတွဲ (၄) အမှတ် (၄၃) တွင်ပါရှိသော “အလုပ်အကိုင်အခွင့်အလမ်း နှင့်ခြေလွတ်လက်လွတ်အိမ်မက်များ”သတင်းမှ လက်ရှိတွင်အချိုရည်နှင့်စားသောက်ကုန်ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခု၌  မန်နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment